Saturday, 18 October 2014

ဝါကျွတ်ပွဲ













ပြာရီမြူ  ကျဆင်းလေတော့
ရာသီတူ အလှခင်းချေပြီ...။

ဝါတွင်းရယ် လွတ်ကင်းလို့
ကြာမင်းငယ်ဖြန့်ခင်း
ရနံ့ကယ် သင်းချေပြီ..။

အဆင်းလှလှ
သင်းတမြမြရယ်နှင့်
သီတင်းကျွတ်လလေး ရောက်ခဲ့ပြီ။

မိဘဆရာ ကျေးဇူး
ဂုဏ်အင်ထူး သဒ္ဓါပိုကဲ
ကန်တော့ကြတဲ့ပွဲ..။ 
 
ဆီမီးငယ် တမြိုင်မြိုင်
တူယှဉ်ပြိုင် ပျော်ရွှင်နွှဲ
မြန်မာဓလေ့ပွဲ။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
 (၂၀၁၄ သီတင်းကျွတ်လပြည့်နေ့ အမှတ်တရ)

Sunday, 21 September 2014

တော်သလင်းလ သင်္ကေတ














ထက်ကမ္ဘာဝန်းမှာဖြင့်
ယင်းမာပန်းတို့ အခိုင်ခိုင်
သင်းကြိုင်ကာ ဖူးပွင့်လန်း
တော်သလင်းလဆန်း။
ဖော်တသင်းသို့ တမ်းတ
မှန်းဆမိ ကမ်းရိပ်မြိုင်
တူယှဉ်ပြိုင် နဒီမြစ်တွင်း
လှေပွဲသဘင်ခင်း။
အဆင်းပသာဒကြွယ်
ဂရုဓမ္မ အခါသာမယရယ်လို့
လာသမျှလူ ဧည့်ကျေကျေဖြင့်
ရွှေရီမြေ ခေါတရပ်ပွဲ
ပေါင်းစု ယှဉ်နွဲ..။
မတူကွဲ တိမ်ရောင်လွှာ
ထိန်ပြောင်သာ နေစင်းဖြာလို့
မိုးဆွေငယ်ရွာ
နေပူ မိုးရွာ သူခိုးလာဟု
စကားထာ ၀ှက်ကာ ကျင်း
လမြတ်တော်သလင်း…။

 ရွှမ်းသိင်္ဃ(တနင်္သာရီ)
 (၂၁-၉-၂၀၁၄)
 (တော်သလင်းလ အမှတ်တရ)

Thursday, 28 August 2014

အချစ် အလွမ်းတွေနှင့် ၀ါခေါင်











 
မတတ်သာ စခန်းတနယ်ခြား
ထပ်ခါခါ အလွမ်းတရားတွေဆင့်
ခတ္တာပန်း များစွာ ပွင့်တဲ့ ၀ါခေါင်..။
အာကာမှောင် မိုးရိပ်ဆင်လို့
ဗျာပါယောင် စိုးထိတ်ဘ၀င်မှာလေ
ညှိုးစိတ် ငယ် ထင်..။
ရိုးထိပ် ချောင်းခွေသွယ်သွယ်မှ
ပေါင်းဆွေဖွယ် မူနိုင်ပျော်လို့
လောင်းလှေငယ် တူပြိုင်လှော်။
ကျူတိုင်မှော် ကမ်းတစ်ဖက်
လှမ်းအတက်ရာဝယ်
နမ်းလျက်သာကွယ်
ပန်းခတ္တာ စီခြယ်မှုန်း
ကမ္ဘာမှာ သူသာ အလှဆုံး
ဘယ်အခါ ဘယ်မမုန်းနိုင်ဘု
ဆယ်ကမ္ဘာ သက်ဆုံးတိုင်
အပြုံးပြိုင်ယှက်လို့
မပြယ် ချစ်သက်ထုံး..။

         ရွှမ်းသိင်္ဃ(တနင်္သာရီ)
         ( ၁၄-၈-၂၀၁၄) 
    (၀ါခေါင်လ အမှတ်တရ)

Friday, 22 August 2014

အချစ်မဲ့ အမုန်း












ရက်ရက်ရောရော
အချစ်တွေပုံအောပြီး
 ပေးနေမိတာက
 အပြစ်တစ်ခုလား။
အနမ်းတစ်ပွင့် မပြောနဲ့..။
ဟန်ဆောင် အပြုံးလေးတစ်ပွင့်မျှ
ဆွတ်ခြွေခွင့်မရှိ။
မချစ်ဘဲ မျိုသိပ်ပြီး
နမ်းတဲ့ နှုတ်ခမ်းလွှာလေးဝန်းကျင်မှာ
အဆိပ်ထက်ပြင်းတဲ့ အမုန်းတွေပဲ
အထပ်ထပ် သုတ်လိမ်းထားတယ်။
ချိုမြိန်တယ်လို့ ထင်ရတဲ့
အချစ်တစ်ခုအတွက်
သည်လိုမျိုး တန်ပြန်အမုန်းတွေနှင့်ပဲ
 ရှေ့ဆက်နေရရင်တော့..
အချစ်မဲ့အမုန်းတွေနှင့်
စွဲလန်းရုးသွပ်မှုအဆင့်
အထွတ်အထိပ်မရောက်ခင်-
အစကတည်းက ဆုံဖို့
အကြောင်းမဖန်ပါရစေနဲ့လား...။

  ရွှမ်းသိင်္ဃ(တနင်္သာရီ)
   (၆-၈-၂၀၁၄)

Wednesday, 13 August 2014

အချစ်=သီအိုရီ












တခါတလေ ကဗျာဆန်တဲ့
သံစဉ်စာသားလေးနှင့်အတူ
အတိတ်မှာ ကျန်ခဲ့တဲ့
ချယ်ရီမြေရဲ့ ကြယ်စုံ ဆောင်းညလေးတွေဆီသို့
အလွမ်းထက်ပိုတဲ့
အဆင့်မြင့် သတိရခြင်းဆိုတဲ့ တောင်ပံအစုံကိုဖြန့်..
စိတ်ကူးရွက်လွှင့် ပြန်ရောက်သွားခဲ့လေရဲ့..။
တခါတရံ ညတွေက ရိုမန့်ဆန်လွန်းတယ်..။
တစ်နေ့တာ ပင်ပန်းသမျှ လေလှိုင်းကြားမှတဆင့်
 မေတ္တာသုတ်လိမ်း သံစဉ် တေး အဖြစ် နားဆင်ရင်း
အလွမ်းဖြေခဲ့တဲ့ အတိတ်ညလေးတွေကို
 ပြန်တမ်းတမိပြန်တယ်..။
 လေလှိုင်းထဲမှာ အစပြု ခဲ့တဲ့
ချို မြိန်အချစ်တွေ၊
ပန်းနုရောင်ခြယ် အနမ်းတွေ၊
 နှောင်တွယ် သံယောဇဉ်တွေ၊
ဒါတွေ အားလုံး.အားလုံး.
နောက်ဆုံးတော့လည်း
ရေကုန် ပဲ မပြဲသလိုပဲဆိုဆို
အသဲလည်း မကွဲ
ဇာတ်လည်း မကွဲ
 လေလှိုင်းထဲမှာပဲ
 ကြွေကျ ပျောက်ကွယ်သွားတယ်..။
သီအိုရီက အချစ်ကို ပုံသွင်းလိုက်တာလား။
အချစ်က သီအိုရီ ဆန်လွန်းနေတာလား..။
အဖြေက သိပ်ရှင်းလွန်း ရိုးလွန်းတယ်ဆိုပေမယ့်
ငယ်နု အရွယ်မရောက်သေးတာလို့ပဲ
 အပြစ်တင်ပါစေတော့
 ရောပြွန်းရင်ခုန်သံတွေကို နှလုံးသားရင်အုံက
အခုထိ တိတိကျကျ မဝေခွဲတတ်သေး...။

    ရွှမ်းသိင်္ဃ (တနင်္သာရီ)
  ( ၁၃-၈-၂၀၁၄)

Sunday, 10 August 2014

super full moon (၀ါခေါင်လပြည့်ည)












သူငါကပြော
သည်ည ထွန်းမယ့်
လ၀န်းက- super full moon တဲ့..။

ကမ္ဘာနှင့်လ
ထိငြိကြတော့ မလို
အပြောတွေက ပိုသည်..။

မည်သို့ပိုပို
မည်သို့ဆိုလည်း
အရင်လို လမင်း
ရောင်ဖြာခင်း၍
လင်းမြဲတိုင်းသာ
လင်းနေရှာပြီ ။

ဘယ်အချိန်နီးနီး
ဘယ်အချိန်ကြီးကြီး
မြင်ရမည်နည်း…။

ဖြူ  စင် စက်ဝန်း
လင်းလက်ရွှန်းသည့်
စူပါ မွန်းကြီး
ဘယ်သို့ထွန်းမည်ကို
တွေ့ချင်ဇောဖြင့်သာ
မျှော်သောသူမှာ မောရသည်။

                  ရွှမ်းသိင်္ဃ (တနင်္သာရီ)
          (၂၀၁၄ ၀ါခေါင်လပြည့်ည အမှတ်တရ) 
                 (၁၀-၈-၂၀၁၄)

ဝါဆိုသင်္ကေတ















တိမ်သားငယ် မည်းမှောင်ပြို
ရှစ်တိုင်းခွင် စိမ်းစိုစိုနှင့်
ယိမ်းနွဲ့ကြို ပိုလှတယ်
နုသစ်ငယ်ပျို..။

ပုန်းညင်းငယ် သင်းချိုချို
တိမ်မိုးငယ် မညို့ တညိုနှင့်
ဆွေးစိတ်ရယ် ပိုလှတယ်
လွမ်းလွန်းလို့ငို..။

မြတ်ဒါန ပြုကုသိုလ်
အရပ်ရပ် အထိုထိုမှာဖြင့်
သဒ္ဒါစိတ်ရယ် ပိုလှတယ်
လမြတ်ဝါဆို..။

      ရွှမ်းသိင်္ဃ(တနင်္သာရီ)
     (၂၀၁၄ ၀ါဆိုလပြည့်နေ့ အတွက် အမှတ်တရ)


Friday, 1 August 2014

နှစ်၆၀ပြည့် စစ်တက္ကသိုလ်သို့.. (ဂုဏ်ပြုကဗျာ)













အို..အမေ
သက်ရွယ်ရော်ရင့်၊ အလင်းဝင့်၍
တစ်ပွင့် နှစ်ပွင့်၊
ကြယ်စုံတင့်စေခဲ့သူ..။

အို အမေ
ရင်ခွင်ရိပ်အောက်၊ ခိုဝင်ရောက်က
ထွန်းတောက်ရောင်လက်၊
အလင်းဆက်စေသူ…။

အို..အမေ
ပြည်တွက်ကာကွယ်၊ အပြုံးကြွယ်လျက်
ရည်ရွယ်ချက်ကောင်း၊
ပြည့်သားကောင်းတွေ မွေးခဲ့သူ..။

အို..အမေ
နှစ်၆၀ရောက်၊အပြုံးမပျောက်
တစ်ထောက်မနား၊
 ပြည့်အင်အားတွက် အသင့်ရှိသူ..။

အို..အမေ
ဘယ်လောက်ပင်အိုလည်း
သားတို့အတွက်ဆို
အစဉ်နုပျို၍
တမ်းတစိတ်ပို
လွမ်းရိပ်ခိုလျှင်
မေ့ကို ဦးညွတ်
သားကန်တော့သည်
“အမေ ထာဝရ ပျော်ပါစေ..”
“အမေ ထာဝရ တည်ပါစေ.။”

     ရွှမ်းသိင်္ဃ(တနင်္သာရီ)
        (၁-၈-၂၀၁၄)
(စစ်တက္ကသိုလ်ကျောင်းဆင်း သွေးချင်း စစ်သည် ဂါဒီယမ် ညီနောင်များနှင့် နှစ်၆၀ပြည့် စစ်တက္ကသိုလ်သို့ အမှတ်တရ-ဂုဏ်ပြုသည်။)

Saturday, 12 July 2014

ဝါ၀င်ရင်ဖြင့်













ဝါ၀င်ရင်ဖြင့်
အာကာပြင်မှာ
တိမ်စဉ်တွေ အမဲဆင်ဖုံး
မိုးလုံးပတ်ချုန်း..။

ဝါ၀င်ရင်ဖြင့်
ယာခွင်ဝင်လို့
ပျိုးပင်တွေ ပြင်ဆင်သုံး
စိမ်းရောင်ခြယ်မှုန်း..။

ဝါ၀င်ရင်ဖြင့်
ရွာပြင်မှာ ရေကြီး
တူယှဉ်ပြိုင် လှေတွေစီး
ခူးဆွတ် သပြေသီး…။

ဝါ၀င်ရင်ဖြင့်
ရွာစဉ်မှာ အလှူမစဲ
ခြိမ့်ခြိမ့်သဲ ဆိုင်းဗုံတီး
ထမင်းရေ ချောင်းစီး..။

    ရွှမ်းသိင်္ဃ(တနင်္သာရီ)
    (၁၁-၇-၂၀၁၄)
   (၀ါဆိုလပြည့်နေ့ အမှတ်တရ ကဗျာ)