RSS

Friday 22 January 2010

ကာရန်လှလှ စနစ်ကျကျ မြန်မာကဗျာကောင်းတပုဒ်ဖန်တီးနိုင်စေဖို့ရာ(၁)




မြန်မာကဗျာတွေကို ရေးသာရေးနေရသော်လည်း ဆရာမပြ နည်းမကျ ဆိုသလို ကာရန်ညီသော မြန်မာကဗျာကောင်းတပုဒ်ကို ရဖို့ရာ စာရေးသူမှာ မတတ်သာခဲ့ပါ..။အမှန်ပြောရရင် -စာရေးသူ တတိယတန်းနှစ်ကတည်းက ကိုယ်ပိုင်ကဗျာလေးတွေ စရေးခဲ့သည်လေ..။ကဗျာပြိုင်ပွဲတွေလည်း ၀င်ခဲ့သည်။သို့သော်နည်းလမ်းမကျပုံစံမ၀င်တော့ကာရန်မဲ့သော ကဗျာလေးများသာဖြစ်ခဲ့သည်။သတ္ကမတန်းရောက်မှ မြန်မာစာဆရာမ ဒေါ်ဝင်းမြင့်သန်းက ကိုယ်တိုင်ရေးကဗျာလေးတွေ ဖန်တီးနိုင်ဖို့ နည်းလမ်းပေးသည်လေ…။အစလေးလုံး-အလယ်သုံး-အဆုံးငါးခုနစ်-လေးလုံးစပ်သံပေါက်ကဗျာစပ်နည်းကို အခြေခံရတော့ ကဗျာတွေ အရင်ကထက် ပိုစပ်လာနိုင်ခဲ့သည်..။ နောက်ပိုင်းတွင် အရင်ခေတ်စိတ်ကြိုက်မြန်မာစာစာအုပ်တစ်အုပ်ထဲတွင် အခြေခံ မြန်မာကဗျာစပ်နည်းလေးတွေကို အသေးစိတ်ဖတ်ခဲ့ရသည်လေ..။ယခုအခါတွင်လည်း အင်တာနက်စာမျက်နှာပေါ်တွင်လည်း မြန်မာကဗျာစပ်နည်းနှင့်ပတ်သက်သော အခြေခံအချက်လက်များကို အသေးစိတ်စုစည်းတင်ပြထားကြတာကို တွေ့ရသဖြင့် မြန်မာကဗျာရေးချင်-လေ့လာချင်တဲ့သူတွေအတွက် အလွန်ပင် အဆင်ပြေပါတယ်။ “ ငွေတစ်ပဲနှင့်ငါးကြင်းခေါင်းကိုင်” တယ်ပဲဆိုစေတော့- စာရေးသူစုဆောင်းဖတ်ရှုရသမျှ ကဗျာရေးနည်းစာအုပ်နှင့် ကဗျာရေးနည်းကို အသေးစိတ်စုဆောင်း ရေးသားပြုစုတင်ပြထားသော အင်တာနက်စာမျက်နှာများကိုမှီးလျက် -ကဗျာချစ်တဲ့ ညီအကိုမောင်နှမအားလုံး အတွက် နည်းမှီရေးသားနိုင်ရန်နှင့် ကာရန်ညီသော(ကာရန်ရှိသော ကဗျာလှလှလေးတွေ)ဖန်တီးနိုင်ဖို့ရာ-ဟိုတစ-ဒီတစ မှီငြမ်း စုဆောင်းတင်ပြလိုက်ခြင်းသာဖြစ်ပါတယ်..။( မည်သည့် အကျိုးစီးပွားအတွက်မျှမရည်ရွယ်ပါ..။မြန်မာကဗျာကိုချစ်မြတ်နိုးခံစားရေးဖွဲ့နိုင်ရန်နှင့် ရေးနည်းစနစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းရေးဖွဲ့နိုင်ရန်သာ……။)

မြန်မာကဗျာ အဖွင့်
ကဗျာဆိုတာ ပညာရှိတို့၏ပစ္စည်းဥစ္စာ လို့ဆိုပါတယ်။ စာဆိုက၀ိတွေဟာ သူတို့စိတ်မှာ ထိတွေ့ခံစားရတဲ့ ခံစားချက်တွေကို တခြားသူတွေဆီ ကဗျာလင်္ကာတွေနဲ့ ကူးစက်ထိတွေ့ ခံစားစေတတ်ပါတယ်။ ဒီတော့ ကဗျာလင်္ကာ ဆိုတာဘာလဲ ဆိုတာကြည့်ကြရအောင်။

ကဗျာလင်္ကာဆိုတာ လူတွေ နေ့စဉ်ပြောဆိုသုံးစွဲနေတဲ့ သာမန်စကားတွေကို တေးဂီတပမာ ပြေပြစ်ချောမောစွာနဲ့ ချိုသာငြိမ့်ငြောင်းအောင် ရေးဖွဲ့သီကုံးထားတဲ့ စာဖြစ်ပါတယ်။ တေးဂီတပမာဖွဲ့သီ ထားသော စာပန်းကုံးများလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် 'ဒေါသ' မှ ကင်းလွတ် ရပါမယ်၊ 'ဂုဏ်' မြောက်ရပါမယ် (မြန်မာစာပေမှာ ဒေါသ နဲ့ ဂုဏ် ဆိုတာကို နောက်ပိုင်း သီးခြားဆက်ဆွေးနွေးပါ့မယ်)။ အဲဒီလို ပြည့်စုံအောင်ဖွဲ့ဆိုထားသမျှ စာတွေကို သက္ကဋဘာသာ၊ မာဂဓ (ပါဠိ) ဘာသာတွေမှာ 'ဂါထာ' လို့ ခေါ်ပြီး မြန်မာဘာသာမှာတော့ လင်္ကာသီချင်းတွေကို ကဗျာလင်္ကာ လို့ ခေါ်ပါတယ်။
ကဗျာလင်္ကာဆိုတာ တေးဂီတကနေ စတင်အခြေတည်ခဲ့တယ်လို့ယူဆကြပါတယ်။ ကမ္ဘာကြီးမှာ သာယာသံ ဆိတ်သုဉ်းခြင်း မည်သည့်အခါကမျှ မရှိခဲ့လို့ ဆိုကြပါတယ်။ ရေလှိုင်းခတ်သံ၊ လျှပ်စစ်ပြက် မိုးကြိုးထစ်သံ၊ သစ်ရွက်လေးတွေ လေတိုးသံ၊ ကျေးငှက်တိရစ္ဆာန်တို့ အော်မြည် ရင့်ကျူးသံ စတဲ့အသံတွေဟာ သဘာဝရဲ့ ဂီတသံတွေ ဖြစ်ပါတယ်။ ဒီအသံကို လူတွေသတိပြုမိ၊ အာရုံပြုမိရာက လိုက်တုပြီး အသံထွက်ကြရင်းနဲ့ ဂီတဆိုတာ ဖြစ်လာခဲ့ပါတယ်။ ဒီ ဂီတ ကနေ ဂီတသံနှောတဲ့စကားလုံးတွေကို စကားပြောရာမှာသုံးရင်းက ကဗျာလင်္ကာ စတင်သန္ဓေတည် ခဲ့တယ် လို့မှတ်သားဘူးပါတယ်။ အဲဒီကနေ စာပေအက္ခရာပေါ်ပေါက်လာတော့မှ ကဗျာလင်္ကာ တွေ ရေးသားလာကြပါတယ်။
ဂီတ၊ ကဗျာ၊ လင်္ကာ နှင့် သီချင်း
ဒီတော့ မြန်မာကဗျာ ဆိုတဲ့ အရာရဲ့ အရင်းအမြစ်ကို အရင်လိုက်ကြည့်မယ်ဆိုရင် ဂီတ၊ ကဗျာ၊ လင်္ကာနှင့် သီချင်း ဆိုပြီး စတင်တွေ့ရှိရပါလိမ့်မယ်။
အဲဒီ ဂီတ၊ ကဗျာ၊ လင်္ကာနှင့် သီချင်းတို့အကြောင်းကို မပြောခင် အဖွဲ့အကြောင်းကို အနည်းငယ် ပြောမှဖြစ်ပါလိမ့်မယ်။ ဂီတ၊ ကဗျာ၊ လင်္ကာ၊ သီချင်း လေးမျိုးလုံးကို 'အဖွဲ့' လို့ခေါ်ပါတယ်။ အကြောင်းအရာ တွေကို သီကုံးဖွဲ့နွဲ့ထားတာပါ။
အဖွဲ့
အဖွဲ့ကို ပါဠိလိုတော့ 'ဗန္ဓ' လို့ခေါ်ပါတယ်။ ရေးသားသီကုံးဖွဲ့နွဲ့ထားတဲ့စာမှန်သမျှဟာ ဗန္ဓ ဖြစ်ပါတယ်။ အဲဒီ အဖွဲ့ကမှ 'ပဇ္ဇ' လို့ခေါ်တဲ့ 'ကဗျာ'၊ 'ဂဇ္ဇ' လို့ခေါ်တဲ့ 'စကားပြေ' နဲ့ '၀ိမိဿ' လို့ခေါ်တဲ့ 'နှစ်ထွေရော' (ကဗျာရော စကားပြေပါ ရောပြီးရေးထားတဲ့အဖွဲ့ - ပြဇာတ် လို့ခေါ်ရင်အဆင်ပြေနိုင်ပါတယ်) ရယ်လို့ ခွဲထွက်လာပါတယ် ဆိုပြီး ဦးသော်ဇင်ရဲ့ ကဗျာ့လမ်းညွှန်စာအုပ်ထဲမှာ ဆိုထားပါတယ်။ အဲဒီ 'ပဇ္ဇ' လို့ခေါ်တဲ့ 'ကဗျာ' ပင်မကိုင်းကြီး ကနေမှ 'ဂီတ' နဲ့ 'လင်္ကာ' ဆိုပြီး ကိုင်းသွယ်နှစ်ခု ထပ်မံခွဲထွက်လာပါ တယ်။ အောက်ကပုံစံကို ကြည့်ပါ။

အဖွဲ့ ဆိုရာမှာ ကဗျာ၊ သီချင်း အမျိုးအစားတစ်မျိုးထဲမှာပဲ အကြောင်းအရာအမျိုးမျိုးကို ဖွဲ့ဆိုကြရာမှာ မယ်ဖွဲ့ (မယ်ဘွဲ့)၊ မောင်ဖွဲ့၊ ဘုန်းတော်ဖွဲ့ စသဖြင့် ကွဲပြားပါတယ်။ ဒီအဖွဲ့တွေအကြောင်းကို ဓမ္မာစရိယဦးထွန်းရွှေ ရေးတဲ့ နန္ဒမာလိနီ ခေါ် ကဗျာစွယ်စုံကျမ်းကြီး ထဲမှာအခုလိုဖေါ်ပြထားပါတယ်။

(၁)မယ်ဖွဲ့ = မိန်းမတို့နှင့်စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်။

(၂)မောင်ဖွဲ့ = ယောက်ျားတို့နှင့်စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်။

(၃)ဘုန်းတော်ဖွဲ့ = ရတနာသုံးပါးနှင့် ဘုရင်၊ မင်းညီမင်းသားတို့၏ ဘုန်းတော်၊ ဂုဏ်တော်
တို့နှင့်စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်။

(၄)နိဗ္ဗိန္ဒဖွဲ့ =လောကကြီးမှ ငြီးငွေ့ခြင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ စသော လက္ခဏာရေးသုံးပါး နှင့်
စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်။

(၅)သံဝေဂဖွဲ့ =ဇာတိ၊ ဒုက္ခ စသည်တို့မှ ထိတ်လန့်ခြင်းနှင့်စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်။

(၆)တောဖွဲ့ =တောအကြောင်းနှင့်စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်။

(၇)တောင်ဖွဲ့ =တောင်အကြောင်းနှင့်စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်။

(၈)ပန်းဖွဲ့ =ပန်းအမျိုးမျိုးတို့နှင့်စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်။

(၉)သစ္စာထားဖွဲ့ = ယောကျာ်း၊ မိန်းမတို့၏ တယောက်နှင့်တယောက် အချစ်မေတ္တာ ခိုင်မြဲ
တည်ကြည်ခြင်းနှင့် စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်။

(၁၀)အမျှော်စိုက်ဖွဲ့ = တယောက်ကတယောက်ကို ရှုလို၊ မြင်လို၊ ဆက်ဆံလိုခြင်းနှင့် စပ်ဆိုင်သမျှ သော
စကားအဓိပ္ပါယ်။

(၁၁)မြှောက်ပင့်ဖွဲ့ = သူတပါးကို ချီးကျူး၊ မြှောက်ပင့် ထောမနာခြင်းနှင့် စပ်ဆိုင် သမျှသော စကား
အဓိပ္ပါယ်။

(၁၂)အလွမ်းဖွဲ့ = ရှင်ကွဲ၊ သေကွဲ ကွဲကြရ၍ တမ်းတလွမ်းဆွတ်ခြင်းနှင့် စပ်ဆိုင်သမျှသော စကား
အဓိပ္ပါယ်။

(၁၃)မိုးဖွဲ့ = မိုးရေ၊ မိုးပေါက်၊ မိုးတိမ် စသည်တို့နှင့် စပ်ဆိုင်သမျှသော စကား အဓိပ္ပါယ်။

(၁၄)ကိုယ်ရည်သွေးဖွဲ့ = အခါအခွင့်သင့်၍ မိမိ၏ဂုဏ်အစွမ်း၊ သတ္တိဗလတို့ကို မိမိကပင် ထုတ်ဖေါ်၍
ရေးသားခြင်းနှင့် စပ်ဆိုင်သမျှသော စကား အဓိပ္ပါယ်။

ဒီအဖွဲ့တွေကတော့ အသုံးများထင်ရှားတဲ့အဖွဲ့တွေဖြစ်ပါတယ်လို့ဆိုထားပါတယ်။ ဒါ့အပြင် အချစ်ဖွဲ့၊ အချော့ဖွဲ့၊ အညုဖွဲ့၊ အပူဖွဲ့၊ ဘုရားတိုင်ဖွဲ့၊ ကျေးစေဖွဲ့ စသဖြင့် အများအပြား ရှိသေးပေမယ့် ဒီလောက်ဆိုရင် ပုံစံယူပြီး သိသာ လောက်ပြီဖြစ်တဲ့အပြင် ဒါတွေဟာ မောင်ဖွဲ့၊ မယ်ဖွဲ့ တွေထဲမှာ အထိုက်အလျောက် ပြန်ပြီး အကြုံးဝင်တဲ့အတွက် သီးခြား မဖေါ်ပြတော့ပါ။
အဲဒီ မောင်ဖွဲ့၊ မယ်ဖွဲ့ စတဲ့ အဖွဲ့တစ်ခုစီမှာလဲ မောင်ဆို၊ မယ်ဆို၊ မောင်မယ်ဆို ဆိုပြီး သုံးမျိုးစီပြားပြန် ပါသတဲ့။ သဘောကတော့ ယောက်ျားအသုံးအနှုန်းတွေဖြစ်တဲ့ 'ဗျာ'၊ 'ကျနော်'၊ စသဖြင့်ပါရင် မောင်ဆို၊ မိန်းမအသုံးအနှုန်း 'ကျမ'၊ 'ရှင်' စသဖြင့် ပါရင် မယ်ဆို ပေါ့။ အဲဒီလိုမဟုတ်ဘဲ သာမန်စီကုံးသွားခဲ့ရင်တော့ ကျားမ မရွေး ဆိုနိုင်တဲ့အတွက် မောင်မယ်ဆို လို့ မှတ်ယူရပါမယ်။ ဒါပေမယ့် မောင်ဆို မို့လို့ ယောက်ျားလေးတွေသာ ဆိုရမယ်၊ မယ်ဆို ဖြစ်တဲ့အတွက် မိန်းကလေးတွေသာဆိုရမယ်လို့တော့ တင်းတင်းကျပ်ကျပ်သတ်မှတ် ထားတာ မဟုတ်ပါဘူး။ စာရေးသူက ဘယ်နေရာကနေ ခံစားပြီးရေးသလဲဆိုတာ သိသာရုံဖေါ်ပြထားကြောင်း မှတ်ယူရမယ်လို့ ဆိုပါတယ်။
ဒါလောက်ဆိုရင် အဖွဲ့တွေကို သိသာလောက်ပြီဖြစ်ပါတယ်။ အဲဒီအဖွဲ့အားလုံးကို ဂီတ၊ ကဗျာ၊ လင်္ကာ၊ သီချင်း ဆိုပြီး အမည်လေးမျိုးနဲ့ခေါ်ပါတယ်။
ဒီအထဲမှာ ဂီတ၊ ကဗျာ၊ လင်္ကာ ဆိုတာ ပါဠိဘာသာနဲ့ ခေါ်တာဖြစ်ပြီး သီချင်းဆိုတာကတော့ မြန်မာ ဘာသာနဲ့ခေါ်တဲ့ အမည်ဖြစ်ပါတယ်။ အဲဒီတော့ တစ်ခုခြင်းကို ကြည့်ရင် ...



(၁)ဂီတ
ရှည်သောအသံဖြင့်သီဆိုအပ်သော စကားအဖွဲ့သီချင်း လို့ အဓိပ္ပါယ်ရပါတယ်။ စည်း၊ ၀ါး စသော တူရိယာတို့ဖြင့် တီးမှုတ်သီဆိုရသော ကဗျာမျိုးကို ဂီတ ဟုခေါ်သည် ရယ်လို့ ဦးသော်ဇင်ရဲ့ ကဗျာ့လမ်းညွှန် စာအုပ်ထဲမှာ ဆိုထားပါတယ်။ ရှည်လျားသော အသံဖြင့်သီဆိုရသောသီချင်းလို့ ဆိုပါတယ်။ ဘယ်လောက်အထိရှည်ရမလဲဆိုရင် အချိန်ကာလအားဖြင့် သုံးမတြာထက် ကျော်လွန် ရှည်လျားပြီး စည်းဝါး အစရှိတဲ့ တူရိယာတွေနဲ့ သီဆိုရရင် ဂီတလို့ခေါ်ပါတယ်။ ('မတြာ' ဆိုတာ အသံရှိန်ကို တိုင်းတာတဲ့ မြန်မာယူနစ် (Dimensional unit) ဖြစ်ပါတယ်။ မျက်စိတမှိတ်၊ လျှပ်တပြက်၊ နွားနို့တညှစ်စာ ကာလကို တစ်မတြာ ကြာတယ်လို့ တိုင်းတာပါတယ်။)

ဂီတ (သီချင်း) အမျိုးအစားတွေကတော့ ...
ရကန်၊ ဟောစာ၊ သာချင်း၊ ကာချင်း၊ အဲချင်း၊ အိုင်ချင်း၊ လေးချိုး၊ သံချို၊ ယိုးဒယား၊ ပတ်ပျိုး၊ ကြိုး၊ ဘွဲ့ ၊ ဘောလယ်အရိုး၊ တေး - အရိုးအဆန်း၊ သဖြန် - အရိုးအဆန်း၊ ငိုချင်း - အရိုးအဆန်း၊ တုံးချင်း - အရိုးအဆန်း၊ ဟန်ချင်း - အရိုးအဆန်း၊ လှေချင်း - အရိုးအဆန်း၊ နတ်သံ၊ မှာတမ်း၊ ဇာတ်စာ ဆိုပြီး ၂၂ မျိုး ရှိပါတယ်။

(၂)လင်္ကာ (ကဗျာ)
လင်္ကာဟူသည် ပါဠိစကား အလင်္ကာရ ဖြစ်၍ တန်ဆာဆင်ခြင်း အနက်ရသည်။ မိန်းမပျိုကလေး တစ်ဦးအား ရိုးရိုးဝတ်စား ဆင်ယင်သည်ထက် ပုတီး၊ လက်ကောက်၊ ခြေကျင်း၊ နားဍောင်းများကို ဆင်ထားပါက ပိုမိုကြည့်၍ ကောင်းသကဲ့သို့ စာပေတွင်လည်း ရိုးရိုးစကားလုံးများကို နားထောင်၍ကောင်းအောင် သုတိသာယာသော စကားလုံးများဖြင့် ညှပ်ကာ ပုလဲတတန့် ရွဲ့တစ်ကန့် စပ်ဆိုဖွဲ့နွဲ့ထားခြင်း စသော သဒ္ဒါအဆင်တန်ဆာ၊ အနက်အဆင်တန်ဆာများဖြင့် တန်ဆာဆင်ထားလျှင် အထူးနှစ်သက်ဘွယ်ရာ ဖြစ်လာလေသည်။ ထိုစာပေကို အလင်္ကာ၊ လင်္ကာ ဟုခေါ်ဆိုသည်။ အလင်္ကာရ (နား၏တန်ဆာသဖွယ်ဖြစ်သော အသံကိုပြုတတ်သောသီချင်း) ဆိုသည့် စကားမှ ဆင်းသက် လာပါသည်။ အလင်္ကာရ ပုဒ်ရင်းမှ အစစာလုံး 'အ' နှင့် အဆုံးစာလုံး 'ရ' တို့ ကာလ ရွေ့လျောကြေပျောက်ရာကနေ လင်္ကာ ဆိုပြီး ခေါ်စမှတ်ပြုသည်ဟု ဆိုပါသည်။
လင်္ကာတွင် ပုဒ်ရေပေါင်း ဖွဲ့လိုသမျှ ဖွဲ့နိုင်သည်။ အဖျားချ တွင်လည်း စာလုံးရေ အကန့်အသတ် မရှိပေ။ ကဗျာ၊ လင်္ကာသည် ပုဂံခေတ်ကတည်းက ပေါ်ပေါက်ခဲ့သည်။ ပုပ္ပါးနတ်တောင်ဖွဲ့ လင်္ကာ၊ အနန္တသူရိယ လင်္ကာ၊ မြကန် လင်္ကာ တို့သည် ပုဂံခေတ်လက်ရာများ ဖြစ်သည်။ သို့သော် ကျောက်စာများပေါ်တွင် ကဗျာ၊ လင်္ကာများကို မတွေ့ရပေ။
လင်္ကာ (ကဗျာ) တွေကတော့ ...
လင်္ကာ၊ ပျို့ ၊ မော်ကွန်း၊ သံပိုင်း၊ သမိုင်း၊ ရဲတင်း၊ တမ်းချင်း၊ ဧချင်းသံတိုင်၊ ဧချင်းသံပေါက်၊ ရတု၊ လူးတား၊ အန်ချင်း၊ သံပေါက်၊ ၀ဲရိုက်ဝဲသွင်း ဆိုပြီး ၁၄ မျိုး သတ်မှတ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ နောက်ထပ်လည်း ...
တျာချင်း၊ တေးထပ်၊ တောလား၊ လွမ်းချင်း၊ မေတ္တာစာ၊ ဆိုတာတွေအပြင် ဆရာလယ်တီပဏ္ဍိတ ဦးမောင်ကြီးက ပါဠိဂါထာ တွေ ကနေ ထွင်ခဲ့တဲ့ ရှစ်လုံးဖွဲ့ကဗျာတွေနဲ့ ဆရာဇော်ဂျီတို့၊ ဆရာမင်းသုဝဏ်တို့ရဲ့ ခေတ်စမ်းကဗျာတွေ၊ ဆရာဒေါင်းနွယ်ဆွေရဲ့ကာရန်မဲ့ကဗျာနဲ့ အခု နောက်ဆုံး မော်ဒန်ကဗျာတွေအထိ ရှိပါတယ်။
(တချို့ကတော့ ရကန်၊ ဟောစာ၊ မေတ္တာစာ၊ မှာတမ်း တို့ဟာ ကဗျာနဲ့စကားပြေ နှစ်မျိုးရော နေလို့ '၀ိမိဿ' အမျိုးအစားထဲကို ထည့်ထားပါတယ်။)


(၃)ကဗျာ

စာရေးဆရာပညာရှိ၏ ဥစ္စာဖြစ်သော သီချင်း လို့ အဓိပ္ပါယ်ရပါတယ်။ (ဒီနေရာမှာ ပညာရှိ ဆိုတာ က၀ိ လို့ ခေါ်ပါတယ်။ က၀ိ ဆိုတဲ့ ပါဠိစကားကတော့ ကဗျာသီချင်း စပ်ဆိုသီကုံးတတ်သူ စာရေးဆရာ ပညာရှိ လို့ အဓိပ္ပါယ်ရပါတယ်။) မူလပုဒ်ရင်းက 'က၀ိ' ဖြစ်ပါတယ်။ က၀ိ ကနေမှ ကာဝေယျ၊ အဲဒီကနေ ကဗ္ဗ၊ ကာဗျ၊ ကဗျ ဆိုပြီးမှ မြန်မာဘာသာနဲ့ ကဗျာ ဆိုပြီးဖြစ်လာတယ်လို့ ဆိုပါတယ်။


(၄)သီချင်း

အကြောင်းချင်းတို့ကို သီဆိုသောကြောင့် သီချင်း မည်၏ ဟု ကဗျာသာရတသင်္ဂြိုဟ်ကျမ်း မှာ ဆိုထားပါတယ်။ ဒီကျမ်း အလိုအရ ဆိုရင်တော့ ချင်းသီ လို့ဆိုသင့်ပေမယ့် အက္ခရာရှေ့နောက်ပြန်တဲ့ နည်းအရ သီချင်းလို့ ဖြည့်စွက်ရေးသားတယ် လို့ဆိုပါတယ်။
ဒီတော့ အတိုချုပ်လိုက်ရင်
ဂီတ - ရှည်သောအသံဖြင့် သီဆိုအပ်သော စကားအဖွဲ့ သီချင်း
ကဗျာ - ပညာရှိ၏ ဥစ္စာဖြစ်သော သီချင်း
လင်္ကာ - အလင်္ကာရ - နား၏တန်ဆာသဖွယ်ဖြစ်သော အသံကိုပြုတတ်သော သီချင်း
သီချင်း - အကြောင်းချင်းတို့ ကို သီဆိုသောကြောင့် သီချင်း မည်၏။
ဒီ လေးမျိုးလုံးဟာ အမည်သာကွဲပြားပေမယ့် တရားကိုယ်သဘောအားဖြင့် အတူတူဘဲလို့လဲ ကဗျာစွယ်စုံ ကျမ်းထဲမှာ ဆိုထားပါတယ်။ ဒါပေမယ့် ရတုတွေလို လေးလုံးစပ်ကဗျာအသွားမျိုး၊ ကာရန်အထပ်ကြား ညှပ်ရေးထားတဲ့ စကားပြင်မျိုးကို လင်္ကာ လို့အခေါ်များပြီး ကာလပေါ်တီးလုံး၊ ပတ်ပျိုး၊ ယိုးဒယား စတာ တွေကိုတော့ သီချင်းလို့ အခေါ်များပါတယ် လို့လဲ ဆက်ပြောထားပါတယ်။


ဒီအထဲက လေ့လာမိသလောက် မြန်မာကဗျာလင်္ကာပုံစံတွေကိုလည်းတင်ပြပါ့မယ်။
ဒီတော့ ကဗျာလင်္ကာစပ်ပြီဆိုရင် -
(၁)အသံကာရန်၊
(၂)စပ်ပုံစပ်နည်း၊
(၃)အစချီပုံ၊
(၄)အဆုံးသတ်ချပုံ၊
(၅) အနက်အဓိပ္ပါယ် အစရှိတာတွေ အရေးကြီးလာပါတယ်။ ဒါပေမယ့် ကာရန်လေးတွေချိတ်မိရုံနဲ့ ပြီးသလား၊ ကဗျာဖြစ်ပြီလား ဆိုတော့ မဟုတ်ပါဘူး။ အနက်အဓိပ္ပါယ်လည်းအရေးကြီး ပါသေးတယ်။ ဒါ့အပြင် သဒ္ဒါလင်္ကာရ (အသံကောင်းမွန်မှန်ကန်ခြင်း)၊ အတ္တလင်္ကာရ (အနက် အဓိပ္ပါယ်ကောင်းမွန်မှန်ကန်ခြင်း) အစရှိတဲ့ တန်ဆာတွေလည်း ဆင်ရပါတယ်။ ဥပမာ အရင်တုန်းက စန္ဒာမဂ္ဂဇင်းမှာ ဆရာကြပ်ကလေးရေးထားတဲ့ ဟာသ၀တ္ထု တစ်ပုဒ်ထဲက ကဗျာရူးအဘိုးကြီးစပ်ထားတဲ့ တေးထပ်အပိုင်းအစလေးကိုကြည့်ပါ ....
“ မြတ်ပန်းဝေဆာလေမှာလွင့်
မေကညာခင့်ပြောင်သထက်ပြောင်
ဗေဒါတပွင့်အရောင်လက်သယောင်ငယ်
ပူတက်ဗျောင်နောင်ဗေပုံချမ်း
မြန်မြန်ပြေးခဲ့ ကလေးတို့ အမေရယ်
အေးလို့နေရင် ခြေသုတ်ဖျဉ်နဲ့လွှမ်း။ ။”

ကဲ .. ကောင်းရဲ့လား၊ ဘာမှအဓိပ္ပါယ်မရှိပါဘူး။ ဒါပေမယ့် မှန်သလားဆိုရင်တော့ မှန်ပါတယ်။ ထပ်ပြီးကြည့်ပါဦး။ မြ၀တီ website မှာ ဖေါ်ပြထားတဲ့ ဥပမာ မှာဆိုရင်လည်း .. ..
“တို့ ကျောင်း တောင်က စိန်ပန်းတော
အပျိုလေးတွေ လက်နဲ့ ခေါလို့ 
ရွှေမုဋ္ဌောတဲ့ တင်ကြရှာ။”

ကာရန်ကတော့ တော၊ ခေါ၊ ဋ္ဌော ဆိုပြီး မှန်ပါတယ်။ ဒါပေမယ့် 'လက်နဲ့ခေါ' ဆိုတာ ဘာမှ အဓိပ္ပါယ်မရှိပါဘူး။ ဒီတော့ အတ္တလင်္ကာရ မမြောက်ဘူး လို့ဆိုနိုင်ပါတယ်။
အဲဒီမှာပဲ အလွန်လှတဲ့ ကဗျာလေးတစ်ပုဒ် ထုတ်နှုတ်ဖေါ်ပြထားပါတယ်။ အောက်မှာကြည့်ပါ။
လနေအစွန်၊ မြမြေမွန်ဝယ်
လေသွန်ပင့်မှုတ်၊ ရွက်ရင့်ပြုတ်က
ကျေးနှုတ်ဖူးဆင့်၊ လွတ်ကျူးတင့်သည်
နူးခွင့်ခါမှီ၊ သရဖီလည်း
ရာသီသိဆုံး၊ စီဘိကုံးသို့ 
တောလုံးလျှမ်းမောက်၊ ပန်းပိတောက်မူ
နွမ်းခြောက်ကြွေရော်၊ မခြွေသော်လည်း
မြေပေါ်အတိ၊ ပုံလျက်ရှိ၏။

ဒီမှာ နဘေသဘောမျိုး ကာရန်တစ်ချက်တည်းမဟုတ်ပဲ နှစ်ချက်သုံးချက်မိအောင် ဆင့်စပ် ထားတာပါ (၀မ်းတွင်းကာရန်ပါညီအောင် စပ်ထားတယ်လို့ခေါ်ပါတယ်၊ အစပ် အဟပ် အကြောင်းမှာ အသေးစိတ်တင်ပြပါမယ်)။ အရောင်ခြယ်ပြထားပါတယ်။ ကာရန်ကတော့ အားလုံး 'လေးသုံးနှစ်' လို့ အလွယ်ခေါ်တဲ့ 'သတ်စေ့နှက်သုံးချက်ညီ' စပ်နည်းနဲ့ပဲယူထားတာပါ။ အဲဒီမှာမှ နဘေထပ်ဆင့်ပြီး နှစ်ချက်သုံးချက်ပြန်ထပ်ထားတာပါ။ (ပင်မကာရန်က စွန်၊ မွန်၊ သွန် ... အဲဒီမှာမှ လနေ၊ မြမြေ၊ နေအစွန်၊ မြေမွန်၊ လေသွန် ... ဒီလိုယူပါတယ်။ တစ်ခါ မှုတ်၊ ပြုတ်၊ နှုတ်၊ ဒီမှာ နဘေက ပင့်မှုတ် နဲ့ ရင့်ပြုတ်။ နောက်မှ ဆင့်၊ တင့်၊ခွင့်။ အဲဒီမှာထပ်ပြီး ဖူးဆင့်၊ ကျူးတင့်၊ နူးခွင့် နှစ်ချက်ဆင့်ပြီး ကာရန်ထပ်ပါတယ်။ ပြီးတော့ မှီ၊ ဖီ၊ သီ။ ပြီးရင် ဆုံး၊ ကုံး၊ လုံး။ အဲဒီမှာ သီဘိဆုံး၊ စီဘိကုံး သုံးချက်ဆင့် နဘေထပ်ကွန့်လိုက်ပါတယ်။ နောက်ထပ်ပြီး မောက်၊ တောက်၊ ခြောက်။ အဲဒီမှာလည်း လျှမ်းမောက်၊ ပန်းပိတောက်၊ နွမ်းခြောက် - နှစ်လုံးဆင့် နဘေ သုံးချက်ထပ်လိုက်ပါတယ်။ အဲဒါပြီးတော့ ရော်၊ သော်၊ ပေါ် - အဲဒီမူရင်းကာရန်ပေါ်မှာမှ ကြွေရော်၊ မခြွေသော်၊ မြေပေါ် ဆိုပြီး နှစ်ချက်ဆင့် ထပ်ကွန့် လိုက်တာပါ)
အနက်အဓိပ္ပါယ်ကတော့ ....
အခါရာသီအလျောက် လူကမချွေရဘဲနဲ့ အလိုလိုအပင်ထက်က နွမ်းခြောက်ကြွေကျလာတဲ့ သရဖီနဲ့ ပိတောက်ပွင့်တွေ မြေပြင်ပေါ်မှာ ပုံလျက်သားကျနေတာကို ဆိုလိုတာပါ။
ဒါတင်မကသေးပါဘူး။ အတ္တလင်္ကာရပြီးတော့ သဒ္ဒါလင်္ကာရ ကိုလည်း နဲနဲကြည့်ရအောင်။ ကဗျာကိုရေးတဲ့အခါ (အထူးသဖြင့် ရှေးကဗျာ အမျိုးအစားတွေမှာ) အသံရှိန် (မတြာ) ကိုလည်း သတိထားရပါတယ်။ ဒီဃသံ (သံရှည်)၊ ရဿ သံ (သံတို၊ သံပြတ်)၊ ဂရုသံ (လေးသောအသံ)၊ လဟုသံ (ပေါ့သောအသံ) တွေကိုလည်း Harmony ဖြစ်အောင် ထည့်သွင်းစပ်ဆိုတတ်ရမယ် လို့အဆိုရှိပါတယ်။ အသံအရှည်၊ အသံအလေး တွေဟာ ဆွဲငင်လို့ရတဲ့ အတွက် သနားစဖွယ်အဖြစ်တွေမှာ နူးညံ့သိမ်မွေ့တဲ့ အကြောင်းတွေမှာ စပ်ဆိုလေ့ရှိသလို၊ အသံတို၊ အသံပေါ့ တွေကိုတော့ ရဲရင့်တဲ့၊ ပြတ်သားတဲ့ အကြောင်းတွေရေးရင် သုံးလေ့ရှိပါတယ်။ အသံတွေအရေးကြီးတာကြောင့် ကဗျာကို စိတ်ထဲကဖတ်ရုံနဲ့ မလုံလောက်ပဲ အသံထွက်ဖတ်ဖို့  အမြဲတိုက်တွန်းပြောဆိုလေ့ရှိကြတာပါ။ နောက်ပြီး ဂရုသံ၊ လဟုသံ အသံအနေအထားမှားနေရင် ကာရန်စပ်ဟပ်ပုံမှန်ပေမယ့် ကဗျာကောင်းတစ်ပုဒ် ဖြစ်မလာနိုင်ပါဘူး။
အဲဒီတော့ မြန်မာကဗျာတွေရဲ့ အခြေခံတွေကို စပြီး လေ့လာကြပါစို့ရဲ့။


ကိုးကားချက်များ
(၁) ရှေးဟောင်း မြန်မာစာပေ သမိုင်း။
(၂) http://harrylwin.blogspot.com/2008/08/blog-post_27.html
(၃) http://maydar-wii.blogspot.com/2007/12/blog-post_08.html
(၄) http://pikay.myanmarbloggers.org/2008/11/blog-post.html
(အထက်ဖော်ပြချက်များသည် ကဗျာအခြေခံလေ့လာနေသူအတွက် အကျိုးရှိမည်ထင်ပါသဖြင့် ဖော်ပြပါ bloggers.post များမှရည်ညွှန်းဖော်ပြလိုက်ခြင်းဖြစ်ပါသည်။စုဆောင်းတင်ပြသင်ကြားပေးကြသော ၀ါသနာတူ ကဗျာဆရာများကို အထူးကျေးဇူးတင်ပါသည်။လိုအပ်သည်များ ပြင်ဆင်ဖတ်ရှုလက်ဆင့်ကမ်းသင်ကြားပေးပါရန်မေတ္တာရပ်ခံပါသည်။)
ရွှမ်းသိင်္ဃ(တနင်္သာရီ)

Friday 15 January 2010

ကလေးကဗျာမြစ်ထဲစီးမျော-ရွက်လွှင့်ခြင်း





ယနေ့အထိရှင်သန်နေထိုင်ရာနေ့ရက်များတွင် ကဗျာဟာ- စာရေးသူအတွက် မရှိမဖြစ် သစ္စာရှိသော သူငယ်ချင်းတယောက်လို့ တင်စားလျှင် မှားမည်မထင်ပါ။ ပျော်ရွှင်သည့်အချိန်-လွမ်းမောသည့်အချိန်-ရှူံးနိမ့်သည့်အချိန်-အောင်မြင်သည့်အချိန်-စသဖြင့် စာရေးသူနှင့်အတူ ယှဉ်တွဲနေတာက-ကဗျာပါပဲ…။ကဗျာဆန်တဲ့စိတ်ကူးစိတ်သန်းလေးတွေ လက်ဆောင်ထည့်ပေးလိုက်သော-အရာရာကို ရင်ဆိုင် ခံစားတတ်သောနှလုံးသားကိုလက်ဆောင်ပေးလိုက်တဲ့ အဖေနှင့်အမေကို အထူးကျေးဇူးတင်နေမိတာတော့အမှန်ပဲ။
ငယ်ငယ်ကဆိုရင် ကဗျာဆိုရင် -ဆရာမင်းသုဝဏ်ရဲ့ ကဗျာလေးတွေ ဖတ်ရင်း ပျော်ခဲ့ဖူးသည်။ခလေးကဗျာလေးတွေထဲ တခါတခေါက်လောက် စီးမျောကြည့်ရအောင်လားဗျ..။
စာရေးသူ-ငယ်ငယ်ကရွတ်ဆိုခဲ့ဖူးသောကဗျာလေးတွေအများကြီးရှိပါရဲ့..။
အမေဆွမ်းချက်ထတဲ့အချိန်-“ဆွမ်းချက်ထစို့ လူလေးရယ်…နာရီကြည့်ပါကွယ်-အာရုဏ်လင်းကြက် ..တွန်သံကျူး-ကြည့်ဖို့လိုပါဘူး။။။”-အချိန်ပြကဗျာလေးရယ်…။
နံနက်စောစောထရင် အမေကဆွမ်းချက် -အဖေက ဘုရားဝတ်ပြု-စာရေးသူက မမများနှင့်အတူ အိမ်သန့်ရှင်းရေး လုပ်-ရေခပ်-ပန်းခူးစသဖြင့် ကိုယ်စီအလုပ်တာဝန်ယူကြတာပေါ့…။
“မောင်လေးရေ..ထပါတော့
ရောင်နီလာလှပေါ့
တကျော့နှစ်ကျော့တေးကိုသီ
ငှက်ကြားနှုတ်ပလီ
တောင်ခြေနားက ခရေပန်း
ပင်အောက်ကြိုက်လို့လန်း
သွားကောက်ချေစို့ မောင်လေးရေ
ဘမ်းလေးယူခဲ့ ကွယ်
ပန်းသည်လုပ်ဖို့ တပြုံးပြုံး
ပန်းတွေတကုံးကုံး”ဆိုတဲ့ ပန်းကောက်ကဗျာလေးတွေ မောင်နှမ အတူ ရွတ်ဆိုရင်း ပန်းကောက်ကြသည်လေ။(ခြံဝန်းထဲ ခရေပန်းပင်မရှိပေမယ့် ၀န်းကျင်ပတ်ပတ်လည်လည် တွင်စိုက်ပျိုးထားတဲ့ ကလပ်စင်္ကြာပန်းဖြူလေးတွေကို ခူးရသည်ပေါ့)။



နောက်တပုဒ်က-
“ ကြာဖြူကြာနီကြာညိုနှောလို့
တို့လယ်တောမှာပွင့်ကြတယ်
ကောက်စိုက်အပြန်
ရေကန်ကြီးက ကြာတစည်းလောက်ချိုးခဲ့ကွယ်
ကြာပွင့်ကြာငုံထုံထုံမွှေးကို မလေးဘယ်လို ကုံးပါ့မယ်
ကြာရိုးကြာနွယ် ဘယ်ညာဆက်လို့ ရွှေကြာဆစ်ကြိုးဆွဲပါ့မယ်
ဆွဲပါ့မယ်….” ကောက်စိုက်အပြန် ခလေးကဗျာလေးကလည်း သံစဉ်သွင်း သီဆိုမိတိုင်း ငယ်စဉ်က မိသားစုမောင်နှမ-အတူနေဘ၀-ပျော်စရာခလေးဘ၀ကို ပြန်ပြီးမြင်ယောင်မိသည်လေ။

အခြေခံကျောင်းသားဘ၀နေစဉ်အတွင်း ကျောင်းမှ သင်ပေးသော ကဗျာလေးများကို လည်း-စာအုပ်လေးတွေနှင့် စုဆောင်းပြီး အားတဲ့ချိန်တွေမှာရွတ်ဆိုခဲ့သည်လေ..။ချစ်စရာကောင်းသောကျောင်းသားဘ၀ တာဝန်လေးနှင့် ဆရာမကိုနှုတ်ခွန်းဆက်တဲ့ကလေးကဗျာလေးတပုဒ်ကို အခုထိမှတ်မိနေသေးသည်..။
“ အ၀တ်အစားလဲလို့ ပြီးရင်ကွယ်…
လွယ်အိတ်ကိုလွယ်
ကျောင်းကိုကွယ်
ဝတ္တရားများလည်း မပျက်ရတကယ်
ကြိုးစားလို့သွားကာ-စာသင်မယ်..
တို့ကျောင်းဝသို့ ရောက်ရင်ကွယ်
စည်းကမ်းကိုတကယ် လိုက်နာမယ်
သူငယ်ချင်းများနှင့်တွေ့တော့ကွယ်
အပြုံးပန်းနှင့်နှုတ်ဆက်ကာကြိုဆိုမယ်..
ရွှင်ရွှင်လန်းလန်း ပန်းသို့နှယ်
ဆရာမမျက်နှာ ကြည်လင်တယ်
ဘ၀င်မှာအေးချမ်းလို့လန်းရတယ်
တို့ကျောင်းရိပ်သာ ပျော်စရာကွယ်….”စသဖြင့် မြူးမြူးကြွကြွနှင့်သီဆိုဖို့ကောင်းပြီး ကိုယ်စိတ်ရွှင်လန်းဖွယ်ကောင်းသော ပျော်စရာကျောင်းသားဘ၀ ကဗျာလေးပင်ဖြစ်သည်လေ…။


စာရေးသူ အခုထိ ငယ်ဘ၀ အလွမ်းပြေ ရွတ်ဆိုလေ့ရှိတဲ့ ကဗျာတပုဒ်ရှိသည်။တနင်္သာရီမှာနေထိုင်စဉ် ကာလအတွင်း တနင်္သာရီတောင်စဉ်တလျှောက် စာကလေးသစ်ခွလက်တံရှည်ပန်းများဝေဆာတဲ့ နွေဦးပေါက်ချိန်လေးကို လွမ်းမိတယ်ဗျ..။သင်းပျံ့နေတဲ့ ပန်းရနံ့လေးတွေရယ်- နွေဦးပေါက်လေပြေနုနုလေးတွေရယ်- တိုးညှင်းညင်သာစွာကြားနေရတဲ့ စာကလေးငှက်သံလေးတွေရယ်-လွမ်းမောဖွယ်ကောင်းတဲ့ ဥသြငှက်သံလေးတွေရယ်-ပြန်ခံစားနားစွင့်ချင်မိပါရဲ့..။သည်အချိန်လေးအတွင်း ကလေးကဗျာသီချင်းလေးဖြစ်တဲ့ စာကလေးကဗျာလေးကို ရွတ်ဆိုလိုက်ရရင် စိတ်ကိုယ်ပင်ပန်းသမျှ လန်းဆန်းတက်ကြွလာတာတော့အမှန်ပါပဲ..။

“စာငယ်ကိုယ်တယောက်တည်းလေ
သစ်ကိုင်းထက်မှာနေ
တာဝန်တယောက်မို့ အမြဲမသွေ
တေးသီချင်းဖွဲ့ဆိုနေ
မြင်ပါကိုယ့်ရဲ့အလှကိုလေ
လွမ်းသမားများအတွက်တေးဆိုနေ
စာလေးကိုယ်တယောက်ဟာလေ
တေးဆိုပေးလို့နေ..”

“I ‘m little sparrow
Sitting on the tree.

Every day my duty
Singing melody

Can you see my beauty
Singing for the lonely.

I ‘m little sparrow
Singing melody.”
ထိုစာကလေး ( Little Sparrow) ခလေးကဗျာကို စာရေးသူ ရွတ်ဆိုခဲ့တာကြာပေမယ့် ကဗျာပိုင်ရှင်ကို အခုမှ သိခွင့်ရခဲ့သည်။ ရေးဖွဲ့ သူက ဆရာအတတ်သင်ကျောင်းမှ ဆရာကြီးတင်ချိုဦးမှ ရေးဖွဲ့ပြီး သရုပ်ဆောင်-၀င်းဦးနှင့် တေးသံရှင် နွဲ့ယဉ်ဝင်းတို့က မြန်မာအင်္ဂလိပ် တလှည့်စီသီဆို ခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် -စာရေးသူက ငယ်စဉ်ကတည်းက ယနေ့အထိမမေ့နိုင်ဘဲ အမြဲလန်းဆန်းရှင်သန်နေတဲ့ ကဗျာလေးမို့ အမြဲအမှတ်တရဖြစ်နေမှာပါ..။စာကလေး တွေရဲ့ အလှ-ဘ၀ကို ကိုယ်တိုင်ခံစားရင်း ပျော်စရာနေ့ရက်လေးတွေအတွက် ရှင်သန်နေစေတဲ့ကဗျာလေးမို့ မနှစ်နွေရာသီမှာ အမှတ်တရအနေဖြင့် ရုရှားလို ဘာသာပြန်ပြီး ရုရှားဘာသာစကားဒီပလိုမာပေးအပ်ဘွဲ့မှာ
စာရေးသူရွတ်ဆိုဖြစ်သေးသည်လေ…။


маленький воробей

Я маленький воробей
сижу на дереве.
Каждый день я пою
Это - мой долг.

Вы можете видеть мою красоту?
Я пою для одиноких.
Я маленький воробей
Пою мелодии.
НВЕ ШВАН У
(2008-2009)
(အမှတ်တရအနေဖြင့်ဖော်ပြလိုက်ခြင်းသာဖြစ်သည်။)


ဘယ်လိုပဲဖြစ်ဖြစ်-ဘယ်အခြေအနေရောက်ရောက်-စာရေးသူရဲ့ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းတက်ကြွစေနေဦးမည့် ဘ၀အမောပြေ ကဗျာတွေကတော့ ကလေးဘ၀က သီဆိုခဲ့တဲ့ ချစ်စရာကောင်းသော ကလေးကဗျာလေးတွေပါပဲ…။ စာရေးသူအတွက်တော့ အပြစ်ကင်းတဲ့ ကလေးဘ၀ကြိုပန်မရတော့ပေမယ့်လည်း ရင်ထဲမှာတော့ ကလေးကဗျာမြစ်တစ်စင်းကတော့ အမြဲအမှတ်တရ ရှင်သန်စီးဆင်းနေမှာပါလေ..။


ရွှမ်းသိင်္ဃ(တနင်္သာရီ)

(အဆွေတို့မှာလည်း အမှတ်တရဖြစ်ဖွယ် ကလေးဘ၀ကဗျာလေးတွေရှိရင် မျှဝေခံစားကြတာပေါ့…။)

Wednesday 13 January 2010

ကဗျာများနှင့်အဆွေဖွဲ့ခြင်း

နှလုံးသားထောင့်တစ်နေရာမှ တဆင့် အခြေတည်ပေါက်ဖွားလာတဲ့ ခံစားချက်လေးတွေကို စိတ်ကူးတံခါးအပြင်ဘက်မှာ ကဗျာအသွင်ပြောင်းလိုက်တာကောင်းတယ်ထင်ပါရဲ့..။ရင်ထဲမှာ မိုင်းညှို့ ဖွဲ့တည်သမျှသော ခံစားချက်တိမ်လွှာလေးတွေကို မျက်ဝန်းအိမ်မှတဆင့် မျက်ရည်မိုးအဖြစ် ရွာသွန်းနေမယ့်အစား စိတ်ကူးကမ္ဘာလေးထဲ ကဗျာမိုးလေးအဖြစ်သဏ္ဍာန်ပြောင်းပြီး သွန်းဖြိုးလိုက်ပါတော့လား။တကယ်တော့ သက္ကရာဇ်တွေ-ပြက္ခဒိန်တွေ-သစ်သစ်လာသလောက် ဘ၀ဆိုတာ ထင်သလောက် ကဗျာမဆန်ပါဘူးဗျ..။ဘ၀ဆန်တဲ့ ကဗျာတွေထဲမှ အတိတ်ခြေရာခံ -အသစ်ပြန်ခံစားရင်း ဘ၀ အတွေ့အကြုံ -ဘ၀သင်ခန်းစာနှင့်-ခံစားချက်လေးတွေ မျှဝေခံစားခွင့်ရှိတယ်လေ..။စိမ်းလန်းတဲ့ ကဗျာတောတန်းလေးထဲ လျှောက်လှမ်းရင်း- အလင်္ကာပန်းရနံ့လေးကို တရှိုက်မတ်မတ် နမ်းရှိုက်ရင်း- ဘ၀ အမောတရားတွေ ဖြေသိမ့်ကြတာပေါ့...။ခံစားချက်တွေ နင်းလျှောက်သွားတဲ့ အချစ်တွေအတွက် အပြစ်ဝေဖို့လည်း မတတ်သာ တဲ့အခြေနေနှင့် အဆုံးသတ်သွားတဲ့ အချစ်တွေဖြစ်ခဲ့ရင်တောင် လက်ကျန်အဖြစ် ရင်ထဲမှာတော့ အမှတ်တရကဗျာလေးတပုဒ်တော့ ကြွင်းကျန်ရစ်မှာအသေချာပါပဲ..။လောင်မြိုက်နေတဲ့ အတွေးတွေကို အဝေးကိုလွှင့်ပစ်ပြီး ကဗျာဆန်တဲ့အတွေးတွေနှင့် ခံစားချက်တွေ ချရေးကြည့်လိုက်ပါ..။လောကကြီးထဲ ဘာတခုမှ တီထွင်ဖန်တီးမနိုင်ခဲ့ရင်တောင် သင့်နှလုံးသားခံစားချက်အကူဖြင့် ဖြစ်တည်လာခဲ့ တဲ့ ကဗျာတပုဒ်ဟာလည်း သင့်ရဲ့ ဖန်တီးမှုရသပါပဲ။ပေါ့ပါးသစ်လွင်တဲ့ အတွေးသစ်-အမြင်သစ်-စိတ်ကူးအသစ်တွေနှင့်အတူ ပျော်ရွှင်ကြည်နူးတဲ့ လတ်ဆတ်သောရင်ခုန်သံလေးတွေ -ကဗျာသံစဉ်တပုဒ်အနေဖြင့် ရောက်ရှိလာမှာတော့ ဧကန်ပါပဲ.....။နောက်တစ်ခုက-ကိုယ်ရေးလိုက်တဲ့ကဗျာကို ကာရန်ရှိမရှိ-ကာရန်မဲ့-မမဲ့-စိုးရိမ်စရာမလိုပါဘူး။ကြည်လင်သန့်ရှင်းတဲ့ မိုးကုတ်စက်ဝိုင်းအောက်မှာ ဆီးကြိုတိုက်ခိုက်လာတဲ့ လေပြည်လေညှင်းလေးတွေ ရှုရှိုက်ရင်း လေဟာနယ်ထဲ ခံစားချက်ကဗျာလေးတွေ အသံထွက် ရွတ်ဆိုလိုက်ပါ..။လောကကြီးက ပျော်ရွှင်ကြည်နူးမှုတွေ- စိတ်ချမ်းသာမှုတွေ -အောင်မြင်မှုအလင်းတန်းတွေ သင့်အတွက် ဆောင်ကြဉ်းပေးပါလိမ့်မယ်...။
“ စိတ်၏ခွင့်ပြုချက်မရဘဲ မျက်နှာသည် သူ၏သက်တမ်းကိုမဖော်ပြနိုင်ပါ။ စိတ်သည်သာလျှင် လူ၏ရုပ်သွင်ကိုထုဆစ်သော ပန်းပုဆရာတဲ့”ဗျ။ နုပျိုလန်းဆန်းတဲ့ ရုပ်သွင်နှင့် ကဗျာဆန်သော ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ -ညစ်နေတာမျိုးမဟုတ်ဘဲ သစ်လွင်တဲ့ အတွေးစိတ်ကူးဆန်းဆန်းတွေနှင့် ခံစားချက်တွေ မျှဝေစားသုံးရင်ဖွင့်ရင်း မိုးကုတ်စက်ဝိုင်းတလျှောက် ကဗျာတွေ ရေးကြပါစို့ရဲ့။


ရွှမ်းသိင်္ဃ(တနင်္သာရီ)