Friday, 25 January 2013

မယ်မယ်ထံရွယ်မှန်း သားမောင် လွမ်းပါရဲ့
















နုငယ်ပျိုမြစ် မလှပေဘု

အခုရွယ် အိုလျက် ဘ၀၀ယ်

အများ အလယ်မှာလေ

အားရယ်မှာ မချိတော့ပြီမို့

တရားလွယ်ကာ အသိလေးရယ်နှင့်

သားမယ်မယ်မှာလေဗျ….

သတိ အတွေး ရယ်ကကြွယ်…။



တခါခါ အဝေးတနယ်က

မကြာမကြာ အပြေးပြန်ချင်မိပါရဲ့

အတွေးစိတ်က မယ်မယ့်ထံ

နယ်နိမိတ်ငယ် ခြားပြန်တော့

အားသန်စွာ စိတ်ဇွဲမှာလ

ကြိတ်ဖွဲပမာ ဘေးထွက်

ဝေးလွှင့်ရသည် မယ်မယ်..။



တကယ်တကယ့်အပြင်တွင်

မယ်မယ့်ရင်ခွင် ပြေးဝင်လွန့်လူး

ပျော်ကြည်နူးချင်ပါသေးရဲ့..။



ရွှေယမင်း နှမယ်ငယ်ထွေးနှင့်

မြွေမင်းသားလေး ချစ်ပုံပြင်ကိုလေ

ဂုဏ်အင်ငယ် မရိုးလှပါဘု

တိုးချကာ ပြန်နားဆင်ချင်သေးရဲ့..။


 အသိဟောင်းငယ် စ ဆုံရင်ဖြင့်
ငါးပိထောင်းအလယ် ဆားပုံ တညင်ရွက်ကယ်

မြိန်မြိန်ယှက် ငါးပုဇွန်ဟင်းရယ်နှင့်
ကန်စွန်တသင်း ဇရစ်ညွန့်ရောယှက်

ပျော်ရွှင် မပျက် အတင်း စားကြပုံကိုလေ
သားဘ၀ ကြုံ တခါ ပြန်ဆုံဖို့မှန်း

 တမ်းတရုံ စိတ်ငယ်နှင့် မယ့် ထံ မြန်း

သားမောင် ရွှမ်းမှာလေဗျ...
 တော်တော် လွမ်းလှပြီ…။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
( ပြာသို လပြည့်နေ့ - အမေများနေ့ အတွက် ကြိုဆို ဂုဏ်ပြုသည်။)
(အမေအားလုံး ကျန်းမာရွှင်လန်း စိတ်နှလုံး ချမ်းမြေ့ ပျော်ရွှင်နိုင်ပါစေ)
(၂၆-၁-၂၀၁၃)

Monday, 21 January 2013

ပြာသိုဆန်းချိန် ခွာညိုလန်းချိန်



 















ဆောင်းနှင်းဖြန့်ခင်း၊
လေပြည်ညှင်းနှင့်
အဆင်းရနံ့၊ 
သင်းပျံ့ပျံ့ထုံ
အငုံသစ်ထူး၊ ခွာညိုဖူးနှင့်
အစုံရင့်ကျူး ပြာသိုဦး။

ရာသီကာလ၊ 
မကာရတဲ့
အခါသမယ၊
ဤလသည်ကား
စစ်ချီမြင်းခင်း၊
ပွဲတော်ကျင်းလိမ့်
တက်ဆင်းခုန်ပေါက်၊
ဓားလှံမြှောက်လျက်
ထက်အောက်မြေပြင်၊
အောင်ပွဲဆင်လိမ့်
တခြိမ့်ခြိမ့်သဲ၊ 
တူယှဉ်တွဲကာ
နွှဲပျော် ပျော်ရွှင်ကြပါတဲ့
ပွဲတော် တော်ဝင်လပေတကား..။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၁-၁-၂၀၁၃)
( ပြာသိုလ အတွက် အမှတ်တရ ကဗျာ)

Thursday, 10 January 2013

ဂုဏ်မြင့် ပုံဖော် လနတ်တော် (နတ်တော်လအမှတ်တရ)














နှင်းစက်လွှာ ဆမ်းကာပါ့
လင်းလက်ဖြာ လျှမ်းတင့်ချီ..။

ရာသီတကျော့ ဓနုအခါမို့
ပြာရီဖျော့ အနုစာစီ
အခါမီပေါ် သဇင်ပန်းရယ်နှင့်
ဌာနီမျှော် ရင်မှာ လွမ်းရသည်..။

မြူခိုးေ၀၀င့်ပါလို့
လူမျိုးတွေ တင့်ဖို့ရည်
စာပေဂုဏ်မြင့် အလှပုံဖော်
သည်လနတ်တော် တန်ခိုးမှော် တက်နေလား
ပြည့်အကျိုးမျှော် အမျိုးနော် ၀င့်စေသား။


ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၀-၁-၂၀၁၃)
(နတ်တော်လ အမှတ်တရကဗျာ)