တခါတလေ ကဗျာဆန်တဲ့
သံစဉ်စာသားလေးနှင့်အတူ
အတိတ်မှာ ကျန်ခဲ့တဲ့
ချယ်ရီမြေရဲ့ ကြယ်စုံ ဆောင်းညလေးတွေဆီသို့
အလွမ်းထက်ပိုတဲ့
အဆင့်မြင့် သတိရခြင်းဆိုတဲ့ တောင်ပံအစုံကိုဖြန့်..
စိတ်ကူးရွက်လွှင့် ပြန်ရောက်သွားခဲ့လေရဲ့..။
တခါတရံ ညတွေက ရိုမန့်ဆန်လွန်းတယ်..။
တစ်နေ့တာ ပင်ပန်းသမျှ လေလှိုင်းကြားမှတဆင့်
မေတ္တာသုတ်လိမ်း သံစဉ် တေး အဖြစ် နားဆင်ရင်း
အလွမ်းဖြေခဲ့တဲ့ အတိတ်ညလေးတွေကို
ပြန်တမ်းတမိပြန်တယ်..။
လေလှိုင်းထဲမှာ အစပြု ခဲ့တဲ့
ချို မြိန်အချစ်တွေ၊
ပန်းနုရောင်ခြယ် အနမ်းတွေ၊
နှောင်တွယ် သံယောဇဉ်တွေ၊
ဒါတွေ အားလုံး.အားလုံး.
နောက်ဆုံးတော့လည်း
ရေကုန် ပဲ မပြဲသလိုပဲဆိုဆို
အသဲလည်း မကွဲ
ဇာတ်လည်း မကွဲ
လေလှိုင်းထဲမှာပဲ
ကြွေကျ ပျောက်ကွယ်သွားတယ်..။
သီအိုရီက အချစ်ကို ပုံသွင်းလိုက်တာလား။
အချစ်က သီအိုရီ ဆန်လွန်းနေတာလား..။
အဖြေက သိပ်ရှင်းလွန်း ရိုးလွန်းတယ်ဆိုပေမယ့်
ငယ်နု အရွယ်မရောက်သေးတာလို့ပဲ
အပြစ်တင်ပါစေတော့
ရောပြွန်းရင်ခုန်သံတွေကို နှလုံးသားရင်အုံက
အခုထိ တိတိကျကျ မဝေခွဲတတ်သေး...။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
( ၁၃-၈-၂၀၁၄)