RSS

Saturday 31 December 2011

နှစ်သစ်စိတ်ကူး














နှစ်သစ်မှာ……
လေမှာ လွှင့်ပြေး
တိမ်လွှာလေးလည်း ဖြစ်ချင်တယ်..။

နှစ်သစ်မှာ……
ဖြူစင်ပြစ်ကင်း
မြူမှုန်နှင်းလေး ဖြစ်ချင်တယ်..။

နှစ်သစ်မှာ……
စိုပြည်စိမ်းလန်း
သစ်တောတန်းလေး ဖြစ်ချင်တယ်..။

နှစ်သစ်မှာ……
သီးပင်ဝေလင်း
ရွာစိုက်ခင်းလေး ဖြစ်ချင်တယ်…။

နှစ်သစ်မှာ……
မေတ္တာရေလျဉ်
အမေ့ရင်ခွင်ထဲ ခိုလှုံချင်တယ်..။

နှစ်သစ်မှာ……
ပျော်ရွှင်လင်းထိန်
မိသားစုအိမ်ကို ပြန်သွားချင်တယ်..။

နှစ်သစ်မှာ
ငယ်ကချစ်ဖူး
အချစ်ဦးနှင့် အတူ လျှောက်လည်ချင်တယ်…။

နှစ်သစ်မှာ
ကမ္ဘာတွေပတ်လို့
ကဗျာတွေလည်း စပ်ချင်တယ်..။

နှစ်သစ်မှာ…
နှစ်သစ်မှာ….
နှစ်သစ်မှာ…
နှစ်သစ်မှာ…
နှစ်သစ်မှာ…………….
ကမ္ဘာကြီးကောင်းဖို့
မေတ္တာရေလောင်း
ကျွန်ုပ်ဆုတောင်းမယ်…။



ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၀၁၂ နှစ်အကူး အမှတ်တရ)

Tuesday 27 December 2011

တိမ်ဖမ်းလ



လွှင့်မျောနေတဲ့ ရောင်စုံ တိမ်တိုက်လေးတွေနှင့် နေ၀င်ဆည်းဆာအချိန်အပြီး ရောက်ရှိလာသော လရောင်ဆမ်းသောညလေးအကြောင်းကို ကဗျာဆန်ဆန် ခြယ်မှုန်းဖန်တီးထားတဲ့ သီချင်းလေးပါ...။ နားဝင်ချိုလှသမို့ နားထောင်နေစဉ် တဒင်္ဂအတွင်း လွမ်းဆွေးသလိုလို စိတ်ငြိမ်းချမ်းသွားသလိုလို ခံစားမှုရသလေးဖြစ်စေတာတော့ အမှန်ပါပဲ..။ တရုတ်ရိုးရာသီချင်းဟောင်းလေးကို ပုလွေသံအသာပေး တီးမှုတ်ထားတာပါ..။ Colorful Clouds Chasing the Moon - 彩雲追月လို့ အမည်သိရပါတယ်..။ ပုလွေသံကြားလိုက်တာနှင့် ရွာကို သတိရသလိုလို ဖြစ်လာမှာမို့ ရွာနှင့်ပတ်သက်တဲ့ ခံစားချက်ရသ ကဗျာအစအနလေးတွေ ပြန်လည်တူးဖော်နိုင်မှာ အသေချာပါပဲ...။ သံစဉ်လေး နားထောင်ရင်း စာရေးသူအတွက် အတွေးတစ ၀င်လာလို့ ကဗျာလေးတပုဒ် အမှတ်တရ ရေးဖြစ်မိသည်ပေါ့..။ စာရေးသူ ၅တန်းနှစ်လောက်ကတည်းက နားထောင်ခဲ့ရတဲ့သီချင်းလေးမို့ အမှတ်တရကဗျာလေးနှင့်တွဲဖက်ဖော်ပြလိုက်ပါတယ်..။

တိမ်ဖမ်းလ

လရှေ့မျက်နှာပြင်ဝယ်
အရိပ်ရောင်ရယ်နှင့်
ထိပ်မှောင် မလွှမ်းတဲ့တိမ်
ဆမ်းပပအလင်းရောင်က
ငါ့တို့အိမ်ခေါင်မိုးပေါ်
ဖြန့်ဖြာလို့ရယ် ကျ။

ပလွှားလွှားကတဲ့ တိမ်
ညမှောင်စချိန်
လရောင်ကမမှိန်သမို့
မထိန်တထိန် ဖန်ခုန်ကစားရ
တိမ်ဖမ်းတဲ့လ..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၈-၁၂-၂၀၁၁)


Friday 16 December 2011

အလည်လွန် နှင်းစက်လေးများသို့ တမ်းချင်း














နှင်းစက်လေးတွေရေ..
နင်လာတာ ကောင်းပါတယ်…
နင်မလာလည်း ကောင်းပါတယ်…။
ဒီနှစ် -နင်ဘယ်ကို အလည်လွန်နေလဲ….
ဒီနှစ်လာတာ နောက်ကျနေတယ်…
နှင်းပျောက်တဲ့ ဆောင်းဆို ပြောရင်တော့
ရာဇ၀င်ရိုင်းတော့မယ်
ဒီဇင်ဘာလလယ်ကျိုးလို့
ခရစ္စမတ်သစ်ပင်တွေ အလှပြိုင်ကြပြီ
အပူချိန်က သုညအောက်ကို မရောက်ချင်ဘူး
လေပါမိုးရော ဇွတ်ပဲတိုက်မနေနဲ့ဦး...။
နှင်းစက်လေးတို့ရေ
မျှော်မိလို့လား
မခေါ်မိလို့လား
မတမ်းတမိလို့လား
ဘယ်ကြောင့် အလာနောက်ကျလဲ မမှန်းဆမိပေမယ့်
တခါတခါ သတိယမိပါတယ်..။
ဆောင်းလေပြည်ကတော့ ဒီနှစ်တော်တော်လေးမြူးကြွတယ်…
ရူးရလွန်းလို့တဲ့ မေဘယ်လ်ရွက်လေးတွေ လူးလဲမြေခပျောက်ကွယ်ပြီ.
ကြွေရတဲ့ အသဲပေါင်းလည်း မနည်းပြီ..
နောက်ထပ် ခွဲခွာရင် အသိပေးခဲ့ပါ..
မည်းနက်တဲ့ နှလုံးသားတွေကို
အခု.. စက္ကန့်ပိုင်းအတွင်း ဖြူရောင်လွင်ပြင်အသွင်ဖန်ဆင်းပေးပါတော့လား..။
နင်အလှတွေကိုငါ့အရှေ့မှာ ဖြန့်ခင်းပေးလိုက်ရင်…
ဘယ်လိုပင်တုန်ချမ်းပါစေ
နင့်ကို လွမ်းတဲ့စိတ်တွေပြယ်စေဖို့
တရေးရေး တစိမ့်စိမ့် မှိန်မှိန်ကြီး ရှုချင်စမ်းရဲ့…။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၁၃-၁၀-၂၀၁၀)

"ငရဲမီးကို ဖရဲသီးလို ချိုတယ်" ထင်တဲ့ "ငါ"
















တစိမ့်စိမ့်တွေးကြည့်
ငြိမ့်ငြိမ့်လေးပါပဲ
တိတ်တဆိတ်ငေးမနေနဲ့..
အတွေးတွေ အငွေ့မပြန်ဖို့
အတွေ့သဏ္ဍာန်လည်း ဆွဲငြိလေဦး
အတွဲအလွဲ အကွဲအပြဲတွေနှင့်
ဘ၀လည်း မည်းသဲခဲ့ဖူးပြီးပြီလေ
အစွဲက အခုထိ မဖြုတ်နိုင်သ၍
ဆုတ်ပြန် ဆန်ပြုတ်တော့ မသောက်မိပါစေနဲ့တဲ့
ဖျောက်ကြည့်မိတဲ့ ငါ
ငါ..ငါ..ငါ..နှင့်
အခါခါပါ ရောချခဲ့ ရမ္မက်
လောဘနှင့် မောဟကဖျက်
သြော်...ပြောမရတော့ ဒေါသကထွက်
လောကမှာ မာနကို မိုးထိမြင့်သေး
မသိလိုက် မသိဘာသာနှင့်နေ
အရှိသာသနာအတွင်းမှာတောင်
အခုလိုစိတ်တွေ အပြင်း
အဖျင်းအကုသိုလ်အဟိတ်တရားနှင့်
စိတ်ထားက ငရဲမီးကို
ဖရဲသီးလို ချိုတယ် ထင်တဲ့ငါ
ကုသိုလ်လို စေတသိက်နှင့်
ယခုလိုဆို ပိုတောင်ဝေးရော့မယ်
ဒီတခါတော့ ဘယ်လိုပဲ ပြောပြော
သံသရာတကြောမှ
အဖန်တစ်ရာမက မနစ်မွန်းရအောင်
ဒိဌအဟုတ်ပြတ်တဲ့
ပဋိစ္စသမုပ္ပတ်ကို လေ့လာ
ဝိပဿနာ အခါခါအားထုတ်
ငါ တရားဖြုတ်ဖို့ပဲ လိုတော့တယ်..။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၆- ၁၂-၂၀၁၁)

Wednesday 14 December 2011

ရွှေအပတ်စဉ် ချစ်ညီငယ်ဗိုလ်ကြီးများသို့ ဂုဏ်ပြုအမှတ်တရ ကဗျာ
















#ရွှေရည်သွန်းလိုက်ပါရဲ့
ဝေကြည်ရွှန်းမြ ကျက်သရေပို
တက်နေသလို ပခုံးဝယ်
တလုံးကြယ်ပေါ်ထွန်း
ဖော်ညွန်းပြလိုက်ချင်ပြီ
မြူနှယ်ကို ထွင်းပါဘိ
ဇမ္မူဝယ် လင်းသည့်ကြယ်
အဆင်းအတိကြွယ်လေတော့
အလင်းဖြန့် အင်အားသဖွယ်
(အိုကွယ်.ချစ်ညီ)..အပတ်စဉ်ငါးဆယ်…။


#ပီအပြင်ကာ ထည့်ရေးလိုက်ချင်ဘိ
ဒီဇင်ဘာ ၁၄ ရက်ပါကွဲ့
ပြန်တွက်တွေးလိုက်ရင်ဖြင့်
(သြော်.. ရောင်းရင်းတို့ရေ…) ဆွေးရက် တွေးရက်တွေနှင့်
အခုတော့ ကျောင်းဆင်း လေးနှစ် ပြည့်ခဲ့ပြီ..။


#ပတ်ချာလည်ရက်လရွှေ့လေတော့
အရပ်တကာ နယ်ပယ်မရွေး ပါဘူး
အသွယ်သွယ် ဘေးဘယာကင်းဖို့ရည်
ရန်မာန်အစွယ် ရှင်း
တိမ်မှောင်ခွင်းသည့် လမင်းကုဋေ နှယ်
ထွန်းပ မြေကမ္ဘာ အလင်းဝေစည်
ညွှန်းရ ရွှေကဗျာ ထင်းချေပြီ..။

#စဉ်လာညီ အမျိုးတွက်တွေးလို့ရယ်
ရင်မှာတည် ပြည်တိုးတက်ရေးကိုလှ
ဦးထိပ်ဆင်သည်
စိတ်ဘ၀င်ကြည် ပြည် သာယာရေးမို့
ညီညာရေးဖြင့် နှလုံးသားမှာရည်
အပြုံးစကားအလီလီရယ်နှင့်
အစီအရီ ရည်ရွယ်လို့တွေး
(အကျွန်ုပ်..) ချစ်သော ညီငယ်လေးတို့အတွက်
စာကဗျာရေးလို့ ဂုဏ်ပြုလိုက်သည်
ပြည်သူကဖြစ် ပြည်သူ့သားမို့ ပြည်ချစ် သားကောင်း ပီစေသော်ဝ်
ပြည်သူကချစ် ပြည်လည်းချစ်သမို့ ပြည်သူ့ သားကောင်း ညီစေသော်ဝ်
မြေပြင် ရေပြင် ဝေဟင်ထိပ်အထိစိုး ရွှေIntake ရဲ့ အစွမ်းတန်ခိုးလည်း ပြနိုင်စေ
ရာထူးတွေ အဆင့်ဆင့်မြင့် ပြည့်တာဝန်ကျေ
အချစ်ဖူးတွေ အခက်လက်ဝေစည်ပွင့်ဖူးပါစေ…။



အမှတ်တရ-
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၄-၁၂-၂၀၁၁)

Tuesday 13 December 2011

ရာဇ၀င်မှာမော်ကွန်းထိုး-မြန်မာ့ဂုဏ်ရောင် ဘယ်မညှိုးအောင်-ပြည်အကျိုးဆောင်မယ့် (ချစ်ညီငယ်)လေးဆယ့်ကိုး ဗိုလ်ကြီးများသို့ အမှတ်တရကဗျာ













* လွမ်းဖွယ်ပန်းချီနှယ်

ပန်းချယ်ရီမြေနန်းမှသည်
တစ်လမ်းတစ်နယ်စီ ဝေးခဲ့ရပေမယ့်
အတွေးဝယ် ဆွေးရက်တွေက
(သူငယ်ချင်းတို့ရေ)
သြော်..အခုတော့
လေးနှစ်ပြည့်လေပြီ။

* မြောက်လေပြန်ဝှေ့ ရွက်ကြွေဝဲတော့

ဆောင်းဟေမာန်တွေ့ နှင်းဝေတဲ့အချိန်
အဆင်းတမြမြ မြေမြန်မာအလှနှင့်
ပြည်သူ့ဘ၀ အနေလှလှမှာ
ရန်စွယ်မှန်သမျှ
ကာကွယ်သွေပဖို့ရည်။
(ရောင်းရင်းတို့ရေ)
ကျောင်းဆင်းချိန်မို့ ပျော်ခဲ့ရ
ရက်လတွက်မြောက်ရေကြည့်ရင်ဖြင့်
နှစ်ထောင့်ခြောက်ပါကွဲ့
အပီပြင်ကာငဲ့ မျှော်ခဲ့ရပါတဲ့
ဒီဇင်ဘာဆယ့်ငါးရက်ညဆီ။

* (သြော်..လွမ်းမိပါရဲ့)

အခါတော်မီချယ်ရီပွင့်ဖူးပြန်ရော့မယ်
တာဝန်အလီလီ ကိုယ်စီရယ်နှင့်
(အခုတော့)
ရာထူးတစ်ဆင့်တက်ပြန်တော့တယ်..။
ဘ၀မှာရက်မြတ်ထူးပေမို့
ပွင့်ဖူးလာပုခုံးထက်ကြယ်တပွင့်ပိုခဲ့
အလိုမပြီးတဲ့ လူပျိုကြီးဘ၀ရယ်နှင့်
( သြော်..အခုတော့)
ဗိုလ်ကြီးလည်းဖြစ်ခဲ့ပြီ..။

* အမုန်းတရားတွေဖယ်

ပြုံးစကားတွေဖလှယ်ကြနှင့်
နှစ်ထောင့်တစ်ဆယ်ဒီဇင်ဘာညမှသည်
ရှေ့ဆက်အသစ်ထူးတဲ့
နှစ်ကူးတွေမှာ
ကံသစ်ပွင့်ထူး
ရာထူးတွေအဆင့်ဆင့်မြင့်-ပြည့်တာဝန်ကျေ
အချစ်ပွင့်တွေအခက်လက်ဝေစည်ပွင့်ဖူးပါစေ။

* ပြည်သူကဖွား၊ပြည်သူ့သားမို့

ပြည်သူက ချစ်၊ ပြည်လည်းချစ်သမို့
ပြည်ဖျက်သည့်ပိုး
တိုက်စစ်ထိုးကာ
မြေပေါ်-ရေပြင်-ဝေဟင်စိုး
ရာဇ၀င်မှာ မော်ကွန်းထိုး
မြန်မာ့ဂုဏ်ရောင် ဘယ်မညှိုးအောင်
ပြည်အကျိုးဆောင်မယ့်
(ချစ်ညီငယ် )လေးဆယ့်ကိုး- ဗိုလ်ကြီးတို့ရေ

သည်အတွေးနော် တက်နေလားသို့
ပြည်အရေးမျှော် မြင့်မားအောင်ကြံဆောင်နိုင်ပါစေ”။




ရွှမ်းသိင်္ဃ(တနင်္သာရီ)
(MUCTR- MOSCOW)

( တိုင်းပြည်နှင့်ပြည်သူလူမျိုးကို ချစ်၍ ပြည်သူလူမျိုးက ချစ်သော (ပြည်အကျိုးဆောင်သော)ပြည်ချစ် တပ်မတော်သားကောင်းတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း ချစ်ညီငယ် ၄၉ ဗိုလ်ကြီးအားလုံးကို အမှတ်တရ ဂုဏ်ပြုလိုက်ပါသည်။လိုအင်ဆန္ဒ မှန်သမျှ ပြီးပြည့်ဝပါစေ။)

Tuesday 24 May 2011

Любящая Мей Мей (ချစ်သော မယ်မယ်)

















Как вы розы цветуют с утра до вечера.
Как солнце, излучаeт, чтобы дать надежду кого-то.
Ваши улыбки приходят ко мне, как лунный свет, сияние вокруг меня день и ночь.
Ваши слова поддержки успокоить меня, как бальзам, дает мне уверенность лучших вещей.
Ваш благочестивой жизнью заставляет вас Пасесеттер, прокладывая пути будущих поколений.
Ваш адвокат выступает в качестве руководства для меня, дали мне смелости, чтобы выглядеть намного выше океанов.
Горные вершины не являются угрозой для меня, потому что вы столп возведен для меня Богом.
Сладкий матери вы благословение ваше поколение, подарок неоценимое значение.
Вы основой для структуры единства вы построили вокруг меня.
Вы пейзаж смирения для меня.
Любить мама, вы воплощение трудолюбия.
Я люблю тебя.


НВЕ ШВАН У
( 19- 1-2011)
(РХТУ - МОСКВА)

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် ပြာသိုလပြည့် နေ့ (၁၉-၁-၂၀၁၁)(အမေများနေ့) လို့ ညီငယ် စည်သူသတိပေး လာပြောမှ စာရေးသူ သိရသည်..။( မြန်မာပြက္ခဒိန်ကို မကြည့်ဖြစ်ကြာပြီမို့ စာရေးသူ မသိခြင်းသာဖြစ်သည်..။) အချိန်ကား မော်စကို စံတော်ချိန် (၆း၄၅) ရှိနေပြီ..။ စိတ်ထဲမှာ ရုတ်တရက်ပင် စာရေးသူ`၏ မယ်မယ်ကို ပြေးမြင်မိသည်..။ သားတစ်ယောက်အနေဖြင့် အမေများနေ့ အမှတ်တရ ဘာမှ မလုပ်ပေးမိသဖြင့် ၀မ်းနည်းစိတ်တွေ တိတ်တဆိတ် ကွန်းခို မိသည်နှင့် တပြိုင်နက် စာရေးသူ ရင်ထဲက တချက် နင့်အောင် ခံစားပစ်လိုက်မိသည်..။ နှုတ်မှလည်း "မယ်မယ်" လို့ အဆက်မပြတ် ရေရွတ်မိလျက်ပင် မယ်မယ့်ရုပ်သွင်ကို မြင်ယောင်ပြီး မွေးကျေးဇူး ကျွေးကျေးဇူး အနှိုင်းမဲ့ အနန္တမေတ္တာ အထုကို ရှိခိုးကန်တော့လိုက်သည်..။
"မယ်မယ် ထာဝစဉ် စိတ်နှလုံးချမ်းမြေ့ ပျော်ရွှင်ကျန်းမာပါစေ"
ည(၉း၀၀)လောက်မှ အဆောင် ဘာသာရေးကော်မတီမှ နှိုးဆော် သမှုဖြင့် အမေများနေ့ စုပေါင်း ဘုရားရှိခိုးခဲ့ကြသည်..။မယ်မယ်ကိုတော့ အဝေးရောက်နေသော်လည်း စိတ်ထဲမှာ အစဉ်မြဲသတိယနေမိသည်ကတော့ အမှန်ပင်..။ဒီလို နေ့ဆို ပိုလို့တောင်လွမ်းလို့ကောင်းတဲ့အချိန်ပေါ့..။ဟိုအတွေး ဒီအတွေး တောင်မြောက်လျှောက်တွေးရင်း မယ်မယ်ရှိတဲ့ တနင်္သာရီအထိ အတွေးက ခြေဆန့်မိသည်..။စာရေးသူ ရဲ့ အိမ်မှာနေစဉ် ခလေးဘ၀ အချိန်တိုင်းမှာ မယ်မယ်ရဲ့စကားလေးတွေအခုထိကြားယောင်နေဆဲပင်..။ အတိတ်တလျှောက်ကို ခြေရာခံမိသလောက်တော့ မယ်မယ်အေးရိပ်မှာနေခဲ့သမျှအချိန်တွေဟာ စာရေးသူအတွက် ပျော်စရာတွေဆောင်ကြဉ်းပေးတဲ့ နေ့ရက်တွေသာ ရရှိခဲ့သည်..။မယ်မယ်လို့ အကျယ်ကြီးအော်ခေါ်လိုက်ရရင်ပဲ ပင်ပန်းသမျှ ကြုံတွေ့သမျှ ဒုက္ခတွေက သုခ အသွင်ပြောင်းသွားပြီး စိတ်အစဉ်ကို အလွမ်းပြေ အပန်းပြေတာတော့ အမှန်ပင်..။ ဘာပဲပြောပြော ..
“အမေ့နှလုံး .အမေ့အပြုံး
အမေ့သံ.အမေ့ဟန်.
အမေ့အသွင်.အမေ့ရင်ခွင်.
အမေ့မျက်နှာ.အမေ့ကဗျာ.
အမေ့နှုတ်ဖျား.အမေ့စကားတွေက.
အမေ့သားအတွက်တော့
အမြင့်ပျံစေမယ့် အတောင်ပံအားတွေပါ.”
လို့ပြောရင် စာရေးသူကို ပိုတယ်လို့ ပြောမလားသိဘူး..။မယ်မယ်နှင့်ပတ်သက်ပြီး စာရေးသူတွင် အမှတ်တရတွေ အများကြီး ရှိခဲ့တာတော့အမှန်ပင်..။ ကျောင်းပိတ်လို့ အိမ်ကို ခဏပြန်တိုင်း - "သားငယ်လေး.. ဘယ်အချိန် ကျောင်းပြီးမှာလဲ..အခု ၁၆တန်း ၁၇တန်း တောင်ရောက်နေပြီ..မပြီးသေးဘူးလား..။မယ်မယ်တို့နှင့် ဘယ်အချိန်မှ အတူပြန်လာနေမှာလဲ.. " စသဖြင့် ခလေးတယောက်အထင်ဖြင့် စာရေးသူရဲ့ဦးခေါင်းအရှေ့ဘက် ပွတ်သပ်ရင်း အဆက်မပြတ် ၀မ်းနည်းသယောင် အနေထားဖြင့် မယ်မယ်မေးလို့ရှိသည်..။ မယ်မယ်အတွက်တော့ အပျော်ဆုံးချိန်ကတော့ ဥသြတွန်ကျူး လတန်ခူးနှင့် ဆီမီးထိန်ထိန် သီတင်းကျွတ်ချိန်တဲ့ဗျ..။ဘာကြောင့်လဲဆိုတော့ သားသမီး အစုံအလင်နှင့်ပြန်တွေ့ခွင့်ရတဲ့ အချိန်မို့ပင်..။ဘယ်နေရာရောက်ရောက် ဘယ်သို့ဖြစ်နေနေ မယ်မယ်နှင့်ဘဘဆီသို့ နှစ်သစ်ကူးချိန်တော့ စာရေးသူတို့မောင်နှမတွေမရောက်ရောက်အောင် ပြန်ကြတော့အမှန်ပင်..။(နိုင်ငံခြားရောက်နေပေမယ့်လည်း စိတ်ကူးနှင့် တော့ အရောက်ပြန်ရသည်ပေါ့)။
အမေအကြောင်းရေးရင်ကုန်နိုင်ဖွယ်မရှိပါ..။ အမေမေတ္တာ..အဖေ့မေတ္တာ ..မောင်နှမဆွေမျိုးတွေရဲ့ မေတ္တာကို အပြည့်အ၀ ရခဲ့တဲ့အတွက် စာရေးသူအတွက်တော့ လူဖြစ်ရကျိုးနပ်သည်ဟု ဆိုရပေမည်..။ လူ့လောကထဲကို အသက်နှင့်ရင်း ဆောင်ကြဉ်းရင်း သားသမီးတွေရဲ့ဘ၀တွေ ကို အဆင့်မြင့်ရောက်သထက်ရောက်အောင် ပို့ဆောင်လမ်းပြပေးခဲ့တဲ့ မယ်မယ့်ကျေးဇူးကို အောက်မေ့သတိယပြီး အမေများနေ့မှာ "ချစ်သောမယ်မယ် " ကဗျာလေးကို မော်စကို ရောက်(အဝေးရောက်)သားတစ်ယောက်အနေဖြင့် မယ်မယ်နှင့်အတူ ကမ္ဘာမှာရှိတဲ့ အမေများကို ဂုဏ်ပြုရေးသားလိုက်ပါတယ်..။(အင်္ဂလိပ်အရေးကို g - talk မှာ အလျင်စလို ရုရှားဘာသာကဗျာ အသွင်ပြန်ရေးလိုက်ရတာမို့ အမှားများနှင့် စကားလုံးအသုံးနှုန်းများမှာ မှားယွင်းကောင်းမှားနေလိမ့်မည်..။ အမေကိုသာ ဦးတည် ရည်ရွယ်ထားသည်မို့ ကဗျာချစ်သူအနေဖြင့် ပြန်လည်ပြင်ဆင်ဖတ်ရှုပေးပါလို့ မေတ္တာရပ်ခံအပ်ပါသည်..။)
အမေများအားလုံး ထာဝစဉ်ပျော်ရွှင်ကြည်နူး စိတ်ချမ်းမြေ့ အပြည့်ဝရပါစေ..
အမှတ်တရ-
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(MUCTR- MOSCOW)


( အမေများနေ့မှာ.ကဗျာချစ်သူများ လည်း- အမေ့ကျေးဇူးကို သိတတ်ရင်း ကျေးဇူးရှင်မေမေအတွက် အမှတ်တရ တစ်ခုခု လုပ်ပေးခွင့်ရပါစေ..)

СОЛНЦЕ ( နေ )
















## Если только он не был,

Если он не целует , то это как
Раскращенные цветы , которые не цветут.

## Если только он не был,

Если он не целует , то это как
Раскращенные цветы , которые не падают.


НВЕ ШВАН У
(РХТУ)
(15-5-2009)

သည်ကဗျာကို ရေးတဲ့ နေ့ က စာရေးသူတို့ ရုရှားဆရာကြှီးက သူရဲကောင်းတွေအကြောင်းနှင့် သူရဲကောင်း ဆိုတာ ဘာလဲ ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆို စေတယ်..။ကျောင်းသားတယောက်ချင်းစီကိုလည်း ဆက်စပ်တဲ့ အတွေးကို ပြောခိုင်းသည်..။
စာရေးသူလည်း လိုက်တွေးကြည့်ရင်း အပြင်ဘက်ကို စိတ်ကူးကရောက်သွားသည်..။ မေလဆိုတော့ ရုရှားမှာ နွေဦးပေါက် အချိန်ဆိုတော့ ရွက်နုသေးသေးလေးတွေထွက်ပြူနေပြီ..။နေရောင်ခြည်နုနု လေပြည်အေးအေးလေးနှင့်တော်တော်လေးသာယာတဲ့ အနေအထားရှိသည်..။
သို့ပေမယ့် ကျောင်းစာသင်ခန်းပြတင်းပေါက်ကတစ်ဆင့် ထိုးဖောက်ဝင်ရောက်လာတဲ့ နေရောင်ခြည်တွေကတော့ စာရေးသူရဲ့ မျက်နှာပြင်ကို ပူနွေးတာထက် အပူရှိန်ပြင်းသထက်ပြင်းအောင် ဖန်နေစေသည်မို့.....မခံနိုင်သည့်အဆုံး မျက်နှာအရှေ့ဘက်မှာ စာအုပ်ကို ခံလိုက်သည်လေ..။ဤသို့လုပ်လိုက်တာနှင့် ဆရာကြီးစာမေးတာကို မဖြေချင်လို့ စာအုပ်ခံတယ်လို့ထင်မှာလည်း စိုးရသေးသည်..။သို့အတွက် ခုန်နေရာနည်းနည်း ရွှေ့ပြီးထိုင်လိုက်မိသည်..။ထိုင်ပြီးခဏ တဒင်္ဂအတွေးမှာ ပေါ်လာသည်က နေရောင်ခြည်နှင့်ပတ်သက်တဲ့ ကဗျာအတွေးလေးပါပဲ..။
စာရေးသူ ဖြေမယ့် အလှည့်ရောက်ရော.. အထက်ပါ ကဗျာလေးကို ရွတ်လိုက်ပါတယ်..။သူရဲကောင်းကို နေမင်းနှင့် ခိုင်းနှိုင်းလိုက်တယ်..။ရောင်စုံပန်းလေးတွေကိုတော့ ပြည်သူနှင့် ရန်သူအသွင် ဖန်တီးလိုက်တယ်..။ဒီလိုပြောလိုက်တော့
ဆရာကြီးက အချစ်ကို နေမင်းနှင့် တင်စားလို့ထင်မြင်တယ်..။အချစ်ဆိုတာရှိနေသမျှ အရာရာလှပစိုပြေနေသလို သူမရှိရင်လည်း အရာရာအထီးကျန်ခြောက်ကပ်တယ်တဲ့..။
ကဗျာဆိုတာက ဖတ်တဲ့သူရဲ့ အတွေးပေါ်မှာပဲ မူတည်ပါတယ်လေ..။ခံစားမှု တွေးခေါ်မှု ပေါ်မှာ မူတည်ပြီး ပြောင်းလဲအသွင်ဖန်တီးကြံဆလို့ရသည်မို့....ရှုထောင့်မျိုးစုံအလိုက်တော့ ကဗျာအဓိပ္ပာယ်က ကွဲသွားတာပါပဲ..။
MSU တက္ကသိုလ်က ဆရာတယောက်ကို ပို့ပြီးဝေဖန်ခိုင်းကြည့်ရာ သူ့အတွေးကတော့ ဆရာတယောက်ဖြစ်တဲ့အတွက် - ဆရာကို နေမင်းနှင့် ခိုင်းနှိုင်းထားတယ်လို့ ပြန်ပြောတယ်..။
ဘာပဲဖြစ်ဖြစ် နေမင်းကတော့ မနက်ဖြန်ရက်များစွာမှာ ရှိနေဦးမှာပဲ.။သူ့ရောင်ခြည် အောက်မှာလည်း ပန်းရောင်စုံလည်းဖူးပွင့်ဝေဦးမှာပါပဲ....ထပ်ပြီးလည်း လွှင့်ကြွေကြဦးမှာပဲလေ..။
သို့ပေမယ့် စာရေးသူ အတွက်မှာတော့( နေ) ဆိုတဲ့ ကဗျာလေးကတော့ မော်စကို အမှတ်တရ အနေဖြင့် ရင်ထဲမှာ ထာဝရ ပွင့်လန်းနေဦးမှာ​ ဧကန်အမှန်ပင်..။
" သူမနမ်းရင် ပန်းတိုင်းဝေမည် မဟုတ်ပါ"
"သူမနမ်းရင် ပန်းတိုင်းကြွေမည် မဟုတ်ပါ"

အမှတ်တရ-
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(MUCTR - MOSCOW)

(ဒီကဗျာ နှင့်ပတ်သက်ပြီး ကဗျာချစ်သူတွေမှာလည်း အတွေးကိုယ်စီ ရှိလာပါလိမ့်မယ်..။ စာရေးသူ ငယ်စဉ်က ဖတ်ဖူးတဲ့ ကဗျာလေးကို ဆက်စပ် ဖော်ပြလိုက်ခြင်းသာ ဖြစ်သည်..။)

(ကဗျာချစ်သူတို့ ပျော်စရာအတွေးနှင့် မနက်ဖြန်လေးတွေကျော်ဖြတ်ခွင့်ရပါစေ)

Mечта на новый год (နှစ်သစ်အိပ်မက်)















Я буду хватать звёзды пожелания в небе надежд.
Я буду приносить цветы счастьявы на горы успеха.
Я щагну через волнах трудностей на поверхность моря жизни.
Я посажу дерево усердия (напряжения) в саду цели (намерения).
Я буду открывать двери в трудном положении ключами освободония.
Я буду желать всем людям всего хорощего и счастья в жизни.
Я буду рисовать лучшие (красивые) дни на календаре изменения
.


НВЕ ШВАН У
(РХТУ - МОСКВА )
(2010 -2011)


မကြာမီ နှစ်သစ်ရောက်တော့မယ်ဆိုတော့ စာရေးသူ နှစ်တိုင်းလုပ်နေကြအတိုင်း ခင်မင်ရတဲ့သူငယ်ချင်းတွေ နှင့် ရိုသေလေးစားရတဲ့ သူတွေဆီ နှစ်သစ်ကြိုတဲ့ကဗျာလေး ရေးပြီး ပို့ရသည်ပေါ့..။ ဒီနှစ် ၂၀၁၀ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ရေးဖြစ်တာကတော့ ရုရှားလို ကဗျာလေးပါပဲ..။နှစ်သစ်အိပ်မက်လို့ အမည်ပေးထားတယ်..။နှစ်သစ်မှာ လုပ်ချင်တဲ့ အစီအစဉ်လေးတွေကို ကဗျာဖွဲ့လိုက်ပါတယ်..။ကဗျာမှာတော့ မျှော်လင့်ချက် ကောင်းကင်ပေါ်က ဆန္ဒရဲ့ကြယ်စင်လေးတွေခူးဆွတ်ခြင်းနှင့် အစချီရေးထားသည်ကို တွေ့ရမှာပါ။အရင်ကရေးဖူးတဲ့ ကဗျာစာသားကို ပြန်ပြီး ရုရှားလို အသွင်ပြောင်းရယူထားခြင်းသာဖြစ်သည်..။ ပျော်ရွှင်ခြင်းပန်းပွင့်-အောင်မြင်မှုတောင်ထိပ်- ဘ၀ပင်လယ်-အခက်အခဲလှိုင်းလုံး - ရည်မှန်းချက်ဥယျာဉ်. လွတ်မြောက်ခြင်းသော့တံ-မောကြပ်နေတဲ့ဘ၀-လူတွေရဲ့ဆန္ဒ စသော မြန်မာကဗျာဥပမာပေးပုံကို ယှဉ်တွဲရေးထားခြင်းသာဖြစ်သည်..။ စာရေးသူ အမြဲတမ်းဆုတောင်းနေကြဖြစ်သော အရာရာ အဆင်ပြေချောမွေ့ဖို့ နှင့် ပျော်ရွှင်မှုတွေရဖို့လည်း ဆုတောင်းပေးထားတယ်..။ အဓိက က နှစ်သစ်အတွက် ПЛАН (အစီအစဉ်) ဆွဲလိုက်ခြင်းသာဖြစ်သည်..။ အားလုံးရဲ့ အတွေးမှာလည်း စာရေးသူလိုပဲ နှစ်သစ်အစီအစဉ်တွေဆွ္ဒဲထားကြမယ်ထင်ပါရဲ့..။ရိုးစင်းတဲ့ စကားလုံးတွေနှင့် ရေးဖွဲ့ထားတာမို့ ကဗျာအရသာပျက်သွားမှာစိုးလို့ စာရေးသူ မြန်မာလို အသေးစိတ်မပြောတော့ပါဘူး..။
ဒီကဗျာရေးတဲ့နေ့ကတော့ စာရေးသူအတွက် အမှတ်တရဖြစ်တဲ့ အဖြစ်ပျက်လေးတွေကတော့ စာရေးသူတို့ မေဂျာတစ်ခုလုံး ဆေးစစ်သွားရတယ်..။ရုရှားဆေးရုံတွေရဲ့ ဆေးစစ်တဲ့ အတွေ့အကြုံကိုရခဲ့သည်ပေါ့...။ဆေးစစ်ပြီးတာနှင့် ကျောင်းသွားပြီး စာမေးပွဲဖြေတယ်..။ စာမေးပွဲ ၂ခုကို တပြိုင်တည်းအပြီးဖြေလိုက်တယ်..။ ည(၆း၃၀)မှာပြီးတယ်..။ပြီးတာနှင့် နှစ်သစ်ကူးအရုပ်ရောင်းတဲ့ ဈေးကိုသွားဖြစ်တယ်..။၂၀၁၁က ယုန်နှစ်မို့ ယုန်ရုပ်လေးတွေကို ပုံစံအမျိုးမျိုးနှင့် ရောင်းချနေတာကိုတွေ့ရသည်..။ စာရေးသူ တစ်ယောက်လည်း ဟိုဆိုင်ဝင် ဒီဆိုင်ထွက်နှင့် ပြီးမှ နှစ်ရုပ်ဝယ်လာခဲ့တယ်..။ လက်ဆောင်အဖြစ်တော့ ဒီနေ့မှာ အရုပ်လေးတွေထပ်ရခဲ့တယ်..။(ပို့စကတ်နှင့်အတူ ရင်းနှီးတဲ့သူ တစ်ယောက်ပိုလိုက်ခြင်းသာ)။ ပြီးတာနှင့် ညဈေးထဲ ကြက်သားနှင့် ငါးတွေဝယ်နေစဉ် အသက်၄၀ရွယ် ခပ်နွမ်းနွမ်း လူတစ်ယောက် စာရေးသူအနောက်က လိုက်လာသည်ကို သတိထားမိသည်..။ စာရေးသူ ဟင်းသီးဟင်းရွက်အတန်းဝင်ဝယ်စဉ်လည်း အပြင်မှာရပ်စောင့်နေသည်..။ နောက်မှ စာရေးသူ က "ကျနော်-ဘာအကူညီပေးရမလဲ"မေးလိုက်မိသည်..။ထိုလူက အကြွေရှိလား-အကြွေလိုချင်လို့ဆိုပြီး သိမ်ငယ်သောမျက်နှာထားနှင့်ပြောရှာသည်..။စာရေးသူလည်း ရှိတဲ့အကြွေတန် ၅၀ကိုပေးရာ ထိုလူက ယူပြီး ၁၀တန်အကြွေစေ့ ၄၀ရူဘယ်လ်ကို ပြန်ပေးသည်..။စာရေးသူက မလိုဘူး ပြန်မပေးနဲ့တော့-ယူသွားတော့ ပြောပေမယ့်လည်း သူလိုချင်တာ ၁၀တည်းပါ ကျေးဇူးတင်ပါတယ် နှစ်သစ်မှာပျော်ရွှင်ပါစေ လို့ ပြောဆိုဆို ထွက်သွားတော့သည်..။ဘာပဲပြောပြော ၁၀ရူဘယ်ဆိုတာ စာရေးသူအတွက် မပြောပလောက်ပေမယ့် တကယ်လိုအပ်နေတဲ့ လူအတွက်တော့ တကယ့်ကို ရွှေ ၁၀ပါပဲ..။ လိုအပ်နေတဲ့သူကို ပေးခွင့်ရတဲ့အပြင် ပီတိဖြစ်ခဲ့ရတဲ့ အဖြစ်ပျက်လေးမို့ စာရေးသူအတွက် အမှတ်တရဖြစ်စေသည်ကတော့ အမှန်ပင်..။အပြန်လမ်းမှာတော့ နှစ်သစ်သီချင်းလေးတွေကို ကြားခွင့်ရသည်..။ ညကအေးချမ်းတည်ငြိမ်လို့..။နှင်းတွေဖုံးလွှမ်းထားသောညမြင်ကွင်းမှာ ရောင်စုံမီးတွေ နှင့် တန်ဆာဆင်ထားတဲ့ ခရစ္စမတ်သစ်ပင်လေးတွေ ထပ်ဆင့် မြင်ခွင့်ရသည်..။ သည်ညလေးကတော့ စာရေးသူအတွက် အမှတ်တရမော်စကိုည လေးဖြစ်သည်လို့ ဆိုရင် မှားမည်မထင်ပါ..။
ကဗျာနှင့်ဆက်စပ်ပြီး ရေးချင်ရာရေးလိုက်ရပေမယ့် အစီအစဉ်မကျဖြစ်နေတာကိုတွေ့ရပေမည်..။မည်သို့ပင်ဆိုစေကာမူ ကဗျာချစ်သူတို့လည်း နှစ်သစ်အတွက် အိပ်မက်လှလှလေးနှင့် ပြောင်းရွှေ့နေတဲ့ပြက္ခဒိန် တွေမှာ ကာရန်လှလှနေ့ရက်လေးတွေသာ ရေးဆွဲနိုင်ခွင့်ရကြပါစေ..။
အမှတ်တရ-

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(MUCTR - MOSCOW)
(ကဗျာချစ်သူတို့ အသစ်သစ်နှစ်မှာ အချစ်စစ်(true love)နှင့် ဆုံတွေ့ခွင့်ရပါစေ..။)

Стихи на новый год (နှစ်သစ်ကဗျာ)












## Поезд времении медленно движется передо мной.
Некоторые люди идут вниз и новые люди поднимаются.
Чем новее Календарь , тем старее я.

## Птицы времении медленно и постепенно летят над моей головой.
Вокруг Солнца Земля вращается всегда.
Чем н овее год, тем красивее моя мечта.

## Смотрите! Как ярко на горизонте звёзды свержают.
Прощаюсь с вами ( Со Старым Годом) :До свидания дорогой стaрый год.
Там остались мои ошибки- мои обиды-мои беды.

## Слушайте! Как приятно по улице звуки песни плывут.
Поздравляю вас С Новым Годом :Пожалуйста приходи дорогой новый год.
Тебе несу свою улыбку, свою любовь, свои уроки жизни.

Нве Шван У
(РХТУ - МОСКВА)
(2010 -2011)
နှစ်သစ်ကူးတယ်ဆိုတာ စာရေးသူအတွက်တော့ သိပ်ပြီး အဆန်းတကြယ်မဟုတ်ပါဘူး..။သိုပေမယ့်လည်း မော်စကိုမှာ ပညာသင်နေစဉ်အတွင်း နှစ်သစ်ကူးညရယ်လို့ ရင်ခုန်ရတယ်ဆိုတာ ဒီနှစ် ၂၀၁၀- ၂၀၁၁ နှစ်အကူးညလေးပါပဲ..။ အရင်နှစ်တွေကတော့ နှစ်သစ်ကူးကဗျာပြိုင်တယ်..ကျောင်းနှစ်သစ်ကူးပွဲတွေမှာ ကဗျာတွေ သွားရေးဖြစ်တယ်..။ဒီနှစ်တော့ စာမေးပွဲတွေက ဆက်တိုက်ဆက်တိုက် ဖြေနေရတော့ နှစ်သစ်ကြိုပွဲမှာ ကဗျာ မရွတ်ဖြစ်ခဲ့ဘူး..။အရင်နှစ်တွေက ခရင်မလင်နန်းတော်ဘက်ကို သွားပြီး Happy New Year ရယ်လို့ တခွန်းတစ သွားအော်ဖြစ်ခဲ့ပေမယ့် ဒီနှစ်တော့ အအေးဒဏ်ကို မခံချင်တော့လို့ မသွားဖြစ်ဘူး..။အမှတ်တရတွေတော့ အခုထိတော့ရှင်သန်နေတာကတော့ အမှန်ပဲ..။ဒီနှစ် နှစ်သစ်ကူးကတော့ - စာရေးသူအတွက်တော့ တိတ်ဆိတ်ငြိမသက်လွန်းလှတယ်..။ ၂၀၁၀ ခုနှစ်ကတော့ စာရေးသူ လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ နှင့် စိတ်ချမ်းသာမှုတွေဆောင်ကြဉ်းတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့သည်ပေါ့..။ ၂၀၁၁ လည်း စာရေးသူအတွက် ကံတောင်းခြင်းတွေဆောင်ကြဉ်းပေးမယ့် နှစ်လို့ ထင်မိပါတယ်..။နှစ်သစ်အတွက်တော့ အားလုံးအတွက် အစစ အရာရာ အဆင်ပြေဖို့ ဆန္ဒပြုပါတယ်..။
မကြာမီ အချိန်အတွင်း နှစ်သစ်ရောက်တော့မယ်ဆိုတော့ နှစ်သစ်ကူး မီးရှူးမီးပန်း အလှနှင့်အတူ နှစ်သစ်ကိုကြိုဆိုဖို့ အားယူရင်း -
စာရေးသူ အမှတ်တရကဗျာနှင့်အတူ မော်စကို နှစ်သစ်ကူးည ပုံရိပ်လေးတွေကို အမှတ်တရဖော်ပြလိုက်ပါတယ်..။
မြန်မာလိုတော့ "နှစ်သစ်ကဗျာ" လို့ အမည်ပေးလိုက်ပြီး ကဗျာထဲမှာ-

"အချိန်မှန်ရထားကြီးက ကျနော့်အရှေ့ဘက်မျက်နှာစာမှ တရွေ့ရွေ့ခုတ်မောင်းနေဆဲပေါ့..
မိုင်တိုင်တခုမှာ လူတချို့ဆင်းသက်သွားကြသလို လူအသစ်တွေလည်းတက်လာကြပြန်ပြီ
ပြက္ခဒိန်တွေသစ်သစ်လာသလောက် ငါ့ရဲ့ခန္ဓာလည်း တစစ အိုဟောင်းလာခဲ့ပြီ…

အချိန်နာရီငှက်ကလေးများကလည်း ရွှေတောင်ပံခတ်လျက် ကျနော့် အထက်ဝန်းကျင်မှ ပျံသန်းကြလေပြီ…
ကမ္ဘာကနေကိုလည်ပတ်တာ တပတ်ပြည့်သွားပြန်ပြီ….
နှစ်တွေသစ်သစ်လာသလို ငါ့ရဲ့ အတွေးစိတ်ကုးတွေလည်း ပိုလှလှလာခဲ့ပြီ..

ကြည့်လိုက်စမ်း! မိုးကုတ်စက်ဝိုင်းတလျှောက်မှာ ကြယ်တာရာတွေ လင်းလက်နေလေပြီ..
အမုန်းတွေကျိုး..အပြုံးတွေတိုး ခဲ့တဲ့ သက္ကရာဇ် နှစ်ထောင့်ကိုးရယ် ငါ့နှုတ်ဆက်ခဲ့ပါတယ်..
မင်းဆီမှာ-ငါ့ရဲ့ အမှားတွေ-ငါ့ရဲ့ အမုန်းတွေု င့ါရဲ့ရှုံးနိမ့်နာကျင်ကြေကွဲမှုတွေ မြှုပ်နှံခဲ့တယ်နော်…

နားထောင်လိုက်စမ်း! လမ်းတလျှောက်မှာ သာယာနာပျော်ဖွယ်ကောင်းတဲ့ နှစ်သစ်သီချင်းသံစဉ်လေးတွေပျံ့နှံ့ ကြားနေရပြီ...
အမုန်းတရားတွေဝေးလွှင့်...အပြုံးတံခါးတွေအဆက်ဆက် ဖွင့်လှစ်ရင်းဘ၀သင်ခန်းစာများနှင့်အတူ.သက္ကရာဇ်နှစ်ထောင့်ဆယ့်တစ်ကို နှုတ်ဆက်စကား ခွန်းခြွေလိုက်တယ်…။"
( ကဗျာချစ်သူချစ်ညီအစ်ကိုတို့ နှစ်သစ်မှာ ပျော်ရွှင်ကြည်နူးနိုင်ပါစေ..)

အသစ်သစ်နှစ်မှာ-အချစ်စစ်(True love)နှင့် -တွေ့ပါစေဗျ….
နှစ်အကူးမှာ- အချစ်ဦးနှင့် ကံထူးလို့ပျော်မြူးနိုင်ပါစေဗျ…
ပျော်ရွှင်ကြည်နူး- မင်္ဂလာနှစ်သစ် အထူးဖြစ်ပါစေဗျ..။
Happy New Year – 2011!
Поздравляю вас С Новым Годом!

နှစ်သစ်ကူးအမှတ်တရ-
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(MUCTR - MOSCOW)
( ကဗျာချစ်သူချစ်ညီအစ်ကိုတို့ နှစ်သစ်မှာ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ..)

Thursday 12 May 2011

အနေအထိုင်မတတ်တဲ့ ကြယ်



တိမ်လွှာတိမ်မျှင်ကရုတ်ကရက်မယ်
ရှုပ်ယှက်ခတ်နေတဲ့ ဆောင်းခိုငှက်ငယ်
ဟောင်းလို့ ကြွေလွှင့်သွားတဲ့ ရွက်ဝါလေးလား
လေဟုန်စီးလွှား ဟိုဒီလွှင့်ပါးလိုက်ဖို့ပဲကောင်းတယ်
ရေကြည်ရာ မြက်နုရာထွက်ခွာသူက ထွက်ခွာ
ဝေးလေကောင်းလေဆိုသူကဆို
အိမ်ကထွက်ပြေးရင်းက အိမ်ကိုလွမ်းတတ်လာခဲ့ပြီ
သည်လူမရှိမှ သည်လူတန်ဖိုးကို နားလည်ကြမှာ သဘာဝပါ
ဘ၀ကခဏတာဆိုပေမယ့်
ခဏတာ တဒင်္ဂလေးပဲဖြစ်ဖြစ်
အမေ့ရင်ခွင်ထဲပြန်ခိုခွင့်လေးပေးရင်.......
ငယ်ချစ်ပုံပြင်လေး ကြားနာချင်ရချင်သလိုလို
မြက်ခင်းစိမ်းနှင့် အနာဂတ် ကောင်းကင်ကို ဦးတည်လို့
တခါတခါလည်း တိမ်လွှာအနောက် မှာ ပြေးပုန်းတမ်းကစားခဲ့သေးတယ်..
ဘ၀ဘ၀တဲ့
နောင်တတွေ တလှေ တပိုက်ကြီးနှင့်
အနေအထိုင်မတတ်
ဟိုစပ်စပ် ဒီစပ်စပ်
မိုးတလုံး လေတလုံး
ထိသမျှရွှေ
လောကကြီးက ဟားတိုက်တာမှ အလိုက်ကန်းဆိုးမသိတဲ့ အဖြစ်
သင်္ခါရနယ်ပယ်မှာ အခုထိ အမှတ်မရှိ စိတ်လွတ်ကိုယ်လွတ် ရုန်းချင်ရုန်း
ွှအချစ် အမုန်း အပြုံး တဏှာရမ္မက်တွေ ဖုံးသထက်ဖုံး
တရားနှလုံးကို ဘယ်တော့လောက် အသုံးချရမှန်းမသိသေးသမျှတော့
အရှုံးကြီးရှုံးနှင့် မဆုံးတဲ့ခရီးတွေ ဆက်နေရဦးချေရဲ့....
ဆက်ရန်ရှိသေးတဲ့ ဘ၀တွေထဲ
ပြောလိုက်သေးတယ်.....
မှိတ်တလှည့် လက်တလှည့် လင်းတလှည့် မှောင်တလှည့်
တိတ်တဆိတ်ကြွေရင်တောင်
တစိတ်စိတ်နှင့် မြေကမ္ဘာရဲ့ရင်မှာ တရိပ်ရိပ် လင်းချင်သေးရဲ့...။


ရွှမ်းသိင်္ဃ(တနင်္သာရီ)

(၉- ၅-၂၀၁၁)

Friday 22 April 2011

အိပ်မက် မမက်တာ ကြာရော့ထင့်



လမင်းက တရိပ်ရိပ်
ကြယ်တာရာ တ မှိတ် မှိတ်မှာ
စိတ်မှာတော့ ကြိတ် တိုး
ထိပ်ကို ထထထိုးလိုက်ချင်ပါဘိ
မြင်ကာကြည့်ကြတော့ ဆွေသဟာရယ်
မြေကမ္ဘာမှာ ကျနော်လောက် စိတ်ညစ်ညစ်နှင့်
အိပ်ပျက်ကြတာ များရပါလိမ့်
ပြောပြရင်လည်း ဒေါပွစရာတွေ ဖြစ်ရော့မယ်
ဒေါသကို သိက္ခာနှင့်ထိန်း
ညစဉ်ညစဉ် ဆူညံသံ တဒိန်းဒိန်းမှာ
(ကျုပ်မှာလေ)မှိန်းကာ စိတ်ညစ်ရသည်...
အိပ်မက်ဗလာရယ်နှင့်
အိပ်ပျက်ညလည်း များချေပြီ...။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၂-၄-၂၀၁၁)

Wednesday 20 April 2011

မမ အပျိုကြီး သို့.....



အဖော်မငြီးပါတဲ့
သြော်-တကိုယ်တည်းပါကွဲ့
အပျိုကီးမမရယ်
စာမရလက်ပိုက်
တချက်ရိုက်ခံရမယ့်ဘ၀မှာ
စိမ်းပြာဝါနီလူစုံထဲမှ
တပင်တိုင်ကရယ်နှင့်
ယှဉ်ပြိုင်လည်း မက၀ံ့ရဲတော့
နဲသလေး မဲသလေး ရဲလေး ရွေးလို့ရွေး
အသဲလေး ပဲပေးတော့
ဘဲဝေး ရပြန်ပြီမို့
(ဒီတခါတော့လည်း)
အိနြေ္ဒကိုသိမ်း
ထိန်းကာသာစာစီလိုက်တော့လေ
ဖိတ်စာမှာ တခြမ်းသာပိုင်တာမို့
လည်ငိုင်ကာ အထီးကျန်ပေမယ့်
အကျည်းတန်တာတော့မဟုတ်ပါ
ဂုဏ်သိက္ခာအလွှာခြားပြီမို့
စိတ်မှာ တရား ဖြစ်ပျက်မှတ်လို့
ဖိတ်စာကိုအသာသိမ်းထားလိုက်တော့ကွဲ့
မိတ်သဟာ ရွေးချယ် မတော်ပါတော့
လေးဆယ် မကျော် တကျော်မှာလေ
ကြိတ်ကာသာ အချစ်ပိုးထကြွ
အလိုမပြီးပါတဲ့
သြော်-အပျိုကြီး.ဘ၀။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၀ - ၄ -၂၀၁၁)
( သူငယ်ချင်း အပျိုကြီး ဆရာမ သို့ ...အမှတ်တရ)

Thursday 14 April 2011

အသက်ဝင်လာသော မြန်မာကဗျာ(၉)- (မုန့်လုံးစက္ကူကပ်)













အမိမြန်ပြည်မှာ အခုအချိန်အခါကတော့ နွေသရုပ်ကို ပိုပေါ်လွင်စေတဲ့ အခါသာမယပေါ.။ နွေအပူရှိန်ကို အန်တု အခါတော်မီ ပွင့်ဖူးလာတဲ့ နွေဦးပရစ်ဖူးတွေက အခက်အလက်တွေမှာ နုနုရွရွနှင့် ထွက်ပြူကြ..။ မိုးရေ တဖြောက် နှစ်ဖြောက် ဖျန်းလိုက်တာနှင့် ဖလန်း ဖလန်း ထ ပွင့်ရှာကြတဲ့ သင်္ကြန်အမီ ပိတောက်ပန်းတွေက ၀ါဝါထိန်ထိန်နှင့် တကယ့်ကို ကြည်နူးဆွတ်ပျံ့ဖွယ် သင်းထုံနေပေပြီ..။ ရာသီခွင်အားဖြင့် မိဿရာသီခွင် ဆိုတော့ မြင်မြင်သမျှ ရှုတိုင်းလှပေသည်..။ နွေဦးမှာ ဆော်မြူးတဲ့ နွေဦးလေညှင်းတဝှေ့မှာတော့ တကယ်ကို စိတ်တွေလန်းဆန်းတက်ကြွစေသလို အနောက်ကလိုက်ပါလာတဲ့ ဖုန်သရိုက်တွေကြောင့်လည်း နည်းနည်းတော့ စိတ်နွမ်းရသည်..။စိတ်မှာ လွမ်းမောအောင် ဖန်တီးနိုင်စွမ်းတာက တသြတည်း သြ နေတဲ့ ဥသြငှက်လေးတွေရဲ့ အသံပါပဲ..။သို့ပြင်တည်းမဟုတ်..ကျေးလက်မြို့ပြမကျန် သင်္ကြန်ဒိုးသံက တူးပို့တူးပို့နှင့် ရာသီနှင့်အလိုက် မြူးကြွကချင်စရာ နွေဦးသင်္ကြန်သရုပ်ကို လှစ်ဟနေသည်ပဲလေ..။
ကဲ..ဘာလိုလိုနှင့် ဒီနေ့… သင်္ကြန်အကျနေ့တဲ့..။ မြန်မာပြည်သင်္ကြန်နှင့် ဝေးကွာခဲ့ရတာ ၃နှစ်တောင်ရှိခဲ့ရောပေါ့..။ ဒီနှစ် သင်္ကြန်မင်းက ရေချမ်းအိုးကိုပိုက် သိန္ဒောမြင်းလျက် လူပြည့်ကို အလည်လာမယ်တော့ သိရတယ်..။ အတာသင့်တဲ့ သူတွေက အတာစာကျွေး ဦးခေါင်းဆေးမင်္ဂလာပြုကြ အလှူလုပ်ကြရတာ ဓလေ့တစ်ခုပဲလေ..။ အတာစာဟု ဆိုလိုက်တာနှင့် သင်္ကြန်ထမင်း၊ ရွှေရင်အေး၊ သာကူ၊ မုန့်လက်ဆောင်း(မုန့်ဖားလောင်း)၊ မုန်းလုံးရေပေါ်တို့ကို မြင်ယောင်ကြမှာပါလေ..။ အဲဒီထဲမှာမှ - မုန့်လုံးရေပေါ်က တကယ့်ကို သင်္ကြန်ပုံရိပ် သင်္ကြန်ကဗျာနှင့် ကင်းလွတ်၍ မရသော သင်္ကြန် အစားစာပါပဲ..။ ဆန်နှင့် အဓိကလုပ်ပြီး ဒေသအလိုက် မုန့်လုံးထဲ ထန်းလျက် ၊ ကြံသကာထည့်လုံးကြသည်..။ရေပေါ်လာတဲ့ မုန့်လုံးကိုမှ အုန်းသီးနှင့် အပေါ်ကဖြူးစားကြသည်..။ တချို့ဒေသမှာက မုန့်လုံးထဲ အုန်းသီးသကြားကျိုကိုထည့်ပြီး ရေပေါ်လာတဲ့မုန့်လုံးကြီးကို ကျိုထားတဲ့ အုန်းနို့နှင့် စားကြသည်လေ..။ဒါကတော့ တကယ့်ရှယ် ပါ..။ တခါတလေတော့လေး သူငယ်ချင်းတွေ နောက်ပြောင်ကျီစယ်လိုသဖြင့် ငရုတ်သီးထည့်လုံးတာလည်း ရှိသည်လေ..။
စကားတွေကြောင်းနေရင်းက စာကတော်တော်များနေပြီ..။ စာရေးသူ အဓိကရေးချင်တာက သင်္ကြန်နှင့်ဆက်စပ်ပြီး ဓလေ့တစ်ခုအသွင် သင်္ကြန်အစားစာဖြစ်တဲ့ မုန့်လုံးရေပေါ်နှင့် ပတ်သက်တဲ့ကဗျာလေးကို သံစဉ်သွင်းထားတဲ့ သင်္ကြန်သီချင်းလေးကို ဖော်ပြချင်တဲ့ သဘောပါ..။ မူလကဗျာကတော့ စာရေးသူတို့ ငယ်စဉ်ကတည်းက သိပြီးသားဖြစ်သော မုန့်လုံးစက္ကူကပ် ကဗျာလေးပါ..။ အခုနောက်ပိုင်းတွင် ဆရာဦးသော်ဇင် စုဆောင်းလေ့လာထားတဲ့ ကျေးလက်တောရွာ တေးကဗျာထဲတွင် ထပ်ဆင့်လေ့လာနိုင်သည်လေ..။ တော်ဝင် နန်းမထိုက်တဲ့ ကဗျာ မဟုတ်ပေမယ့်လည်း ကျေးလက်သဘာဝ စရိုက်လေးတွေ ထုံမွှန်းနေသည့် ကဗျာလေးဖြစ်သည်မို့ ဘယ်အချိန်ချိန်ရွတ်ရွတ် ဘယ်အချိန်ဆိုဆို တကယ့်ကို ပျော်ရွှင်ကြည်နူးမှုပေးစွမ်းသည်မို့ ..ကဗျာလေးနှင့်အတူ ကဗျာသံစဉ်သွင်းဆို အစပျိုးထားတဲ့ မုန့်လုံးစက္ကူကပ် သီချင်းလေးကို သင်္ကြန်အမှတ်တရအနေဖြင့် ဖော်ပြပေးလိုက်ပါသည်..။(တချို့ကလည်း သံသရာလည်ပုံတို့ လုံးချာပတ်လည် နေတာတို့ကို မုန့်လုံးစက္ကူကပ်သည့်သဘောနှင့်ခိုင်းနှိုင်းပြောဆိုလေ့ရှိသည်ကို မကြာခဏ ကြားဖူးသည်...။)

ကဲကဗျာလေးကို ပြန်လည်ခံစားရင်း ခလေးဘ၀ သင်္ကြန်ကိုပြန်လည်တမ်းတ အလွမ်းပြေကြစို့ရဲ့..။

မုန့်လုံးကို စက္ကူကပ်ပါလို့၊ ကြာကလပ်နဲ့ ဆွမ်းတော်တင်၊ ပလ္လင်ပေါ်ကမျောက်ကလေး၊ ဆင်းတဲ့လို့ပြေး၊ ဂျာအေး။
ဂျာအေးကို သူ့အမေရိုက်ပါလို့၊ မှောင်မိုက်မှာငို။ ကိုလူပျိုထရံပေါက်က၊ ခြေထောက်ကိုဆွဲ…တွဲလွဲ။
တွဲလွဲရယ်နေပါဦး၊ မိုးတောင်ကချုန်း၊ မုန့်လုံး။ ……….၊



ဂရေဟမ်ဆိုထားသော မုန့်လုံးစက္ကူကပ် သင်္ကြန်သီချင်း




ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၀၁၁ သင်္ကြန်အကျနေ့ အမှတ်တရ)

(ကဗျာချစ်သူတို့ အားလုံး နှစ်သစ်မှာ ပျော်ရွှင်ကြည်နူး အောင်မြင်မှုတွေ အဆက်ဆက် ဆွတ်ခူးနိုင်ပါစေ…။)

Wednesday 13 April 2011

မြူးကြွစိတ်ထိန်း တရားနှင့် မှိန်းတော့မယ့် သင်္ကြန်



အစဉ်အလာမပျက်ပါဘူး
သြော်..ရင်မှာ နှစ်သစ်..
ခေတ်အဆက်ဆက် အသစ်သစ်ထွန်း
စာကဗျာတွေလည်း မပျက်မကွက်ညွန်းလာမိ
ဘ၀င်မှာမချိနိုင်ဘူး
ရင်လွှာမှာ တွယ်ငြိ
မင်္ဂလာရှိပါတဲ့ အို ချစ်သောနှစ်သစ်ငယ်..။
အပြစ်မပြောရက်လေတော့
တစ်နှစ်မှာ တစ်ရက်ပွင့်
တရက်ပဲတင့်ခွင့်ရတဲ့ ပိတောက် တခက်နှယ်
တယောက် တသက်ချစ်မယ်စိတ်ကူး
သိပ်မြူးလို့ သိပ်ရူးခဲ့ရတဲ့ ဖြစ်ခဲ့ဖူးတော့
(ဒီနှစ်တော့ကွယ်) စိတ်ကူးနှင့် မြူးရမယ့် သင်္ကြန်ရယ်
ထူးပလို့ ရူးမထနိုင်တော့လည်း
မြူးကြွလာစိတ်မဟာကို ထိန်း
ရိပ်သာမှာ တရားနှင့်မှိန်းရအောင်ရည်
သိမ်းယာမကာ ပုလင်းကို ခွဲ
မိန်းမငယ် အတင်းဆွဲရင်တောင်
လှည့်ပြင်ယောင် မကြည်တော့ဘု
ရည်သန်စိတ် ပြင်းရယ်နှင့်
ဒီသင်္ကြန်တော့ကွယ်..အတင်း ရုန်းပြီး
ဘုန်းကြီးပဲ ၀တ်တော့မည်..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၀၁၁-သင်္ကြန်အကြိုရက် အမှတ်တရ)

Saturday 9 April 2011

သင်္ကြန်အလွမ်း





နွေဦးဂိမာန်တကွေ့ရောက်ပေါ့
လေရူးအချိန်တန်ဝှေ့နေရစ်လေ
မြေသက်ကြွေ ရော်ဝါရွက်တို့
အခါခါလှစ်ပါ လို့
ပင်ယံမြင့် ရွက်နုသစ်ဝေ
သင်္ခါရသဘောပေမို့
မြင်ပါရ မနော မကျနိုင်ဘူး
အလှပြိုင်ဖူးကြ နွေပန်းပွင့်တွေ
လျှမ်းတင့်ဝေ ရွှမ်းတို့မြေမှာလ
ဖျန်းပက်ရေ သင်္ကြန်ပွဲတော်ကို
အဖန်ဖန်နွှဲပျော်ခဲ့ရပုံမှာလေ
ရေစင်အေးအေးရယ်နှင့်
ရွှေဘ၀င်အတွေး-ဆွေးမိသည်က
အို....၀ါရွှေပိတောက်ပန်းတို့ရယ်
အခါနွေလ နှစ်သစ်တခါဆန်းပြန်ပြီမို့
ဆွေးမပြေ မော်စကိုနန်းမှသည်
ဝေးတမြေ မြန်ပြည်(ပြေ) စခန်းသို့
တမ်းတမိပြီလေ.....
(သြော်ကွယ့်)..ရွှမ်း.... မှန်းဆလို့ ....လွမ်း...။


ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၁၀-၄-၂၀၁၁)

လွမ်းမိပြန်ပြီ ချစ်မြန်ပြည်



တိမ်လွှာမို့မောက် ၊တဖြောက်ဖြောက်နှင့်
ဗွက်ပေါက်အောင်မျိုး၊လမ်းတွေဆိုးလိမ့်
နှင်းမိုးကရွာ၊ ထီးမပါတော့
စွယ်တာဦးထုပ်၊အမြန်ထုတ်ရုံ
မလုံတလုံ ဆံစပုံထွက်
အတွေးနှယ်ယှက်ကာ
လွမ်းမိပြန်သည် မြန်မာပြည်။

သို့ပင်သည်ခါ၊မြန်ပြည်မှာကား
ရာသီမိဿ၊ကြယ်စိတြလင်း
ရွက်ဟောင်းကကြွေ၊ညွန့်ဖူးဝေသမို့
နွေဦးဂိမာန်၊ခါတော်သင်္ကြန်ဝယ်
ပိတောက်လည်းခူး၊ ပျော်ရွှင်မြူးရက်ကို
စိတ်ကူးနှင့်ရေး၊ပြန်ပြောင်းတွေးမိတော့သည်..။

သို့နှယ်သို့ခါ၊ နွေအခါလို့
ဆိုပါသော်လည်း၊ နှင်းမစဲမို့
တွဲလဲတွဲခို၊ နှင်းပွင့်ပျိုနှင့်
အပင်အိုထက်၊ တွယ်ကာဆက်နေ
ပန်းသို့ဝေစို၊ မော်စကိုမြေ၀ယ်
အသွယ်သွယ်ငေး
ကြိမ်ကြိမ်ဆွေးငို
ရင်မှာထားသို
လွမ်းစိတ်ပိုပြီ..ချစ်မြန်ပြည်..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၉-၄-၂၀၁၁)
( နှင်းမိုးတွေရွာသော နွေဦးပေါက်ရာသီနေ့ အမှတ်တရ)

အိမ်ပြန်ချိန်သို့ ...လွမ်း



ပြက္ခဒိန်အရတော့ နွေဦးပေါက်ရာသီလို့သာ သိရတယ်..
အပူချိန် သုညအောက် ရောက်နေတယ်
နှင်းက မိုးလို တဖွဲဖွဲနှင့်ရယ်
လမ်းတလျှောက် ဗွက်ပေါက်တဲ့ မြို့ကြီး
နာလန်ထစ ဆောင်းသစ်ပင်ပျိုတို့လည်း
နှင်းပွင့်နှင်းခက်နှင့် တွဲလဲခိုလို့
တောင်ပိုင်းက ပျံလာတဲ့ ဆောင်းခိုငှက်တွေတောင်
မိုးစိုလို့ ငိုမဲ့ ငိုမဲ့ ဖြစ်ချေပြီ..။
နွေက ဆောင်း လား
ဆောင်းက နွေလား
နွေက မိုးလား ...ခန့်မှန်းလို့တော့ မရ
တိမ်တွေက တနိမ့်နိမ့်ပြိုကျ
နွေဦးပေါက် နှင်းမိုးတွေကျဲဖြန့်ခင်း
လက်ကျန်နှင်းခဲကို နှင်းမိုးက ဖျော်လိုက်တဲ့သဘော
သေချာသိလိုက်တာကတော့
မနက်ဖြန် နေသာမယ်
ရေဆာရင် သောက်ဖို့ ရေဗူးထည့်ရမယ်..။
အိုက်စပ်အိုက်စပ် သံစဉ်ကြားလာရင်
အထုတ်တွေပြင်
လက်ဆောင်တသီကြီးနှင့်
ပြန်နေကြ ကျောင်းပိတ်အိမ်ပြန်ချိန်ကို လွမ်းတယ်..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၉-၄-၂၀၁၁)

Friday 8 April 2011

တူယှဉ်နွှဲတဲ့ပွဲ



နှစ်ဦးသင်္ကြန်ပွဲ
တစ်ယောက်တစ်လက် တူယှဉ်တွဲ
ချစ်ချစ်ခင်ခင်နွှဲ..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၈-၄-၂၀၁၁)

နှစ်သစ်စိတ်ကူး



ပိတောက်ဆိုတစ်ခက်.
တစ်ယောက်ကို တစ်သက်ချစ်မယ့်
မောင့်ရဲ့ ချစ်နှစ်သစ်..။
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၈-၄-၂၀၁၁)

နှစ်သစ်လက်ဆောင်



အတာရေဖျန်းပက်
နှစ်သစ်လက်ဆောင် သူ့အတွက်
ရော့. ပိတောက်တစ်ခက်..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၈-၄-၂၀၁၁)

နှစ်ကူးသံစဉ်



ဥသြတွန်သံကျူး
ပိတောက်လည်းဖူး နှစ်လည်းကူး
တူးပို့.တူးပို့ .မြူး..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၈-၄-၂၀၁၁)

Thursday 7 April 2011

မျှော်သောရက်



နွေသင်္ကြန်ပွဲတော်
ပိတောက်ပွင့်မယ့် ရက်ကိုမျှော်
စိတ်ကူးလေးနှင့်ပျော်..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၈- ၄-၂၀၁၁)

နှစ်သစ်အလွမ်း



ဝါရွှေပိတောက်ပန်း
အခါနွေလ နှစ်သစ်ဆန်း
ချစ်သောသူသို့...လွမ်း...။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၇-၄-၂၀၁၁)

သင်္ကြန်သရုပ်



သင်္ကြန်မှာ ရှိုးထုတ်
ရူပါနုပ်နုပ် ပဲကလုပ်
အိုးမဲ ၀ိုင်းလို့သုတ်..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၇-၄-၂၀၁၁)

ပိတောက်ပွင့်



တန်ခူးလတေးနှင့်
မြူးကြွဖွေး ပျံ့ပျံ့သင်းသည်
ဝင်းဖန့် ပိတောက်မွှေး။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၇-၄-၂၀၁၁)

ရွာသင်္ကြန်



ဒိုးသံတညံညံ
ရေတွေလောင်း ပန်းပိတောက်ပန်
ငါတို့.. ရွာသင်္ကြန်။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၇-၄-၂၀၁၁)

သင်္ကြန်ချိန်



ပိတောက်ပန်းပွင့်တွေ
လျှမ်းတင့်ဝေ ရွှမ်းတို့မြေမှာ
ဖြန်းပက်ရေစင်အေး..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၇-၄-၂၀၁၁)

ပက်



ငုရွှေပိတောက်ပွင့်
နုသပြေနှင့် ရေတစ်ခွက်
တုန်.တုန်ဘူးဆိုပက်...။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၇-၄-၂၀၁၁)

အတာအလွမ်း




ရွှေရည်သွန်းပပ
ဝေကြည်ရွှန်းမြ နှစ်ကူးမို့...
အချစ်ဦးသို့..လွမ်း..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၇-၄-၂၀၁၁)

Tuesday 5 April 2011

Точка весны (Новый год Мьянмы) (နွေဦးသင်္ကေတ (သို့မဟုတ်) မြန်မာနှစ်သစ်ကူး)



* Вот и в этом году наступила весна

Лучи Солнца засвержали ярко.

По небу медленно перемещается Луна
Потому что и весной здесь ночью холодно.


* Если мы увидели звёду «Санкт-трат»на горизонте,

То мы узнали, что настало «Овенное время».

Под действием тепла лёд растаял на Земле.
И я думаю, что надёжней стала Земля.


* После того как старые листья опали,

На деревьях новые листья пявились.

Одно временно на весенних ветках цветы зацвели.
Под тяжестью цветов ветки наклонились.


.

* Для меня приятно, что я видел наконец весну

На улице пахнет жёлтыми цветами.

И я положили цветы на её голову.
От неё пахнет приятными духами.



* Но ещё часто чёрные тучи идут по небу

На Землю капли дождя падают из облока.

Иногда, если я очень скучаю по дому,
На лице текут слезы из ириса.



* Но я знаю, что скоро будет фестиваль воды.

Вода – превращает пустыню в сад.
.
Друг друга поливают влюблённые пары
Вода- превращает ненависть в любовь.



* В это время прилетают птици “Онт-О” с юга.

Смотрите! Они сели и заспели песню нового года.

Я слушал и неслаждался их песней из окна
Поверьте! Моё сердце ожило для красивого завтра.




птици “Онт-О” = chestnut-bellied malkoha(ဥသြငှက်)
«Санкт-трат» = star (စိတြကြယ်)
«Овенное время» =Aries Time (မိဿရာသီခွင်)

НВЕ ШВАН У
( РХТУ - МОСКВА)
(13 - 4 - 2009)

မတ်လ လလတ်ပိုင်းရက်တွေရောက်ရင် စိတ်ထဲမှာ သင်္ကြန်ကြိုတေး လေးတွေနှင့် မြူးကြွချင်စိတ်ပေါက်တာတော့ အမှန်ပင်..။မော်စကိုရောက်နေရသော်လည်း မြန်မာနှစ်သစ်ကူးအလွမ်းပြေမို့ရာ စာရေးသူမှာ ကဗျာရေးရစာရေးရတာနှင့် - ပို့စကတ်ပို့ရတာနှင့် အလုပ်တော်တော်များသည့် အချိန်လို့ ဆိုရပေမည်..။ဧပြီလ ရောက်ပြီဆိုပြီး မြန်မာပြည်လို ရေကစားဖို့ရာ မဖြစ်နိုင်ပေမယ့်လည်း စိုသည်ဆိုရုံ အလွမ်းပြေ တန်ခူးရေလေး နည်းနည်းတော့ ပက်ဖျန်းရသည်ပေါ့..။

ဒီအချိန် မော်စကိုမှာတော့ နွေဦးရောက်နေပြီဆိုသော်လည်း လက်ကျန် အအေးဓာတ်လေးက မာန်ပြဆဲမို့ သင်္ကြန်ကျောင်းပိတ်ပေးထားပေမယ့် အဆောင်ထဲမှာပဲ သင်္ကြန်ပွဲလေးကိုဆင်နွဲကြရသည်လေ..။ အဆောင်မှာတော့ နှစ်သစ်ကူးကျောင်းပိတ်ရက်အတွင်းမို့ သင်္ကြန်အကြိုရက်မှ နှစ်သစ်ကူးသည့်ရက်အထိ အလှူပွဲက ဆက်တိုက်ဆက်တိုက် ရှိသည်လေ..။တစ်နေ့ကို မေဂျာတစ်ခုစီက တာဝန်ယူကျွေးမွေးဧည့်ခံလှူကြသည်ဆိုတော့ တော်တော်ပျော်စရာကောင်းသည်ပေါ့..။ပျော်စရာကို ရှာကြံပြီး မြန်မာ့သင်္ကြန်အလွမ်းပြေအောင်ဖန်တီးရသည်မို့ အခုဆို မြန်မာသင်္ကြန်နှင့်ဝေးနေရသည်မှာ ၂နှစ်လောက်ရှိပြီဖြစ်သော်လည်း အရင်တချိန်ပျော်ခဲ့ဖူးတဲ့ သင်္ကြန်ရက်လေးတွေကိုတော့ ယနေ့အထိ မမေ့နိုင်တာတော့အမှန်ပဲ..။စဉ်းစားတွေးမိလေတိုင်း စိတ်ကိုလန်းဆန်းတက်ကြွသည်မို့ စာရေးသူအနေဖြင့် ကဗျာအသွင်ပြောင်း ပြန်လွမ်းမိသည်လေ..။

အထက်မှာဖော်ပြထားတဲ့ကဗျာကတော့ ရုရှားဆရာမကြီး ဘလင်ဂျီနာ မှ မြန်မာ့နှစ်သစ်ကူးသင်္ကေတတွေကို ကဗျာစပ်ပေးပါလို့ စာရေးသူအား ပြောလာသဖြင့် ရေးလိုက်ရခြင်းဖြစ်သည်..။မြန်မာနှစ်သစ်နှင့်သင်္ကြန်ရုပ်သွင်ကိုထင်ဟပ်စေသည်ဟု စာရေးသူထင်သည်..။

(၄)ကြောင်းပုံစံနှင့် အဆုံးသတ်ကာရန်ယူထားခြင်းဖြစ်ပြီး ရာသီသင်္ကေတ အနေအဖြစ် စိတြကြယ် လင်းလက်တဲ့ မိဿရာသီ အလှရယ်..ရွက်ဟောင်းကြွေပြီး ရွက်သစ်ဝေကြပုံ...။တချိန်တည်းမှာ အကိုင်းခက်လေးတွေမှာ နွေဦးပန်းဝါ၀ါလေးတွေပွင့်ကြပုံကို ဖော်ပြထားသည်..။ပြီးမှ ချစ်သူကို ပန်းပန်ပေးတဲ့ဓလေ့ရယ် ၊ကာရန်ညီအောင် ချစ်သူရဲ့ ကိုယ်သင်းရနံ့လေးပါထည့်ရေးထားသည်..။ ပြီးမှ "မိုးတွေကညို.လွမ်းစိတ်ပို.ချစ်သောမော်စကို " ကောင်းကင်နှင့်ရာသီအချိန်ကြား နှစ်သစ်ကူးအချိန် အိမ်ကို လွမ်းရပုံ၊ရေလောင်းကြတာကို သတိရမိပုံကို ဆက်ရေးထားသည်..။ပြီးမှ သင်္ကြန်ရေကို အဓိပ္ပယ်ဖွင့်ထားသည်..။အမုန်းတရားကို အပြုံးတရားအသွင် ပြောင်းနိုင်တဲ့သဘောကို ဖော်ညွန်းခြင်းသာဖြစ်သည်..။နောက်ဆုံးအပိုဒ်မှာတော့ - ဥသြငှက် တွန်သံလေးကို ပြန်လည်ကြားယောင်ရင်း နှစ်သစ်အားမာန်ရယူပုံကို ရေးသားပြီး သင်္ကြန်သင်္ကေတကိုဖော်ပြ ကဗျာအသွင်ဖန်တီးလိုက်ခြင်းသာဖြစ်သည်..။

ရုရှားများအနေဖြင့် ထူးခြားတဲ့ မြန်မာ့ဓလေ့ ချစ်စရာသင်္ကြန်ကို အကြမ်းအားဖြင့် သိခွင့်ရစေသည်မို့ စာရေးသူအနေဖြင့် ကဗျာရေးရကျိုးနပ်သည်ဟု ဆိုရပေမည်..။ ဤသို့မြန်မာ့ယဉ်ကျေးမှုကို ဖော်ပြခွင့်ရသည့်အတွက် စာရေးသူအတွက် ထာဝရ အမှတ်ရနေဦးမယ့် ကဗျာလေးဖြစ်သည်မို့ မော်စကို အမှတ်တရ တစ်ခု အနေအဖြစ် ဖော်ပြပေးလိုက်ရခြင်းသာဖြစ်ပေသည်...။

အမှတ်တရ-
ရွှမ်းသိင်္ဃ(တနင်္သာရီ)
( MUCTR - MOSCOW)

(ကဗျာချစ်သူတွေလည်း ရိုးရာဓလေ့တွေ ဖော်ညွှန်းပြသခွင့်ရပါစေ..။)

သင်္ကြန် အရိပ်အမြွက်



စိတ်ကူးထဲမှာတော့ မြူးကြွနေတာပါပဲ..
တန်ခူးလတဲ့..
တူးပို့..တူးပို့နှင့် နေရာတိုင်း မြူးစို့ မြူးစို့ လှုံ့ဆော်နေသည့်နှယ်..
လုပ်ပြီ..သင်္ကြန်မိုးက တဖြောက် နှစ်ဖြောက်နှင့်
ပိတောက်တွေတောင် အိပ်ယာထကုန်ကြပြီ..။
ငုတွေကလည်း အခိုင်လိုက် အစုလိုက် ယိမ်းကကြ..
လွမ်းစရာလား ပျော်စရာလားတော့ ကွဲကွဲပြားပြား မသိရတဲ့ ရာသီ
သပြေခက်နှင့် ရေစင်သွန်းကြတဲ့ပွဲ
မဏ္ဍပ်တိုင်းမှာ ပျိုမေတစ်စု အတင်းပြောတယ်..
တခဏ ရှောင်ပြေးရကောင်းရဲ့...
ရိပ်သာသွားသလိုလိုနှင့် တအားကဲနေတဲ့ ငနဲကြီး
(ဒီနှစ်တော့) ကျွဲစီးပြီး မဆင်းတော့တဲ့ သင်္ကြန်မင်းက
တွေ့သမျှကို မှတ်ချင်မှတ်ပေဦးတော့ရဲ့..
ပွဲတော်ဆိုတာ နွှဲပျော်ဖို့ပဲလေ..
တွဲခေါ်ရအောင်တော့ မမူးကြေး
ချစ်သူကေသာမှာ ပိတောက်တခက်ပန် အနမ်းပေး
အလကားရလို့ အ၀စားမယ်မကြံလိုက်နဲ့
စတုဒိသာ မုန့်လုံးတွေ ငရုတ်သီးစပ်လို့ ထခုန်ကြပြီ...
အိုးမဲသုတ်တဲ့ ကောင်မလေးကို ပြန်သတိရလာပြန်တယ်..
၃ရက်နှင့် ပိတောက်တွေ အိပ်တန်းပြန်ဝင်သွားမယ့်နေ့
ကွဲရင်လည်းကွဲ လဲရင်လည်းလဲ
ချစ်ရင်လည်းချစ် စွံရင်လည်းစွံ
မျှော်ရင်လည်းမျှော် သင်္ကြန်နှစ်ကူးပွဲတော်တဲ့...။
နှစ်သစ်ကူးဆိုတာ ကျနော့်အတွက် မနှစ်ကထက် သိပ်မထူးတော့ပေမယ့်..
တနှစ်တခါတော့ စိတ်ကူးလေးနှင့်မြူးကြွလာတတ်သည်လေ..။
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၅-၄-၂၀၁၁)
(၂၀၁၁ သင်္ကြန်အမှတ်တရ)

Sunday 3 April 2011

ရင်ခုန်တတ်လာတဲ့ ကမ္ဘာမြေကြီး


ရာသီနှင့်မမျှ သစ်ပင်တွေ အိုသထက်အို ငိုသထက်ငိုကြတယ်..
မိဝေးဖဝေး သားပျောက်တေးတွေ ဆိုညည်းကြ
ဒီနှစ်မှာ မိတ်ဆုံစားပွဲလုပ်ဖို့ ခွန်အားမရှိတော့တဲ့ စမ်းချောင်းလေးတွေ
ကမ်းပါးတွေ တဖြည်းဖြည်း မျက်နှာပျက်ပျက်လာတယ်..
စိတ်ညစ်ရတဲ့ ၀ါးဖောင်လေးတွေရဲ့ ဖြစ်အင်
ဟိုမှာ ဒီမှာ နားခိုဖို့ တနေရာစာတောင်မရှိတော့တဲ့ ငှက်ကလေးတွေရယ်..
အိပ်လို့မရတဲ့ ငါးကလေးတွေလည်း ကုန်းပေါ်တက်ပြေးခဲ့ရတဲ့ည..
ပူလွန်းလို့တဲ့..ကမ္ဘာ မြေကြီးရဲ့ ရင်ခုန်သံ တကြိမ် နှစ်ကြိမ် ကြားလိုက်ရတယ်..
တခါတည်းမှာပဲ ..ပျော်ရွှင်ခြင်းဟာသလုပ်ကွက်တွေက ကြေကွဲဖွယ်ပြဇာတ်လေးဖြစ်သွားခဲ့ရတယ်..
ကဗျာတပုဒ်ဖတ်ဖူးတယ်....
" မြေကြီးကို တီစားတော့
တီကောင်ကို ငါးစားတယ်။
ငါးကို လူစားတယ်
ငါးကို လူစားတော့
လူကိုမြေကြီးစားတယ်
လူကိုမြေကြီးစားတော့
မြေကြီးကို တီစားပြန်တယ်တဲ့
"
သံသရာကြိုးဝိုင်းထဲမှာ အပြန်အလှန် လက်ခမောင်းခတ်ကြ
အနိုင်အကြဲ အပြိုင်ဆိုင်နွှဲကြနှင့်
အချိန်အခါမဟုတ် မိုးတွေရွာလာတယ်..
ဆောင်းမှာ ပိတောက်ပွင့်လိုပွင့်နှင့်
ကမောက်ကမနှင့် ယောက္ခမကို အကိုခေါ်လို့ခေါ်
မျက်နှာပြောင်တဲ့ တောင်တန်းတွေ ကတုံးကြီးဖြစ်လာတယ်..။
ဆောင်းဝတ်လွှာတောင် နည်းနည်းနှင့် များများပါးလာပြန်တယ်..
စိမ်းလန်းခြင်းတွေ မရှိတော့ရင် ကမ္ဘာကြီးလည်း နောက်ထပ်ရှိုက်ကြီးတငင် ငိုကြွေးလိမ့်မယ်...။
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၃-၄-၂၀၁၁)

Friday 1 April 2011

ဧပရယ်လ်လမ်းခွဲ



နေရောင်အလာတောင် မစောင့်တော့ဘူး
လက်ကျန်နှင်းကြွင်းလေးတွေက
လူမသိ သူမသိ ပြေးထွက်သွားကြတယ်..
တကယ်တော့ ရွက်ကြွေတာ နောက်ကျလွန်းခဲ့တယ်..
ဥသြတွေ သတိပေးမှ သိလိုက်ရတဲ့အဖြစ်..
ကျောင်းတံခါးတွေပိတ်လို့ အိမ်ဝေးသူတွေ နှုတ်ဆက်ချိန်
ကြုံရင်ကြုံသလို ထထနမ်းတတ်တဲ့ လေရူးက တမှောက်
သြော် ..ပိတောက်ကလည်း ရောက်လာပြန်ပြီရောလား..
နေဝေးလ နှင့် စိတြမင်းသမီးတို့ မျက်နှာချင်းဆိုင်ကြမယ့်ည
တမ်းတမိပြန်တော့ ရေပြွတ်နှင့် ဆော့ကစားတဲ့ ခလေးဘဝ
ရွာဦးဘုန်းကြီးစာချပေးတဲ့ နီတိကျမ်းတွေ အခုထိ အလွတ်ရသေးတယ်..
ယုံရမှာလားတော့ မသိတော့ဘူး...
ဧပရယ်လ် ရယ်..
ပိတောက်ဆို တခက်ပဲပန်မယ်
တယောက်ကို တသက်ပဲချစ်မယ်ဆိုတာလေ..
ပုံပြင်လား..ကဗျာလား...၀တ္ထုလား...
သေချာတာကတော့
ဟာသ တခန်းရပ်မဟုတ်ဘူး..
ရင်ခုန်သံတွေ တသက်လုံး ရပ်တန့်သွားစေတဲ့
အခန်းဆက် ကျမ်းတစ်စောင်ဆိုတာကိုတော့..
အခုမှသိလိုက်ရပြီ..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
၁-၄-၂၀၁၁

Thursday 31 March 2011

ပိတောက်ကဗျာ



ပိတောက်တဲ့..
ရင်းရင်းနှီးနှီးပါပဲ...။
ငယ်ငယ်ဘ၀ ဧပရယ်လမှာဆုံခဲ့ကြတယ်..။
မာန်အထုနှင့်
နွေပူဒဏ်ကို အန်တုလို့
အစုလိုက် အပြုံလိုက်နှင့် ဖူးကြ..။
မိုးနည်းနည်းဖြန်းတာနှင့်
များများလန်းချင်တဲ့သူ
ဖလမ်းဖလမ်းထလို့ပေါ့
အခုတော့
ကေသာတလျှောက်မှာ သူ စံမြန်းချေပြီ..။
ဖူးပွင့်ဝေတော့
တပြုံးပြုံးနှင့်
အတုံးအရုံး အလုယက်
အပြိုင်ဆိုင်ခူးကြ..ဆွတ်ကြ..ပန်ကြ..ကြည်နူးကြ..။
ကြွေကျ မြေခတော့
ဖုန်တလုံးလုံးနှင့်
ပွင့်ဖတ်လေးတွေ ပစ်ပယ်ချ အဖြစ်ရယ်မလှတဲ့ ဘ၀..။
တစ်နှစ်တခေါက်တော့ရောက် ရောက်လာတတ်တယ်..။
သင်္ခါရသဘောနှင့် လူ့မနောကို သိအောင်ဖော်ညွန်းပြဖို့တဲ့..။
သြော်...နှစ်လည်းပြောင်းတော့မယ်..
ကျနော်တယောက် ချစ်သူကေသာမှာ ပိတောက်လေးပန်ဆင်ပေးမိတယ်..။
ချစ်သူက ဘာမှမပြောဘူး..ပြုံးလို့..။
ကျနော်တော်တော် လန့်သွားတယ်..။
ပိတောက်ကတော့ တိုးတိုးလေး သတိပေးသယောင် ပြောလိုက်တယ်..
"ကောင်လေး ..မင်း ..အသက်တစ်နှစ်ကြီးပြန်ပြီ" တဲ့..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၀၁၀ သင်္ကြန် အမှတ်တရ)

နွေဦးသင်္ကေတ




မိုးကောင်းကင်ကြီးမှာ ကြည်လင်သန့်ရှင်းတဲ့ရာသီပေါ့
နေရောင်ခြည်က ပန်းခင်းလေးကိုနမ်းသွားတယ်
လေပြေလေးက ရွက်ဝါလေးနှင့် ဆော့ကစားတယ်
အ၀ါရင့်ရင့် ပွဲတော်ရက်လေးက မြူးကြွနေတယ်
အဝေးတနေရာမှ ပုလွေသံလေးကို ညှင်းညှင်းလေးကြားခွင့်ရတယ်
ဥသြငှက်လေး က ရာသီကို လွမ်းမောအောင်ဖန်ဆင်းတယ်
မြက်ခင်းလေးတွေပေါ်မှာ ကျောခင်းရင်း ညဘက်မှာ ကြယ်တွေရေတွက်ကြမယ်
စိတ်ကူးတွေကိုရွက်လွင့်ရင်း မျှော်လင့်ချက်တွေနှင့် အသက်ဆက်ကြမယ်
မျှော်ရင်းလင့်သွားခဲ့တဲ့ အချိန်တွေကို နှမြောနေမယ့်အစား
နွေဦးကောင်းကင်မှာ အနာဂတ်ရာသီအတွက်
အိပ်မက်လှလှလေးတွေ ရေးကြမယ်
ကြယ်လေးတွေထောက်ခံတယ်
လမင်းကြီးကပြုံးလို့
ပုဇဉ်းရင်ကွဲလေးတွေ တိတ်ဆိတ်နေပြီ......
ဘာမဟုတ် ညာမဟုတ်နှင့်
ကျနော့် နှလုံးသားမှာ ကဗျာမိုးတွေ တဖွဲ့ဖွဲ့ရွာသွန်းလိုက်တယ်....
တကယ်ဗျ
အိပ်ရေးပျက်သွားတဲ့ နွေဦးညတစ်ညကို သတိယလာမိတယ်.....

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၀၀၉ သင်္ကြန်အမှတ်တရ)

ပြောင်းလဲခြင်းနောက်ကွယ်က...


ရော်ရင့်လာတဲ့ ရွက်ဝါတွေကို ကြည့်ရင်း
ကိုယ့်ကိုယ်တိုင် ရွက်ဝါလေးအသွင်ဖြစ်သွားတယ်..
တကယ်တော့အမှန်ပါပဲ..
လေနှင်ရာ ရွက်လွှင့်ရာ
ရေကြည်ရာ မြက်နုရာ
နေခြည်ဖြာ လေပြည်သာ
အနီးအဝေး ခရီးလည်းမရွေးရပါဘူး..။
ကံစီမံရာ ကိန်းဆိုက်
လေယူရာ ယိမ်းလိုက်
ဆေးစက်ကျရာ မှိန်းလိုက်နှင့်
ကဗျာမဆန်တဲ့ဘဝ
ဘ၀က ကဗျာမဆန်
ကြာလေ ကြာလေ
ဘ၀ဟာ ဘ၀ဆန်လာလေလေပါပဲ..။
ရွက်နုတွေ ပြန်ဝေလာပြန်ပြီ..
အပြောင်းအလဲ
အဟောင်းအစွဲ
အကြောင်းအကွဲနှင့်
ခန္ဒာရင့်လာလေလေ
စိတ်ကူးတွေ သစ်သစ်လာလေပါပဲလေ..။
ဖြစ်နိုင်ရင်..ဘ၀အတွက်
အချိန်လေးနည်းနည်းနှင့် ပြန်နုပျိုချင်သေးတယ်..
လုပ်သင့်တာလုပ်ဖို့
လုပ်ချင်တာ လုပ်ဖို့
နောင်တဆိုတာ ထပ်မရှိစေဖို့.....။


ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၄- ၂-၂၀၁၁)

ခေးအော့စ်(Chaos) သံစဉ်



ကျနော့်ရင်ခွင်မှာ ရှင်သန်နေတဲ့ အနာဂတ်စိုက်ခင်းလေးမှာ
ပြိုကျဖို့ ငိုရတဲ့ အဖြစ်မျိုးကိုတော့ မခြွေချချင်တော့ဘူး
အလင်္ကာနှင့် ရောသမဖျော်ထားတဲ့ ကဗျာအိမ်လေးမှာလည်း
အကြင်နာမိုးတွေ ကြွေကျနေစေတော့မယ်
တဖြည်းဖြည်း ရေချိုးပြီးတက်လာတဲ့ နေမင်းကြီးကိုကြည့်ရင်း
စိတ်ညစ်မှုတွေဖျောက်ထားတဲ့ နံနက်ခင်းမှာ
ငှက်ကလေးတွေကို တေးဆိုခိုင်းမယ်...
မြက်ခင်းလေးတွေပေါ်မှာ ကျောခင်းရင်း ညဘက်မှာ ကြယ်တွေရေတွက်ကြမယ်
စိတ်ကူးတွေကိုရွက်လွင့်ရင်း မျှော်လင့်ချက်တွေနှင့် အသက်ဆက်ကြမယ်
မျှော်ရင်းလင့်သွားခဲ့တဲ့ အချိန်တွေကို နှမြောနေမယ့်အစား
နွေဦးကောင်းကင်မှာ အနာဂတ်ရာသီအတွက်
အိပ်မက်လှလှလေးတွေ ရေးကြမယ်
နှင်းဆီပွင့်တထောင်လည်း လက်ဆောင်မပေးချင်တော့ဘူး
စကားလုံးတစ်သောင်းလည်း မလုံလောက်တော့ ရင်ထဲမှာပဲ ငုံထားမယ်
ယုံတော့ယုံတယ်နော်
ပုံပြင်ဟောင်းတွေထဲ မပျော်ဝင်တော့ရင်
အနမ်းတပွင့်နှင့်အလွမ်းတစ်စက် ဆုခြွေမယ်...
မင်းကို ချစ်တာထက်ပိုတယ်..
လိုအပ်ရင်ထပ်ပြောဦးမယ်...
သေချာကြည့် ...ရင်ထဲမှာ အချစ်သံစဉ်နှင့် မြူးကြွနေတဲ့ နှလုံးသားလှလှရှိတယ်။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
၂၆-၁၁-၂၀၀၉



နှစ်သစ်အချစ်



ကံကြမ္မာနှင့်ခင်းထားတဲ့ဆောင်းည ညစာစားပွဲမှာ
လောကဓံတရားတွေဝန်းရံစောင့်ကြပ်လို့
နှင်းစက်လေးတွေနွှဲပျော်ကခုန်တဲ့ပွဲ-
အရှုံးတွေကကမ်းလှမ်းတယ်-
အမုန်းတွေလည်း အပြုံးတွေဖြစ်လာခဲ့ပြီနော်..
ဆောင်းရနံ့လေးက ဖွဖွလေးနမ်းသွားတယ်
ပြာသိုမို့ ခွာညိုပန်းတွေလန်းတာမဆန်းပေမယ့်-
ရာသီတိုင်း ဘာကြောင့် ငါလွမ်းနေရမှာလဲ…
မဆိုင်လိုက်တာဗျ-
ဒီတခါတော့အလှည့်အပြောင်းများတဲ့ရာသီလမ်းထဲ
ရွက်ဝါလေးတွေလည်း ရှက်တတ်လာကြပြီ..
အရောင်တွေပြောင်းသွားတဲ့ အချစ်အတွက်
အချက်ပေးအိပ်မက်တွေအော်မြည်လာရင်
ကမ္ဘာကြီးကိုပြောင်းပြန်-ပြန်လည်လိမ့်မယ်
ပျော်ရွှင်မှုတွေစည်းနှောင်ထားတဲ့ အချစ်တံခါးတွေပွင့်လာရင်
နေသာရက်မှာမင်းနှင့်ငါကဗျာတွေရွတ်ကြမယ်..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(1 - 1 - 2010)

(နှစ်သစ်ကူးည အမှတ်တရ)

Monday 28 March 2011

မြန်မာ့(၁၂)လရာသီ အလှ ဟိုက်ကုကဗျာစာစု

တန်ခူး


နွေသင်္ကြန်ပွဲတော်
ပိတောက်ပွင့်မယ့် ရက်ကိုမျှော်
စိတ်ကူးလေးနှင့်ပျော်..။






ကဆုန်


လမြတ်ရယ်ကဆုန်
ညောင်ရေပွဲမှာ သူနှင့်ဆုံ
ရွှေရင် ဒိတ်ဒိတ်ခုန်။




နယုန်


အဖူးပွင့်ရယ်စုံ
မြတ်လေးပန်းတို့ တောရဂုံ
မွှေးပျံ့လို့သင်းထုံ။




ဝါဆို




မိုးသားတိမ်ကညို
လွမ်းစိတ်တွေ ပိုသထက်ပို
ချစ်သော လ၀ါဆို။





ဝါခေါင်




ဝါခေါင်မို့ရေကြီး
ရွာတောင်မှာ လှေလေးစီးဖို့
သွားစို့ပျော်ပျော်ကြီး..။





တော်သလင်း



မျှော်ရင်းနှင့်တမ်းတ
တော်သလင်းခွန်းသရမ်ည
တူယှဉ်နွှဲပျော်က..။





သီတင်းကျွတ်



သော်တာလရယ်ဝင်း
ရွှေကြာလေးတွေ ပျံ့ပျံ့သင်း
ဆီမီးပြိုင်တူလင်း...။





တန်ဆောင်မုန်း





ကြယ်တာရာဝင်းပ
မယ်ဇလီဖူးသုပ်စားကြ
ဆေးပေါင်းခတဲ့ည..။



နတ်တော်





မြုခိုးရယ်ေ၀၀င့်
လူမျိုးတွေ တင့်ဖို့အတည်
မြင့်စို့ စာဂုဏ်ရည်..။




ပြာသို




လမြတ်ရယ်ပြာသို
ရနံ့မပြယ် မြခွာညို
နှစ်သစ်ကူးလည်းကြို..။



တပို့တွဲ



ငွေနှင်းပွင့်ဖြန့်ကျဲ
ကုမ်ရာသီနှင့် ပွင့်ပေါက်လဲ
လမြတ်တပို့တွဲ..။




တပေါင်း



ရွက်ဟောင်းမြေသက်ကြွေ
သရဖီတို့ ဖူးစည်ဝေ
တပေါင်းရောက်ပြီလေ..။






ရွှမ်းသိင်္ဃ(တနင်္သာရီ)
၂၈-၃-၂၀၁၁