တချီတမောင်း
နွေတပေါင်းက
ရွက်ဟောင်းမခြွေ
လေရူးစေရင်း
နှင်းတွေလည်းဝေ၊
ယိမ်းနွဲ့ကြွေလျက်
မောင်တို့ ပျော်နေ
မော်စကိုမြေမှာကား
လွမ်းတစ်လှေ ထပ်လောင်း
လွမ်းတစ်နွေ ပေါင်းယှက်
ဆောင်းလည်း တကျော့ ပြန်သစ်ပြီ...။
သို့နှယ် သို့ခါ
သည်အချိန်ခါကား
ရွက်ဝါကြွေလှစ် ရွက်သစ်ထွက်၍
ရွက်ညွန့်သစ်ထူး၊ သရဖီဖူးချိန်
ရွှင်မြူးတူယှဉ်၊မြန်ပြည်တခွင်တွင်
ဆင်ယင်ပျော်နွှဲ၊ သဲပုံပွဲသို့
ထပ်ကဲထပ်ဆင့်၊ အတွေးဝင့်လျက်
ဆွေးချင့်ကပ်ကာ၊ လွမ်းစိတ်ဖြာမိ
ရင်လွှာမချိ၊ သတိရမိသည်။
သည်အတွေး
သည်အရေး
အကြိမ်ကြိမ်ဆွေး
ပြင်ကမ္ဘာငေးလျက်
အေးစက်ညှက်ညောင်း
နွေပြန်ဆောင်းနှင့်
တရစ်ရစ်ဝင့်ကြွေလာ
လေမှာတဖွဖွ၊မြေလွှာခသည့်
နွေကျတဲ့ နှင်း သိပါစေ...။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(တပေါင်းလပြည့်နေ့ အမှတ်တရ)
(၂၆-၃-၂၀၁၃)