RSS

Tuesday 20 August 2013

ခတ္တာအနမ်းနှင့် ၀ါခေါင်အလွမ်း

















သိဟ်လရာသီ၊ အခါမီဖို့
ပွင့်စည်ဝေလန်း၊ ထူးတင့်လျှမ်းသည့်
မြတ်ပန်းခတ္တာ၊ ရနံ့ဖြာချိန်
ဌာနီသို့မှန်း၊ မျှော်ကာလွမ်းသည်.. လွမ်းမိပြီ..။

မိုးပြိုမယောင်၊ တိမ်မည်းမှောင်၍
မြောက်တောင်ပစ်ခွင်း၊ လျှပ်တွေထွင်းလျှင်
ရင်တွင်း တိမ်တောင်၊ လွမ်းမိုးဆောင်ပြီ
ဝါခေါင်မိုးဖျန်း၊ မြန်ပြည်လွမ်းသည်… လွမ်းမိပြီ..။

နယ်ရှစ်ခွင်လှည့်၊ သပြေသီးမှည့်ချိန်
ရေကြီးချိန်မို့၊ လှေစီးရင်းသာ
ပျော်ကြီးပျော်ကြ၊ ငယ်ဘ၀ကို
တမ်းတမြင်ယောင်၊ လွမ်းရိပ်ဆောင်လျှင်
ဝါခေါင်ပွင့်လန်း၊ ခတ္တာပန်းနှင့်
ဆင်မြန်းကေသာ၊ ဆံနွယ်လွှာမှာ
အပ်ကာ ပါးဘက်၊ ဖြာယှက် အနမ်း
ကျွန်ုပ် ထပ်လွမ်းသည်..လွမ်းမိပြီ…။

    ရွှမ်းသိင်္ဃ (တနင်္သာရီ)
        (၂၀-၈-၂၀၁၃)
(၀ါခေါင်လ အမှတ်တရ)

ပန်းခတ္တာနှင့် လ၀ါခေါင်














ခတ္တာပန်း ပွင့်လန်းတော့
သစ်ဆန်းလို့ ထိုးထိုးထောင်
မိုးလ ၀ါခေါင်
တိမ်လွှာစီလို့ ထူးပုံတင့်ဆန်း
သိဟ်ရာသီမို့ ဖူးစုံ ပွင့်လျှမ်း
မေတ္တာရေ တပေါက်ဆမ်းလျှင်
ကျွန်းလုံးပတ် လွမ်း…။

   ရွှမ်းသိင်္ဃ (တနင်္သာရီ)
        (၂၀-၈-၂၀၁၃)
   ( ၀ါခေါင်လ အမှတ်တရ)