RSS

Wednesday, 2 March 2011

Москва в моём сердце (နှလုံးသားထဲက မော်စကို)




♫ Москва - Москва – моя мечта!
Пожалуйста я люблю тебя, как друг.
Твоя красота для меня приятна.

♫ Москва - Москва – моя песня!
Пожалуйста ты люби меня, как друг.
Твоя литература -для меня интересна.

НВЕ ШВАН У
( РХТУ)
(4-2-2009)

မော်စကိုနှလုံးသား ကဗျာဖြစ်တည်ခဲ့ရတဲ့ နေ့လေးကတော့ မှတ်မှတ်ရရ..အဲဒီနေ့က စာရေးသူရဲ့ ငွေရတု မွေးနေ့ဖြစ်သည်..။ချစ်ညီကိုတစ်စု အမှတ်မထင် "ခရင်မလင်နန်းတော်" ရင်ပြင်ကို ဓာတ်ပုံရိုက်ထွက်ဖြစ်ကြသည်..။ ဖေဖော်ဝါရီလဆိုတော့ မော်စကိုမှာ ဆောင်းနှောင်းရက်လွန် နွေဦးပေါက်ရာသီကို စတင်အခြေချတဲ့ရာသီလေးပေါ့..။နှင်းစက်နှင်းမှုန်လေးတွေက တဖွဲဖွဲနှင့်ရယ်..။နေရောင်ပြပြနှင့် နှင်းအလှတွေက မြင်သမျှ ပသာဒဖြစ်ဖွယ်ပင်..။
အဆောင်မှ စထွက်ကတည်းက ဓာတ်ပုံတွေတဖျတ်ဖျတ်ရိုက်နေတော့ ရင်ပြင်လည်းရောက်ရော ဓာတ်ခဲအားက ပညာပြတော့သည်ပေါ့..။မရတချက်..ရတချက်နှင့် (အေးလည်းအေးတော့ ဓာတ်ခဲအားကုန်သွားသည်ပေါ့..) ။သို့အတွက် ချမ်းဒဏ် သက်သာစေရန်ရည်ရွယ်ရင်း ရင်ပြင်ဝန်းကျင်မှာရှိတဲ့ "ဂူးမ်"ကုန်တိုက်ထဲဝင်ခိုလှုံရသည်..။ ဟိုဆိုင်ဝင်-ဒီဆိုင်ထွက်နှင့် နောက်ဆုံး ဓာတ်ခဲတစ်စုံဝယ်ရင်း ဓာတ်ပုံဆက်ရိုက်ဖြစ်သည်..။ပထမနှစ်တုန်းကတော့ ဓာတုညီအကိုတွေ အတူသွားဖြစ်ကြသည်။နောက်ပိုင်း ဘာသာရပ်ဆိုင်ရာမေဂျာအလိုက် ဌာနကွဲသွားကြသည်မို့ တက္ကသိုလ်တစ်ခုတည်းပေမယ့် အတူဆုံဖို့ တော်တော်ခဲရင်းခဲ့သည်..။ မှတ်မှတ်ရရပြောရရင် ဒီနေ့ဟာ စာရေးသူတို့ အတူသွားဖြစ်တာ နောက်ဆုံးပဲလို့ ထင်မိသည်..။
ရင်ပြင်ဆိုကတည်းက လွင်ပြင်မခြား လေပြည်လေညှင်းက တဟုန်ထိုး တိုက်ခတ်နေသည်မို့ ချမ်းဒဏ်ကိုအန်တုရင်း စတိုင်လ်ထုတ်ရတာက ဟန်ပျက်လွန်းလှသည်..။မြန်မာတွေရဲ့နှလုံးသားတစ်နေရာက ရွှေတိဂုံလို့ပြောကြသလို ရုရှားတွေရဲ့ နှလုံးသားကလည်း ခရမ့်စနာရာ ပလော့ရှဒ်(RED SQUAR) မြန်မာလိုအားဖြင့် အနီရောင်ရင်ပြင်သာဖြစ်သည်လေ..။အနီရောင်လွင်ပြင်လို့ ခေါ်ဝေါ်ရသည်က ရင်ပြင်တလျှောက်ဘေးပတ်လည်တွင် အနီရောင် ရှေးဟောင်း အနုပညာလက်ရာ အဆောက်အဦများတည်ရှိခြင်းကြောင့်ဖြစ်သည်..။ ရုရှားနိုင်ငံ ပွဲတော်နေ့မှန်သမျှ ဤနေရာတွင်သာ အဓိကထားချီတက်ခင်းကျင်း ပြသ ကျင်းပကြသည်မို့ ရုရှားနိုင်ငံအတွက် အထင်ကရ နေရာတစ်ခုပင်ဖြစ်သည်..။
သည်လိုနှင့် စာရေးသူလည်း ငွေရတုမွေးနေ့ကို အကြောင်းပြုရင်း မော်စကိုနှလုံးသားဖြစ်တဲ့ အနီရောင်လွင်ပြင်မှာ ချမ်းအေးမှုကို အန်တုရင်း "နှလုံးသားထဲက မော်စကိုကဗျာ" လေးကို အမှတ်တရ အနေဖြင့် ရေးစပ်ခဲ့သည်ပေါ့..။ကဗျာကတော့ ဖတ်ရလွယ်ပြီး အသံသာသည်..။" မော်စကိုဟာ ငါ့ရဲ့အိပ်မက်..ငါ့ရဲ့ ကဗျာ..ငါ့ရဲ့သီချင်း..ငါ့ရဲ့နှလုံးသား စသဖြင့် ဆက်ပွား ထပ်ရေးချင်သေးသည်..။ကာရန်သဘောကို ညှိရင်း မော်စကို ကို သူငယ်ချင်းတယောက်လို သဘောထားရင်း စကားပြောတဲ့ပုံစံဖြင့် နင်ကိုင့ါချစ်တယ်.. ငါ့ကိုပြန်ချစ်ပါ..စကားလုံးကိုသုံးလိုက်ခြင်းသာဖြစ်သည်..။"
ဖတ်ရင်းနှင့် တော်တော်ပိုတာပဲလို့ တွေးကောင်းတွေးလိမ့်မည်ဟု ယူဆသည်..။အမှတ်တရထဲက အမှတ်တရတစ်ခုမို့ ကဗျာအသွင်ပြောင်းခံစားလိုက်ခြင်းသာဖြစ်သည်ဟု နားလည်ပေးရင် ဒီကဗျာ ရေးရကျိုးနပ်သည်ဟု ယူဆရပေမည်..။
အမှတ်တရ-
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(MUCTR- MOSCOW)

(ကဗျာချစ်သူတို့ ပျော်ရွှင် အဆင်ပြေပါစေဗျ..)

САМОЕ ЛЮБИМОЕ ВРЕМЯ МОСКВЫ(မော်စကို ရဲ့အကြိုက်ဆုံး အချိန်အခါသာမယ)



မေဘယ်လ်ရွက်ဝါလေးများအလှ




– После того как жёлтые листья клёна упали на Землю,
Подул слабый ветер со снегом.
Это время учиться – какое красивое время.

– Если ж много снегов красиво ложится на Землю,
Я уже узнаю , что скоро зимние каникулы с холодом.
И Это время –превосходное время.

НВЕ ШВАН У
(РХТУ)
(25-12-2008)


စာရေးသူတို့ ညီအကို တစ်စု -ရုရှားဘာသာစကား သင်ခန်းစာ ပထမနှစ်ဝက်အပြီးတွင် ရုရှားဆရာကြီး ( НИКОЛАЙ) က ရုရှားဓလေ့ ရုရှားယဉ်ကျေးမှုအကြောင်းပြောရင်း မော်စကိုရဲ့အကြောင်းထဲရောက်သွားသည်..။မော်စကိုတည်ထောင်တဲ့သမိုင်းအကြောင်းတွေ ဆက်စပ်ပြောရင်းက ရုရှားရာသီအခါသမယကို ဦးတည်သွားသည်.။ပြီးတာနှင့် ရုရှားမှာ အကြိုက်ဆုံးရာသီဥတုအချိန်လေးကို တိုတိုထွာထွာမှတ်စုအနေဖြင့် စာရေးသူတို့ကိုပြောခိုင်းသည်..။တစ်ယောက်ချင်းစီ အကြိုက်လေးတွေပြောကြရင်းနှင့် စာရေးသူရဲ့ အလှည့်ရောက်တော့ ရုရှားအသံထွက်ပြောရခက်သမို့ သင်ပုန်းရှေ့ထွက်ပြီး ကဗျာတပုဒ်ရေးလိုက်သည်လေ..။ဒီကဗျာလေးက အထက်မှာ ဖော်ပြထားတဲ့ ရုရှားလိုကဗျာလေးပါပဲ..။ဆောင်းဦးရွက်ကြွေတဲ့အချိန်နှင့် ဆောင်းမြူနှင်းဝေအချိန်(နှစ်သစ်ကူးကျောင်းပိတ်အချိန်)လို့ ရည်ညွှန်းရေးဖွဲ့ထားခြင်းသာဖြစ်သည်..။
ဆရာကြီးလည်း တော်တော်သဘောကျသွားသည်ပေါ့..။ဒီအချိန်ကစပြီး ကဗျာတွေ ရေးပြီးသူ့ကိုဖတ်စေခဲ့သည်လေ..။
သို့ဖြစ်၍ "မော်စကို ရဲ့အကြိုက်ဆုံး အချိန်အခါသာမယ" ကဗျာလေးကို ကဗျာအတွေးနှင့်မိတ်ဆက်ပေးပါ့မယ်..။ကဗျာက ရုတ်တရက်ရေးထားတဲ့ အတွက် တော်တော်ရိုးစင်းပါတယ်..။ အဆုံးသတ်ကာရန်ယူရင်း အချိန်ကိုညွှန်းဆိုပြလိုက်တယ်..။
ပထမအပိုဒ်မှာ -
" မြေလွှာပေါ်ဝယ် မေဘယ်လ်ရွက်ဝါလေးတွေ ကြွေပြီးနောက် ဆောင်းလေညှင်းက နှင်းစက်လေးတွေကိုအဖော်ပြုရင်း ရှေ့မှောက်ကို ရောက်ရှိလာတဲ့အချိန်ကို ဖော်ပြလိုက်သည်..အရမ်းလှတဲ့ အချိန်အဖြစ်ပေါ့ .."
ဒုတိယအပိုဒ်မှာတော့-
"မြူနှင်းပွင့်တွေ မြေပြင်မှာဖြန့်ကျဲလာခဲ့ရင်တော့ စာရေးသူသိလိုက်ရတာက မကြာမီ ဆောင်းရာသီကျောင်းပိတ်ရက်တွေက အအေးဓာတ်တွေအကြားမှ လူးလွန့်ရောက်ရှိလာတော့မည်ပေါ့..။အရမ်းသာယာပျော်မွေ့ဖွယ် နှစ်သစ်ကူးအချိန်ကိုရည်ညွန်းဖွဲ့ဆိုပြဖြစ်သည်..။"
အဲဒီနေ့ ဒီဇင်ဘာ (၂၅)ရက်နေ့ တခြားနိုင်ငံမှာ ခရစ္စမတ်ပွဲ ဆင်နွှဲနေချိန်ဖြစ်ပေမယ့် ရုရှားမှာတော့ ရုံးဖွင့်ရက် တစ်ရက်သာဖြစ်သည်..။(အဘယ့်ကြောင့်ဆိုတော့.. သူတို့ခရစ္စမတ်နေ့က ဇန္န၀ါရီ(၇)ရက်မှ ကျင်းပခြင်းသာ)။
ဒီကဗျာကတော့ ဘာမှမရည်ရွယ်ဘဲ ရုရှားအသံထွက်ရတာ ပင်ပန်းသောကြောင့် ခဏအတွင်းအခက်အခဲကို ဖြေရှင်းတဲ့ သဘောဖြင့် ဆရာကို ရေးပြလိုက်ခြင်းသာဖြစ်သည်..။အမှန်တကယ်ပြောရရင်တော့ စာရေးသူ အကြိုက်ဆုံး မော်စကိုရာသီကတော့ ဆောင်းဦးပေါက်ရာသီပါပဲ..။
(ရှေ့ဆက်ပြီး ဆောင်းဦးမှတ်တမ်းအနေဖြင့် စာရေးသူ ဆက်လက်ရေးသားဖော်ပြပါမည်..။)
တဒင်္ဂအခက်အခဲကို ရင်ဝမှထွက်ပြူကျလာတဲ့ ကဗျာလေးနှင့် ဖြေရှင်းခဲ့သည်မို့ အထက်ပါ ကဗျာလေးဟာ စာရေးသူရဲ့ အမှတ်တရတွေထဲက အမှတ်တရတစ်ခုသာပင်...။
အမှတ်တရ-
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(MUCTR- MOSCOW)


(ကဗျာ ချစ်သူတို့ ပျော်ရွှင်ချမ်းမြေ့ပါစေ..။)

Ночь Москвы ( မော်စကိုညချမ်း)






မော်စကို ညရှုခင်းအလှ











* Как одну превосходную песню

Слышу звуки –это листья шурщат, покидая деревья.

* И как в ночь фестиваля огня

Миллион ламп горят очень ярко.

* И над ними как над цветами бабочки

Над Москвой летают луна и звёзды.
Как люблю я эту ночь Москвы
Но тем не менее
Я тихо говорю ей: «Я очень скучаю по дому»


НВЕ ШВАН У
(9-9-2008)

မော်စကိုညချမ်း ကဗျာလေးကို စာရေးသူ မော်စကိုမြို့ကို စရောက်တဲ့ ညမှာ ရေးဖြစ်ခဲ့ပါတယ်..။ စာရေးသူ နေခွင့်ရတဲ့ ပလန်ညောနာရာ(planernayar) ဘူတာအနီး Vilica -Lasica လမ်းရှိ အဆောင်အမှတ် (No.21/1) အလွှာ(၁၄)ရှိ အခန်းဆောင် (၁၇၅/၃) ကနေ ရှုစားလိုက်ရင်ပဲ မော်စကို ညရှုခင်းကို အပြည့်အ၀ ခံစားခွင့်ရသည်..။စာရေးသူရောက်တာက ဆောင်းဦးပေါက်ရာသီမို့ ရာသီပုံစံက တော်တော်လေးကဗျာဆန်သည်လေ..။ မော်စကိုစရောက်တာနှင့်ဆောင်းဦးလေပြည်နှင့် စတင် ထိတွေ့ခဲ့သည်ပေါ့..။မြန်မာပြည်မိုးရာသီလိုပါပဲ .. အခန်းဆောင်ထဲမှာ ကော်ဖီတခွက် တမြေ့မြေ့သောက်ရင်း ကဗျာရေးဖို့ ကောင်းလှသည်..။
ဗနူကိုဗါ (ВНУКОВО) ပြည်ပြည်ဆိုင်ရာလေဆိပ်(ရုရှား) ကို စတင် အခြေချကတည်းက ဗိုက်ထဲက တောင့်တနေတဲ့ အစာကို အဲဒီည (၇)နာရီလောက်မှ နယ်သား အခန်းမှာ တ၀ဆွဲခွင့်ရသည်လေ..။ ပြီးမှ ပြတင်းပေါက် ကိုအသာလေးဖွင့်ရင်း မီးရောင်စုံနှင့် အလှဝေဆာနေတဲ့ မော်စကိုမြို့ ညချမ်းလေးကို မြိန်မြိန်ကြီးခံစားရသည်ပေါ့..။ နှုတ်ဖျားကလည်း လှလိုက်တာ ..ကြည်နူးစရာကောင်းလိုက်တာ စသဖြင့် ရေရွတ်မိသည်လေ..။အမှတ်တရအနေဖြင့် ကဗျာအတွေးလေးတွေက စာရေးသူရဲ့ နှလုံးသားထဲ ခုန်ပေါက်ဝင်ရောက်လာသည်ဆိုရင် အထက်ပါ မော်စကို ညချမ်းကဗျာလေးကို ရေးလိုက်သည်ပေါ့..။
ကဗျာရဲ့ ပထမအပိုဒ်မှာ တော့..
" ဆောင်းဦးလေညှင်းလေးတွေ တိုးဝှေ့တိုက်ခတ်မှုကြောင့် ပေါ်ပေါက်လာတဲ့ သစ်ရွက်လေးတွေရဲ့ ရွက်ချင်းခတ်သံ...ရွက်ကြွေသံလေးတွေဟာ စာရေးသူအတွက် သာယာငြိမ့်ညောင်းတဲ့ သံစဉ်တေးတပုဒ်အလား ထင်မှတ်မှားရလောက်အောင် နားဝင်ပီယံ ကြားနေရတာကို ရေးလိုက်သည်..။"
ဒုတိယအပိုဒ်မှာတော့.....
" မီးရောင်စုံလင်းလက်တောက်ပ..လှချင်တိုင်းလှနေတဲ့ မော်စကိုညကို မီးပွဲတော်နှင့် ခိုင်းနှိုင်းမြင်ယောင် ရေးသားလိုက်သည်..။"
နိဂုံးအပိုဒ်မှာတော့.....
" မော်စကို ညချမ်းကို ပန်းခင်းအသွင် ခိုင်းနှိုင်းရင်း ပန်းခင်းကြီးထဲ လိပ်ပြာလေးတွေပျံဝဲသွားကြသလို ညကောင်းကင် အထက်ဝန်းကျင် မှာလည်း သော်တာလမင်းနှင့် ကြယ်တာရာလေးတွေကလည်းလင်းလက် ပျံသန်းနေကြသည်ပေါ့..။ အရမ်းကိုပသာဒဖြစ်ရတဲ့အတွက် စာရေးသူအတွက် ကြည်နူးချစ်စရာကောင်းတဲ့ ညလေးဖြစ်တဲ့အကြောင်းနှင့် ပထမဦးဆုံးစရောက် ပထမဦးဆုံးစတင်ကြည့်ခွင့်-ခံစားခွင့်ရတဲ့ ညလေးမို့ အမှတ်တရဖြစ်သည်ပေါ့..။ဒါ့ကြောင့်လည်း စာရေးသူအနေဖြင့်- ငါ..အိမ်ကို အရမ်းလွမ်းနေပြီ ညလေးရယ်.".လို့သာ.. ဒီညလေးကို တိုးတိုးညင်ညင်လေး ရင်ဖွင့်စကားလေးဆိုလိုက်သည့်သဘောနှင့် အမှတ်တရ ရေးလိုက်တဲ့ပုံစံကို ညွှန်းဆိုထားခြင်းသာဖြစ်သည်..။

ကဗျာအတွေးထဲ စီးမျောရင်း အိမ်ကို အရမ်းသတိယမိတာတော့အမှန်ပင်..။အိမ်ကို အရမ်း သတိယတဲ့အချိန်..စိတ်ညစ်တဲ့အချိန်ဆို မော်စကိုညချမ်းလေးကို ရှုစားရင်း အမောပြေလိုက်ရတဲ့အရသာကတော့ ဂျာကွားတခွက် .ဘော်ကာတပက်နှင့်တောင်မလဲနိုင်တာတော့အမှန်ပါပဲ..။ညှင်းညှင်းတိုက်ခတ်လာတဲ့ ညလေပြည်က လူကိုလန်းဆန်းတက်ကြွစေသလို ပျော်ရွှင်ချမ်းမြေ့မှု အတွေးတွေကို ပေးစွမ်းသည်လေ..။ဘာပဲဖြစ်ဖြစ် ..စာရေးသူအတွက် တော့ မပျော်ခဲ့ရတဲ့ အဖော်မဲ့ည အလွမ်းတွေကို ဖြေဖျောက်ပေးစေတဲ့ ညလေးမို့ ထာဝရအမှတ်တရဖြစ်စေသည်လေ..။
ဖတ်ရင်းနှင့် ကဗျာဆန်သောအတွေးများနှင့် ရယ်စရာအတွေးများပေါ်ပေါက်လာရင်ပဲဖြစ်ဖြစ် ခံစားမှုရသ တခုခုရရင် မော်စကို ညချမ်းကဗျာ ရေးရကျိုးနပ်သည်။ (မော်စကိုညချမ်းလေးကို အမှတ်တရဖြစ်စေရန်သာရည်ရွယ်ပါသည်...)

အမှတ်တရ-
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(MUCTR - MOSCOW)

(ကဗျာချစ်သူအားလုံး ပျော်ရွှင်မှုအပြည့်အ၀ရပါစေဗျ....။)

နှလုံးသားထဲမှာ ကဗျာပန်းပွင့်ဖူးစေသော မော်စကို(မိတ်ဆက်)



(အဆောင်အရှေ့ဘက် မျက်နှာစာ မော်စကို အလှတစ်နေရာ)


စာရေးသူ - မော်စကို ကို ၂၀၀၈ စက်တင်ဘာ ၉ ရက်နေ့ စရောက်ခဲ့သည်။ အခုဆို ၃နှစ်ပြည့် လုပြီပေါ့ ။ အရင်ကတော့ မော်စကိုမှာ နေပြီး ပညာဆက်သင်ရမယ်ဆိုတော့ ပျော်တာပေါ့။ သို့ပေမယ့် မတူညီတဲ့ဓလေ့ထုံးစံ ၊ ဓလေ့စရိုက်၊ ရာသီဥတု - (အထူးသဖြင့်- ကွဲပြားခြားနားသော ဘာသာစကား ) စသောအခက်အခဲများကို ဧကန်တွေ့နိုင်တာကြောင့် မလာခင်ကတော့ တွေးကြောက်မိသေးသည်လေ။ အမှန်ပြောရရင် - ရောက်စမှာ ရုရှားစကား နဲနဲ ပဲ ပြောတတ်သေးသည်၊ ဒီကိုမရောက်မီ ရုရှားဘာသာစကားကို မြန်မာမှာ ၆ လ လေ့လာခဲ့ပါတယ်။သဒ္ဒါ အပိုင်း ကောင်းကောင်း နားလည်ပေမယ့် အပြော အပိုင်းတွင် စကားအသံဝဲ သဖြင့် ရုရှားစကားကို နားလည်သော်လည်း တခြားသူ နားလည်အောင် ပြန်မပြောနိုင်ခဲ့ပါ။
သို့သော် ရုရှားစာ၊ ရုရှားကဗျာတွေတော့ကောင်းးကောင်းရေးနိုင်ခဲ့သည်လေ။
မော်စကို အစရောက်စဉ်တုန်းက ရုရှားလူမျိုးတစ်ယောက်နှင့် စကားပြောတဲ့အခါ စာရေးသူ ကောင်းကောင်းပြန်ပြောနိုင်သော စကားနှစ်ခွန်းရှိသည်။အဲဒီစကားတွေကတော့ - ဟုတ်တယ်(да) နှင့် မဟုတ်ဘူး(нет) ပါပဲ။နောက် အသုံးများသော စကားတွေက တော့ это – что это – сколько стоит это ?– можно – пожалуйста – спасибо – здравствуйте – как дела ? စသောစကားတွေပါပဲ။
အခုတော့ မော်စကို မှာ နေထိုင်ရတာ အစစအရာရာ အဆင်ပြေပါတယ်(ချမ်းတာနှင့်အိမ်လွမ်းတာက လွှဲရင်ပေါ့။) အမှန်ပြောရရင် မော်စကိုမြို့ ဟာ ရှေးဟောင်းယဉ်ကျေးမှုအနုပညာများစုစည်းရာ..၊ပြတိုက်များစုစည်းရာနေရာဖြစ်သလို ရပ်ကွက်အခြား သစ်တောတန်းများနှင့်သဘာဝ အလှထိန်းသိမ်းစုစည်းရာ မြို့ပြတစ်နေရာသာဖြစ်သည်..။မြို့ပြအင်္ဂါရပ်နှင့်ညီညွတ်သလို သဘာဝအလှတရားတွေကို စုဆောင်းသိုမှီးရာမြို့ကြီးမို့ မြို့ရဲ့နေရာတော်တော်များများ ဘယ်နေရာကြည့်ကြည့် အလှတွေ ခညောင်းနေသဖြင့် မော်စကိုအလှတွေဟာ စာရေးသူအတွက်တော့ ကဗျာလေးများသာ ဖြစ်တော့သည်လေ..။
နွေဦးပေါက် မိုးတွေအုံ့မှိုင်းရင်လည်း အလွမ်းကဗျာတွေအဖြစ်အသွင်ပြောင်းမိတယ်..။နွေရာသီ အပန်းဖြေ ရေကူးရင်းလည်း ပျော်စရာကဗျာလေးတွေစီမိတယ်..။ဆောင်းဦးရွက်ကြွေရင်လည်း မေဘယ်လ်ရွက်ကြွေအလှကို ခံစားရင်း ကဗျာစိတ်ကူးတွေ ထူးသစ်စေပြန်တယ်.။ ဆောင်းရာသီ နှင်းတွေဖြန့်ကျဲ ချိန် သုညအောက် အနုတ်၂၈-၂၉ံC ဖြစ်သွားအောင် အပြင်မှာ ချမ်းနေသော်လည်း ရင်မှာတော့အလွမ်းတွေ တပွေ့တပိုက်နှင့် ကဗျာတွေကို မျိုးစေ့ချထုဆစ်မိပြန်သည်လေ..။လွမ်းသမျှ- ဆွေးသမျှကို အသွင်ပြောင်းရေးချလိုက်တော့ စာရေးသူအတွက်တော့ မော်စကိုနှလုံးသားကဗျာလေးတွေဖြစ်လာသည်ပေါ့..။
ရာသီတိုင်း အလွမ်းတွေ အဆွေးတွေ အတွေးတွေ ပေးစွမ်းသော နှလုံးသားထားက မော်စကို ကဗျာလေးတွေကို အမှတ်တရ အနေဖြင့် မြန်မာလိုတွေး ရုရှားလို အသွင်ပြောင်းရေးထားတာလေးတွေကို လက်စွမ်းပြလိုက်ပါတယ်.။(ကဗျာမာန်ပြတယ်လို့မထင်စေချင်ပါ..) ။ကာရန်ညီတာရော..ကာရန်မညှိတာရော ရှိကောင်းရှိလိမ့်မယ်...။ကဗျာဖတ်နေရင်းက အမှားယွင်းများစွာတွေ့ကောင်းတွေ့ပါလိမ့်မယ်..။စာရေးသူ အနေဖြင့် ဘာသာစကားလေ့လာမှု အားနည်းချက်များသာဖြစ်တယ်..။ မော်စကို မှာ နေထိုင်သမျှ ကာလပတ်လုံး အမှတ်တရများမို့ အမှားယွင်းများကို ပြင်ဆင် ဖတ်မှတ် အကြံပြုပေးစေချင်ပါတယ်..။

ကဗျာချစ်သူအားလုံး ကဗျာဆန်ဆန် ကာရန်လှလှ ပျော်စရာဘ၀နှင့်
ပျော်စရာ မနက်ဖြန်များစွာကို ဖြတ်သန်းခွင့်ရပါစေဗျ..။
အမှတ်တရ-
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(НВЕЙ ШВНН У - РХТУ)
MUCTR -MOSCOW

Tuesday, 1 March 2011

အသက်ဝင်လာသော မြန်မာဂန္ထ၀င်ကဗျာလေး(၃) - ( နှမလက်လျော့ နေလေတော့ )


စာရေးသူ တက္ကသိုလ် ပထမနှစ် (ဒုတိယနှစ်ဝက်) မှာ တက္ကသိုလ် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးစီး၍ ခေတ်ဟောင်းခေတ်ပေါ် သီချင်းအဆိုပြိုင်ပွဲ၊ တက္ကသိုလ်ကာယအလှမယ်နှင့် တက္ကသိုလ် ကာယဗလမောင် ပြိုင်ပွဲ နှင့် ဖျော်ဖြေရေးပွဲများ ကျင်းပသည်နှင့် ကြုံခဲ့ရသည်..။ အဆိုပြိုင်ပွဲတစ်ခုမှာ သီဆိုမယ့် သီချင်းမိတ်ဆက်စဉ် ထူးထူးခြားခြား ကြားလိုက်ရသည်က အင်းဝခေတ် ကဗျာဆရာ ရှင်မဟာရဌသာရ ရေးသားတော်မူသော " နှမလက်လျော့ နေလေတော့ " သီချင်းလေးပါလို့ သီဆိုယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင်သူကပြောသည်..။(ပြိုင်ပွဲဝင်သူက စာရေးသူအထက် ၅နှစ်လောက်အတန်းကြီးသော ရူပဗေဒ မဟာသိပ္ပံတန်းမှ အစ်ကိုကြီးဖြစ်သည်..။)


ဤသီချင်းနှင့်ပဲ သူ အဆိုပြိုင်ပွဲမှာ ပထမဆုရသွားခဲ့သည်..။ စာရေးသူ စိတ်မှာ ဘ၀င်မကျတာက သူ​သီဆိုသွားတဲ့ သီချင်းသံစဉ်ကို ကြိုက်ပါရဲ့..။ သို့ပေမယ့်လည်း သီချင်းတပုဒ်လုံးတွင် ရှိနေတဲ့ စာသားတွေနှင့် သူမဆိုခင်ပြောခဲ့တဲ့ ရှင်မဟာရဌသာရ ရေးခဲ့သော ဆိုသည့် စကားလုံးကို ဘ၀င်မကျခြင်းဖြစ်သည်..။ အဘယ့်ကြောင့်ဆိုသော် သီချင်းစာသားတပုဒ်လုံးတွင် နှမလက်လျော့ နေလေဦးတော့...ကွယ် တစ်ကြောင်းတည်းကိုသာ ယူသုံးထားတာတွေ့ရပြီး မူအတူ အသွင်ပြောင်း ပုံစံမျိုးသာဖြစ်ကြောင်း တွေ့ရသောကြောင့်ဖြစ်သည်..။ မည်သို့ပင်ဆိုစေကာမူ ဤသီချင်းလေးနှင့်ဆက်စပ်၍ ရှင်မဟာရဌသာရ၏ နှမလက်လျော့ နေလေတော့ ပျို့ကဗျာလေးကို သတိရနေပြီး အမြဲအသိအမှတ်ပြု ပြန်လည်ခံစားနေခြင်းသည် ပျို့ကဗျာစာသားလေးလည်း ဆက်လက် အသက်ဝင်ရှင်သန်နေမည်မှာ မလွဲပေ..။
ထို့ကြောင့် အကြောင်းတူ မူကွဲ သံစဉ်ထည့်ထားတဲ့ ဂန္ထ၀င်မြန်မာကဗျာဆရာ ရှင်မဟာရဌသာရ၏ နှမလက်လျော့ နေလေတော့ ပျို့ကဗျာနှင့် ဂန္ထ၀င်အဆိုတော် တွံတေးသိန်းတန် ရေးဆိုထားတဲ့ နှမလက်လျော့ နေလေတော့ သီချင်းလေးကို ယှဉ်တွဲ လေ့လာခံစားရသအပြည့်အ၀ရရှိနိုင်ရန် စာရေးသူ ဖော်ပြပေးလိုက်ပါတယ်..။


နှမလက်လျှော့နေလေတော့ (ပျို့ကဗျာ)


ပုရေနိသင်၊ ဆက်တိုင်းကြင်၍၊ အိမ့်ရှင်အစစ်၊
ငယ်ကျွမ်းချစ်နှင့်၊ ထပ်ရစ်လက်သင်၊ ထုံးစတွင်၌၊
သွေးငင်ကြမ္မာ၊ ၀ါသနာကြောင့်၊ ဆရာမိဘ၊
ကွပ်ဆုံးမလည်း၊ ချစ်စထုံးနှောင်၊ ပျော်ရအောင်ဟု၊
သန်းခေါင်မဟူ၊ အတူယှဉ်နွှဲ၊ သန်းလွဲမခန့် ၊
အသက်စွန့် ၍၊ ဝေးဓွန့် ခရီး၊ ချုံကြီးတောအုံ၊
ဝါးရုံဝါးထွေး၊ သစ်ကျားဘေးကို၊ မတွေးဆံဖျား၊
မလေးစားတည့်၊ တရားသံဝေ၊ အောက်မေ့ချေ
သော်၊ ကြေးရွှေဂဟေ၊ မစပ်လေသို့ ၊ စာပေ
တတ်ပွန်၊ ဓမ္မခန်နှင့်၊ ကျမ်းဂန်သိမြောက်၊ ပဉ္ဇင်း
ရောက်က၊ ထပ်လှောက် ကြင်ဖွယ်၊ ရှေးသော
နှယ်ကို၊ အဘယ်ကြိုးရှာလေတော့မည်။

လူ့ မြေတီထွင်၊ ဘက်မမြင်သား၊ သန့် စင်
ငယ်က၊ လက်တော်လှနှင့်၊ ချိန်းချစေ့ရ၊ မှာစာခွေ
ကို၊ စသေလိပ်ပြီး၊ ခင်းနှီးကွက်ကျယ်၊ ပြောက်မျိုး
ခြယ်၍၊ ဆင်စွယ်ဝန်းယှက်၊ မွေးမယ်ရက်သည်၊
အသက်တို့ က၊ ဆက်လှာရလည်း၊ မူလသိက္ခာ၊
ဆုံးမစာနှင့် ငါးဖြာဝိနည်း၊ စောင့်စည်းပညတ်၊
အပ်တိတစ်သွား၊ ဆံတစ်ဖျားမျှ၊ မမှားအာရုံ၊
ကာမဘုံကို၊ မခြုံရချေ၊ ဖြတ်ငယ်သေစွ၊ ကမ္ပလွေ
ရင်ပိုက်၊ တစ်ကိုက် မကျွတ်၊ စာလက်လွှတ်၍၊
ဖြစ်တတ်ဘိသည်၊ သံသာရှည်ခဲ့၊ ဖန်လည်ရတတ်၊
တစ်ပတ်ပတ်လျှင်၊ အနတ်ဒုက္ခ၊ နိစ္စလည်းဟူ၊
နှလုံးမူစွ၊ ပေးလှူစွန့် ကြ၊ ဤဘ၀တွင်၊ နှမလက်
လျှော့၊ နေလေတော့ဟု၊ ချစ်ပေါ့မကြုံ၊ ညှိုးငယ်ပုံမျှ၊
ငှက်မုံကျေးကျုတ်၊ ချမင်းတုပ်သို့ ၊ စိတ်ချုပ်မပွင့်၊
ပျံ့ လွင့်မေတ္တာ၊ ကရုဏာနှင့်၊ တဏှာလောဘ၊
ဒေါသမြှေးထူ၊ ရမ္မက်မြူကို၊ ဘယ်သူနှိုးရှာ
လေတော့မည်။
ဆုဝေဘိချင်၊ ငယ်ကျွမ်းဝင်နှင့်၊ သို့ ပင်
တာရှည်၊ ပျော်ရမည်ဟု၊ ညောင်စည်သားများ၊
မြို့ ရှေးပါးဝယ်၊ ထင်ရှားကျော်ဟိုး၊ ရုက္ခစိုး၌၊
ပုဆိုးကြာညွန့် ၊ ပိတ်လှပ်တွန့် ကို ၊ ဖြန့် ၍တစ်လည်၊
ရစ်ဖွဲ့ ချည်၍၊ ငယ်မည်မြွက်ဟ၊ နှုတ်သံမြနှင့်၊
ခက်မတစ်ထောက်၊ ပညောင်စောင့်တတ်၊ ရှင်
နတ်မြတ်ကို၊ တိုင်မှတ်သက်သေ၊ ပြုမိပေရှင့်၊
မကွေသစ္စာ၊ ၀ါသနာကြောင့်၊ ရုပ်ဝါပျိုရွယ်၊
သနားဖွယ်ကို၊ ရှေးနှယ်ကြိုးကုတ်၊ ချမင်းတုပ်နှင့်၊
ခွက်မြုပ်ခါညီ၊ နာရီမောင်းချ၊ ဒေသနိမိတ်
သက်ကြီးဆိတ်လည်း၊ မမှိတ်မျက်တောင်၊ သည်း
ခေါင်ဆူလည်၊ ရှိလိမ့်မည်ဟု၊ လွမ်းသည်ထပ်ဆင့်၊
ဖူးချိန်သင့်ကို၊ မျှော်လင့်ခိုးရှာလေတော့သည်။


ရှင်မဟာရဌသာရ




တွံတေးသိန်းတန် ရေးဆိုထားသော
နှမလက်လျော့ နေလေတော့ တေးကဗျာ ခံစားကြည်ရှုရန်-




ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၁ -၃- ၂၀၁၁)

Monday, 28 February 2011

အသက်ဝင်လာသော မြန်မာဂန္ထ၀င်ကဗျာလေး(၂)- (လှည်းယဉ်တော်)

စာရေးသူအတွက် တက္ကသိုလ်ကျောင်းသားဘ၀ထဲမှာ အမှတ်တရ ဖြစ်နေဆဲ ကဗျာလေးတွေအများကြီးရှိသည်..။ ဒုတိယနှစ် မြန်မာစာ ကဗျာထဲက မာန်လည်ဆရာတော်ရေးသားသော လက်ဖက်ရည် ကဗျာလေးနှင့် ဦးရာကျော် ရေးသားသော ကျေးလက်အလှကို ဖော်ညွန်းတဲ့ လှည်းယာဉ်တော် ကဗျာလေးတွေက သံစဉ်ထည့် ဆိုရကောင်းသဖြင့် စာရေးသူ နှုတ်ထက်တွင် အခုထိ စွဲထင်နေသေးသည်..။ မှတ်မှတ်ရရပါပဲ..စာရေးသူ တက္ကသိုလ် ကျောင်းသားဘ၀က အမှတ်မထင် ရွတ်ဆိုခဲ့တဲ့ လှည်းယာဉ်တော် ကဗျာလေးကတော့ အသက်ဝင်လာခဲ့သည်ဟုဆိုရပေမည်..။





ယနေ့ခေတ် မြန်မာသံစဉ်များ ပြန်လည်အသက်သွင်းလာတဲ့အချိန်မှာ စာရေးသူ ခရေစီဖြစ်ခဲ့တဲ့ ကဗျာလေးလည်း အသက်ဝင်ရှင်သန်လာတဲ့အတွက် အတိုင်းမသိပျော်ရွှင်မိတာတော့ အမှန်ပါပဲ..။ သီချင်းလေးကို မဖော်ပြခင်- မူရင်းကဗျာစာသားများကို လေ့လာဦးစို့ရဲ့..။ ကဗျာက ဦးရာကျော်ရေးသားတဲ့ လေးချိုးအမျိုးအစားကဗျာလေးဖြစ်ပါသည်.။ မူရင်းကဗျာစာသားကတော့ -
" ပွဲဆင်တော် ပြသပေးရန်မို့ 
လှည်းယဉ်တော် ကြွကြွလေးရယ်နဲ့ 
မမလေးကိုတဲ့ လိုက်ဖို့ ခေါ်။

တချို့ ကချောသနဲ့ 
တို့ တောနယ် ရွာတစဉ်မှာတော့
မြို့ ကျောဖွယ် တန်ဆာဆင်ကြပုံက
အပြာတွင် မဲရောင်ခရမ်းရယ်နဲ့ 
ပ၀ါဆင် ဖဲစောင်မှ ဆန်းတယ်လို့ 
ထာဝစဉ် ပွဲဘောင်ကို မြန်းကြတယ်
ကဲ ပြောင်းခန်းဖေါ်တယ်နော် ကွယ်
လှည်း ဆောင်းပန်းပေါ်။

တူပြိုင်ကာ နှစ်ယောက်တဲပါလို့ 
ချူမြိုင်စွာ ခလောက်ဆွဲတဲ့ပြင်
နောက်လှည်းက ရှေ့လှည်းကိုကျော်
ဟေ့ဟဲ အော်လို့ သောင်းညံကြွေး
ကွေ့ လွှဲချော်လို့  မောင်းပြန်သေး။

တို့ အလျင်
မြို့ အ၀င် သညာဂုဏ်ကြောင့်
သို့ မှပင် မြင်ခါကြုံတော့မယ်လို့ 
ပျို့ သခင် ရင်ပါခုန်တဲ့အောင်
အားအန်ကုန် သိပ်ကွာမဝေးဖို့ 
ကြွားမာန်ဟုန် ထိပ်ကြားကလေးရယ်နဲ့ 
နွားကြန်စုံ ပိဿာပေးတို့ ကို
မိုးမော့က နှေးမှာကြောင့်
ကြိုးလျော့လို့ ပေး။
" ဟူ၍ဖြစ်သည်..။ ကျေးလက်အငွေ့အသက်လေးတွေနှင့် ကျေးလက်ဓလေ့လေးတွေ ထုံမွှန်းနေတဲ့ကဗျာလေးပါ..။ကဗျာကို ဖတ်လိုက်တာနှင့် အသံသာပြီး ချစ်စရာတောဓလေ့ လှည်းယာဉ်တော်အလှနှင့် ကျေးတောသူအလှအပလေးတွေကို မြင်ယောင်အောင် ဖော်ပြနိုင်စွမ်းရှိသည်..။ မြတ်နိုးဖွယ် ကျေးလက်သရုပ်ကို လှစ်ဟပြနေတဲ့ ဤကဗျာလေးကို အခုခေတ်တွင် လင်းခေးလုလင် က တေးသံစဉ်သွင်းပြီး တေးသံရှင် အိအိချွန်က ပုံဖော်သီဆိုအသက်သွင်းထားသဖြင့် ကြည်နူးဖွယ် ခံစားမှုရသကို ပေးစွမ်းသည်ကို သိရှိနိုင်ပေမည်..။ ဤကဗျာလေးမှ ခလောက်သံတချွမ်ချွမ်နှင့် ပြေးလွှားနေတဲ့ နွားကြန်စုံနှင့်ဆင်ယင်တဲ့ လှည်းယာဉ်အလှများအပြင် ကျေးတောသူလေးတွေရဲ့ ပွဲတော်ထွက်အပြင်အဆင်အလှများကိုပါ ကြည်နူးဖွယ်ခံစားရင်း ကျေးလက်ဓလေ့ကို ချစ်မြတ်နိုးတန်ဖိုးထားနိုင်စေရန် ရည်ရွယ်ရင်း အသက်ဝင်လာသော ဂန္ထ၀င်ကဗျာလေးကို တေးရုပ်သံနှင့် ယှဉ်တွဲဖော်ပြလိုက်ပါသည်..။

ကဗျာဆရာ ဦးရာကျော်၏ အသက်ဝင်နေသော
လှည်းယာဉ်တော် တေးကဗျာ ကြည့်ရှုခံစားရန်


ရွှမ်းသိင်္ဃ(တနင်္သာရီ)
( ၂ဂ- ၂-၂၀၁၁)

အသက်ဝင်လာသော မြန်မာဂန္ထ၀င်ကဗျာလေး (၁)- (ပန်းပန်လျက်ပဲ (ခ) ဗေဒါပန်း)

စာရေးသူ အခုလို ခေါင်းစဉ်မပေးခင်ကတည်းက ကဗျာလေးတွေကို သံစဉ်သွင်း လိုက်ပြီ ဆိုရင်ပဲ သီချင်းကဗျာလေးအဖြစ် အသက်ဝင်လာပြီလို့ သိရပေမည်..။မူလ အစကပင် ကဗျာမည်သည် သီချင်း၏ အခြေခံ ရေသောက်မြစ်တစ်ခုသာဖြစ်သည်ဟု အားလုံးသိပြီးသားပင်..။ ကဗျာ အားလုံး သီချင်းမဖြစ်နိုင်သလို သီချင်းအားလုံးက ကဗျာ မဖြစ်နိုင်ပါ ဟု ယူဆရင်လည်းရသည်..။ ဒါပေမယ့် အသံသာသော ကဗျာလေးများ.. ၊ လူကြိုက်များသောကဗျာလေးများ..၊သံစဉ်သွင်းလို့ကောင်းတဲ့ ကဗျာလေးများသာ သီချင်းအသွင်ပြောင်း ပြန်ခံစားကြည့်သည့်အခါ အလွန်နားဝင်ချိုသော သီချင်းလေးတွေဖြစ်လာသည်က အမှန်ပင်..။သီချင်းအသွင် ပြောင်းလိုက်ခြင်းအားဖြင့်လည်း တေးဂီတ သံစဉ်နှင့်အတူ ကဗျာပါ အချက်အလက်များကို ပိုမိုခံစားခွင့်ရပြီး ကဗျာ၏ ဆိုလိုရင်းကိုလည်း ပိုမိုမြင်သာစေသည်ဟု ယူဆရပေမည်..။



သီချင်းအသွင်ပြောင်းလိုက်ခြင်းဖြင့် အသက်ဝင်လာသော ကဗျာလေးတွေကို စာရေးသူ ခံစားဖော်ပြပါမည်..။ပထမဦးဆုံးဖော်ပြချင်သော ကဗျာလေးကတော့ ဂန္ထ၀င်ကဗျာဆရာကြီး ဆရာဇော်ဂျီ၏ ဗေဒါလမ်း ကဗျာစုထဲမှ "ပန်းပန်လျက်ပဲ" ကဗျာလေးပါ..။ဤကဗျာလေးကို ဆရာဇော်ဂျီက ၁၉၆၀ခုနှစ်ထုတ် အိုးဝေ magazin မှာ ရေးခဲ့တာပါ..။ ကဗျာရဲ့ မူရင်းစာသားလေးကတော့...
" ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း
ဆင်းရလဲ မသက်သာ
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့ အလာ၊ ဗေဒါမ အတွေး
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး
ဆောင့်ခဲ့လည်း မသက်သာ
နောက်တစ်ချီ ဒီတစ်လုံးက ဖုံးလိုက်ပြန်ပါ
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ
တစ်လံကွာ လှိုင်းအကြွ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက ဘဲထွက်လို့လာ
ဘဲအုပ်မှာ တစ်ရာ နှစ်ရာ၊ မဗေဒါ တစ်ပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ "

ကဗျာလေးကို ဖတ်ခြင်းဖြင့် ဘ၀အနိမ့်အမြင့် အတက်အကျ လောကဓံတရားကို ဘယ်လိုပဲကြုံကြုံ အံကိုခဲ မာန်ဇွဲနှင့် ဆက်လက်ရပ်တည်ဖို့ ခွန်အားပေးနေတဲ့ ပြယုဂ်ကို သိသိသာသာ မြင်ယောင်အောင်ရေးဖွဲ့ထားသသည်ကို သိနိုင်ပေသည်..။ နောက်ပိုင်း ဤကဗျာကိုမှီး၍ ခေတ်ဟောင်းရုပ်ရှင် ဇာတ်ကားအသွင်ဖြင့် ပန်းပန်လျက်ပဲ ကဗျာကို ဆက်လက်အသက်သွင်းခဲ့ကြသည်..။၎င်းဇာတ်ကားတွင် ယင်းကဗျာကိုပဲ စန္ဒရားချစ်ဆွေက တေးသံစဉ်အသွင် အသက်သွင်းပြီး မင်းသမီး ဒေါ်ကြည်ကြည်ဌေးက စတင်သီဆိုခဲ့သည်..။ ဤသို့ဖြင့် ကဗျာလေးမှာ အားမာန်တက်ဖွယ်ရသမှ တဆင့် တက်ပြီး ဂရုဏာသက်ဖွယ်ရသကိုပါ ထပ်ဆင့် ခံစားနိုင်အောင် အသက်ဝင် ပေးစွမ်းနိုင်ခဲ့သည်..။ကဗျာချစ်သူတို့ ပြန်လည်ခံစား အားမာန်ရစေဖို့အလို့ငှာ အသက်ဝင်နေသော ဂန္ထ၀င်ကဗျာသံစဉ်တေးအသွင် သီဆိုထားတာလေးကို .နောက်ပိုင်း နီနီဝင်းရွှေ သီဆိုပြီး မျိုးသန္တာထွန်း သရုပ်ဖော်ကထားတဲ့ ရုပ်သံလေးကို ဖော်ပြပေးလိုက်ပါတယ်.။ကဗျာချစ်သူတို့ ခံစားနားဆင်ရင်း အားအင်အသစ်တွေ ရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်..။



အသက်ဝင်နေသော ဆရာဇော်ဂျီ၏ ပန်းပန်လျက်ပါ ကဗျာကြည့်ရှုခံစားရန်


ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၄-၂-၂၀၁၁)