RSS

Wednesday, 9 March 2011

Кто он такой ? (သူ ဘယ်သူလဲ?)





* Он сам посадил дерево, цветок в саду .
И смотрел как растут и плодоносят они.
Как он счастлив!
Он походит на садовника.


* Он горел сам, принося в жертву всё
Жертвуя даже собой
Как он счастлив!
Он походит на свечу.



* Он днём и ночью освещает землю
Удаляя темноту и мрак,
Как он счастлив!
Он походит на Солнце и Луну.


* Он сам узнал в учёбе всё ,
Преподавая студентам, давая знания
Как он счастлив!
Он походит на мать и отца.

* Так, кто же он такой ?
Кто он ?
Он – мой дорогой преподаватель.


НВЕ ШВАН У
(РХТУ)
(5-10-2009)
«для всех преподавателей »



စာရေးသူ ရဲ့ ယခုလက်ရှိ ဘ၀ လက်ရှိ အခြေအနေ အထိ ရှင်သန်နေထိုင်နေစဉ်ကာလတစ်လျှောက် ရတနာ(၃)ပါး နှင့် ကျေးဇူးရှင် မယ်မယ် ဘဘ ပြီးရင် အလေးအမြတ်ထားရတဲ့ သူကတော့ အနန္တဂိုဏ်းဝင် သင်ဆရာ မြင်ဆရာ ကြားဆရာ များပင်ဖြစ်သည်..။သို့အတွက်ကြောင့်လည်း ၂၀၀၉ ခုနှစ် အောက်တိုဘာ (၅)ရက်နေ့ ဆရာများနေ့မှာ မြတ်ဆရာများကို ပူဇော်ကန်တော့ရင်း ရုရှားလို ကဗျာလေးတပုဒ်ရေးဖြစ်သည်လေ..။
စာရေးသူ တို့ မြန်မာလူမျိုးအနေဖြင့် မြတ်ဆရာကို အလေးအမြတ်ထားကြပုံ ကို ရုရှားဆရာဆရာမတွေကို သိစေချင်တဲ့ သဘောပါပဲ..။ တခါတလေ နှစ်သစ်ကူးတဲ့အချိန်ဆို စာရေးသူ မြန်မာလူမျိုးဆိုတဲ့အသိနှင့် ရုရှားဆရာဆရာမတွေကို ကန်တော့ဖြစ်သည်...။သူ့တို့အတွက် အလေ့အထမရှိသည့်အတွက် စာရေးသူတို့ ကန်တော့တာကို ၀မ်းသာပျော်ရွှင် မျက်ရည်ကျကြသည်လေ..။သားသမီးက မိဘကို ၊တပည့်က ဆရာကို ဂါရ၀တရားထား တလေးတစားကန်တော့တဲ့ ဓလေ့ဟာ စာရေးသူတို့အတွက် မဆန်းပေမယ့် ရုရှားလူမျိုးတွေအတွက်တော့ အဆန်းတကြယ်ပင်ဖြစ်ရသည်လေ..။

ဘာပဲပြောပြော ချစ်စရာမြန်မာဓလေ့တွေကို မြင်ယောင်အောင်ပြသခွင့်ရသည့်အတွက် စာရေးသူ ဂုဏ်ယူမဆုံးတာ အမှန်ပါ..။မြန်မာဓလေ့ထဲမှ မြန်မာ့ဆရာများသာမက ကမ္ဘာမှာရှိတဲ့ဆရာတွေ အားလုံးရဲ့ တာဝန်နှင့် သွင်ပြင်အကျင့်စရိုက်ကတော့ စေတနာ ၊၀ါသနာ၊ အနစ်နာ အပြင် အကြင်နာတရားများစွာကို အခြေခံထားကြတာမို့ အထက်ပါကဗျာနှင့် ဆရာ့ဆရာအားလုံးကို ဂုဏ်ပြုရင်း ဆရာ့ဂုဏ်ကို ဖော်ညွှန်းလိုက်ခြင်းသာဖြစ်သည်..။ကဗျာလေးကို မိတ်ဆက်ပေးရမယ်ဆိုရင်-
ကဗျာ ပထမအပိုဒ်မှာတော့ - ဆရာဆိုတာ ဥယျာဉ်မှူးနှင့်တူတဲ့ အကြောင်းကိုဖော်ပြထားသည်..။ကိုယ်တိုင်ပြုစုပျိုးထောင် စိုက်ပျိုးပြီး ရှင်သန်ကြီးထွား သီးပွင့်လာတဲ့ ပန်းကလေးတွေကို အရမ်းပျော်နေတဲ့ သူအဖြစ် ရေးဖွဲ့ပြထားခြင်းသာ..။


ဒုတိယအပိုဒ်ကတော့ အမှောင်မှာ အလင်းရဖို့ ကိုယ်တိုင်လောင်မြိုက် အနစ်နာခံပြီးမှ ပြုံးပျော်ချင်တဲ့ ဆရာ့ရုပ်သွင်ကို လှစ်ဟပြလိုက်ခြင်းသာ..။

တတိယအပိုဒ်နှင့်စတုတ္ထအပိုဒ်မှာတော့ နေရယ်လရယ် မိရယ်ဘရယ် နှင့်ခိုင်းနှိုင်းရင်း ဆရာ့စေတနာကို ပေါ်လွင်အောင်ဖော်ပြရခြင်းသာ..။

နိဂုံးပိုဒ်ကတော့ မေးခွန်းပုံစံလေးဖွက်ပြီး အဖြေကို လှစ်ဟရင်း ဆရာအကြောင်းကို ပြောပြလိုက်တဲ့ ပုံစံကိုရေးလိုက်ခြင်းသာဖြစ်သည်..။

ကဗျာကို သံစဉ်သွင်းပြီးဆိုကြည့်ရင်လည်း ဟစ်ဆိုလို့အဆင်ပြေသည်တာတော့အမှန်ပင်..။ မြန်မာလိုတော့ ဆရာနှင့်ပတ်သက်တဲ့ကဗျာလေးတွေ မကြာခဏဆိုသလို စာရေးသူရေးဖြစ်ပါသည်..။ ရုရှားလိုတော့ ရှားရှားပါးပါး စကားလုံး လှလှ ကာရန်လှလှလိုက်ရွေးရသည်မို့ စာရေးသူအတွက်တော့ အခက်တွေ့သည်က အမှန်ပါ..။ ကြိုးစားပန်းစား နှလုံးသားထဲမှ ညှစ်ထုတ် ရေးထားရသည်မို့ မော်စကိုရောက် အမှတ်တရဖြစ်မည်လို့ထင်ပါသည်..။အဓိကကတော့ မြန်မာ့ဆရာနှင့်တပည့် သဘောသဘာဝကို ရုရှားဆရာဆရာမတွေကို လှစ်ဟပြချင်တဲ့ သဘောသာဖြစ်သည်မို့ အမှားယွင်းရှိရင် ပြင်ဆင်ဖြည့်စွက်ပေးပါလို့ မေတ္တာရပ်ခံလျက်....။

" ကြင်နာခြင်းများစွာ
အစဉ်လာ မယွင်းမှားပါတဲ့
ဆရာ့စေတနာပန်း
မြေကမ္ဘာထူးတင့်ဖို့
ဝေဆာကာ ဖူးပွင့်လို့လန်း "
ပါစေလို့ ဆုတောင်းလိုက်ပါတယ်..။


အမှတ်တရ-
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(MUCTR -MOSCOW)


( ကဗျာချစ်သူတို့ ပျော်ရွှင်ကြည်နူးကြပါစေ..။)

အသက်ဝင်လာသော မြန်မာကဗျာများ(၇)- (အမေ့ ပုခက်လွှဲ)



စာရေးသူတို့ ငယ်နုစဉ်ခလေးဘ၀မှာ အများအားဖြင့် အိပ်ယာဝင်ခါနီးတွင် အမေပြောပြသော ပုံပြင်လေးများ၊ အမေရွတ်ဆိုသော သားချော့တေးကဗျာ (ပုခက်လွှဲကဗျာ)များကို ကြားနာခွင့်ရခဲ့သည်..။ အမေ့ရင်ခွင် ရင်ငွေ့ခိုလှုံ... အို..အို..အေး အစချီ အိပ်ယာဝင်ကဗျာများစွာ နားဆင်ရင်းမှ တညတာ ကောင်းကောင်းအိပ်ခွင့်ရသည်..။ နေ့ညမဟူ သားသမီးတို့ စိတ်ပျော်ရွှင်မှု နွေးထွေးမှုတွေ သွန်းဖျန်းပေးသော အပြုံးပန်းတွေနှင့် ကဗျာလေးတွေ သင်ပေး၊ ကိုယ်တိုင် ရွတ်ပြ ၊ ဟန်မူရာ လုပ်ရ ဖြင့် ကြည်နူးနေသော အမေ့မျက်နှာလေးကို စာရေးသူ နှလုံးအိမ်မှာ အခုထိ စွဲထင် မြင်ယောင်နေဆဲပါ..။


ပုခက်လွှဲကဗျာလေးတွေအကြောင်း စဉ်းစားမိရင် အမေဆိုတာကို ချန်ထား၍ မရကောင်းပါ..။ အမေနှုတ်ဖျားမှ စတင် စီးဆင်း ကြားခွင့်ရခဲ့သော ပုခက်လွှဲ ကဗျာလေးတွေ အများကြီးရှိသည့်အနက်မှ ၁၉၄၀ ခုနှစ်ထုတ် မောင်ခွေးဖတ်ဖို့ စာအုပ်ထဲမှ ဆရာကြီးမင်းသုဝဏ်ရဲ့ ပုခက်လွှဲ (သားချော့တေး)ကဗျာလေးကို စာရေးသူ ပြန်လည်ခံစားပါမည်..။ ကဗျာလေးက ဆိုရတာ အသံသာပြီး စာလုံးဖွဲ့စည်းပုံမှာ ရိုးစင်းသလောက် လှပပြီး သဘာဝအလှကို ညွန်းဖွဲ့ ပေါ်လွင်စေသည့် သဘောရှိသည်..။ ကဗျာမူရင်းလေးက ဖတ်လိုက်တာနှင့် သီချင်းပုံစံလေးအသွင် အသံထွက်လို့ကောင်းသည်..။ ဆရာကြီးမင်းသုဝဏ် ကဗျာထဲမှ အကြိုက်ဆုံး ခလေးကဗျာလေးမို့ ယနေ့တိုင် ခံစားရစ်ကျူးဖို့ ကောင်းနေဆဲမို့ ကဗျာရဲ့မူရင်းလေးကိုဖော်ပြလိုက်ပါသည်..။

"မုန်တိုင်းကထန်၊ ချောင်းကလျှံ.....

ဝဲသံကကြွေး၊ လှိုင်းကဖွေး.....

ယီး..လေလေ့...ယီးလေလေး ။


မိုးပေါက်ကနာ၊ ဖြုတ်ကလာ.....

လမ်းတာကဝေး၊ လေကအေး.....

ယီး..လေလေ့...ယီးလေလေး ။


အိုချင်းတို့ရေ.... တို့တစ်တွေ.....

လှော်လေအပြေး၊ ယက်ဖွေးဖွေး

ယီး..လေလေ့...ယီးလေလေး ။


နေမင်းဖန်ဝါ၊ ယွန်းတော့ရှာ

အိပ်ပါလူလေး၊ မေ့ရင်သွေး......

ယီး..လေလေ့...ယီးလေလေး ။


ငှက်မ၊ ငှက်ဖို သိုက်မြုံခို

သံချိုမကြွေး၊ အိပ်ပြီလေး.....

ယီး..လေလေ့...ယီးလေလေး ။


ရနံ့မထုံ၊ ပန်းဝတ်မှုန်

ပန်းငုံမှာကွေး၊ အိပ်ပြီလေး....

ယီး..လေလေ့...ယီးလေလေး ။


လမင်းသော်တာ၊ ရောင်ခြည်ဖြာ

အိပ်ပါလူလေး၊ မေ့ရင်သွေး......

ယီး..လေလေ့...ယီးလေလေး ။
ယီးလေလေ့ ယီးလေလေး။"

ကဗျာလေးထဲတွင် လေအဝှေ့မှာ လှိုင်းရေ တဖွေးဖွေးထနေတဲ့ မြစ်ရိုးတလျှောက်မြင်ကွင်းလေးရယ်..မိုးတဖျောက်ဖျောက်နှင့်အတူ ရောက်ရှိလာသော ဖြုတ်ဆိုသည့် ပိုးကောင်လေးတွေရယ်.. အကောင်လေးတွေနေ၀င်ဆည်းဆာချိန်လေးရယ်..အိပ်တန်းပြန် ငှက်ကလေးတွေရယ်..ပန်းရနံ့လေးတွေရယ်..လမင်းသော်တာရယ် စသဖြင့် သဘာဝဆည်းဆာအလှလေးတွေကို မြင်သာအောင်ဖွဲ့ဆိုရင်း ခလေးလေးကိုချော့သိပ် မှေးမှိတ်အိပ်ချင်အောင် ယီးလေလေ့ ယီးလေလေး အဆုံးသတ်အသံလေးတွေ ထပ်ထပ်စီခြယ်ရင်း ကဗျာအလှကို မြင်သာအောင် ဖန်တီးထားသည်ကို တွေ့နိုင်သည်..။ ဤကဲ့သို့သော ကောင်းခြင်းဂုဏ်များကြောင့် ဆရာကြီး၏ ပုခက်လွှဲ ကဗျာလေးသည် ယနေ့တိုင် အသက်ဝင်ရှင်သန်နေသော ကဗျားကောင်း တပုဒ်ဖြစ်သည် ဟုဆိုနိုင်သည်..။

မကြာသေးမီက ကြည့်လိုက်ရတဲ့ ရွာ အမည်ရှိ သေခြင်းတရားနှင့် မိခင်မေတ္တာတရားကို ဖော်ညွှန်းတဲ့ မြန်မာဗွီဒီယို ဇာတ်ကားလေးထဲတွင် ဇာတ်ဝင်တေးသီချင်းအသွင်ဖြင့် ဤ ကဗျာလေးကို ပြန်လည် ခံစားနားဆင်ခွင့်ရခဲ့သည်..။ (ဇာတ်ကားမှာ ရဲတိုက်၊ အေးမြတ်သူ၊ မို့မို့မြင့်အောင် နှင့် ပြေဇင် တို့က အဓိက သရုပ်ဆောင်ထားပြီး သေခြင်းတရားနှင့်မိခင်မေတ္တာတရားလွန်ဆွဲကြတဲ့ သဏ္ဍာန်ကို ဖော်ပြရာမှာ ဤကဗျာလေးကို ဇာတ်ဝင်တေးအသွင်ဖြင့် ခံစားမှု ပေါ်လွင်အောင် ထည့်သွင်းအသုံးပြုထားသည်ကို တွေ့နိုင်သည်..။)

စာရေးသူလည်း အသက်ဝင်နေသော ဤကဗျာလေးကို ကဗျာချစ်သူတို့ ပြန်လည် ခံစားနားဆင်နိုင်ဖို့ သီချင်းမူရင်းကို လိုက်ရှာခဲ့ရာ mp3 ကို ရခဲ့သည်..။ ရုပ်သံလေးကို ဖော်ပြလိုက်ရင် ပိုပြီးမြင်ယောင်နားဆင်လို့ ကောင်းသည်မို့ မရနိုင်အဆုံးမှာ burmesevista.com မှ သီချင်းအပိုင်းအစ လုပ်ထားသော ဤကဗျာသီချင်းလေးကို youtube ကတဆင့် စာရေးသူရရှိခဲ့သည်..။ အခုခေတ် တေးသံရှင် ချမ်းချမ်းဆိုထားတာမို့ ကဗျာလေးက အသက်ဝင်သထက် အသက်ဝင်လာပြီး နားထောင်ရကောင်းသမို့ သီချင်းကဗျာလေးကို နားဆင်ရင်း အမေ့ရင်ခွင်နှင့် အိပ်ယာဝင် တေးကဗျာလေးကို ပြန်လည် အလွမ်းပြေ
နိုင်ပါစေလို့ ဆန္ဒပြုလျက် ကဗျာလေးနှင့်ဆက်စပ်လျက် တေးရုပ်သံကို ဖော်ပြပေးလိုက်ပါသည်..။
ချမ်းချမ်းဆိုထားသော ပုခက်လွှဲ ဇာတ်ဝင်တေးကဗျာ ရုပ်သံနားဆင်ကြည့်ရှုရန်..



ရွှမ်းသိင်္ဃ(တနင်္သာရီ)
၈-၃-၂၀၁၁
(ပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အမှတ်တရ)

Friday, 4 March 2011

အသက်ဝင်လာသော မြန်မာဂန္ထ၀င်ကဗျာလေး (၆)- (ဆွမ်းအုပ်နီနီ (ခ) ဥပုသ်စောင့်)



စာရေးသူ ငယ်စဉ်အချိန်တွေမှာ အများဆုံး ရင်းနှီးထိတွေ့ခွင့်ရခဲ့တဲ့ ကဗျာလေးတွေကတော့ ဆရာကြီး မင်းသုဝဏ်ရဲ့ကဗျာလေးတွေနှင့်ပါ..။ သူငယ်တန်းမတက်ခင် မူကြိုကျောင်းသားဘ၀တွေမှာ စတင်ရင်းနှီးရွတ်ဆိုခဲ့တဲ့ ကဗျာလေးတွေအကြောင်း ပြန်တွေးရင်း မြန်မာယဉ်ကျေးမှုဓလေ့တွေကို ဖော်ညွှန်းနေသော ဆရာကြီး မင်းသုဝဏ်ရဲ့ ဥပုသ်စောင့် အမည်ရှိသော ခလေးကဗျာလေးကို ပြန်သတိယမိသည်..။ သားအမိ အပြန်အလှန်ပြောဆို ကြတဲ့ ပုံလေးကို မြင်ယောင်စေပြီး ဥပုသ်နေ့မှာ ဆွမ်းအုပ်ကြီးကိုရွတ်ရင်း ဘုန်းကြီးကျောင်းသွားဖို့ ပြင်ဆင်ပုံကိုလည်း ဖော်ပြနေသယောင်ရှိသည်..။ ဤကဗျာလေးကို အများအားဖြင့် ဥပုသ်စောင့် အမည်အစား ဆွမ်းအုပ်နီနီ ဟု လူသိများသည်..။ ဤကဗျာလေးသည် အသံသာပြီး ရွတ်ဆိုရလည်း ကောင်း ချစ်စရာလည်း ကောင်းသည်မို့ စကားပြောတတ်စအရွယ်မှ လူလတ် လူကြီးဖြစ်သည့်တိုင် အမှတ်ရ ရွတ်ဆိုနေကြသည်ကို တွေ့ရသသည်မို့ ဤကဗျာလေးသည်လည်း မြန်မာနှလုံးသည်းပွတ်မှာ စွဲထင်နေဆဲ (အသက်ဝင်နေဆဲ) ကဗျာ တစ်ပုဒ်ဖြစ်သည်ဟု စာရေးသူ ထင်ပါသည်..။ ငယ်မူပြန်သည်ဟု ဆိုစေဦးတော့ စာရေးသူလည်း ဤကဗျာလေးကို ရွတ်ဆိုရင်း သရုပ်ဆောင်ခဲ့သော ခလေးဘ၀ကာလများသို့ တခါတလေ ရောက်ရောက်သွားတတ်သည်..။ ခန္ဒာတွေသာ တရွေ့ရွေ့ အိုဟောင်းလာခဲ့ကြပြီ..။သို့သော်ငြားလည်း ၁၉၄၀ခုနှစ် ဆရာ မင်းသုဝဏ်ရေး မောင်ခွေးဖို့ ကလေးကဗျာများ စာအုပ်ထဲက ဥပုသ်စောင့် (ဆွမ်းအုပ်နီနီကဗျာ) လေးကတော့ မြန်မာကလေးဝန်းကျင်နှင့် မြန်မာကဗျာချစ်သူတို့နှလုံးသားမှာ အသစ်သစ်နှင့် ဆက်လက်ရှင်သန်နေဆဲပါ..။


ဆွမ်းအုပ်ဟု ဆိုလိုက်တာနှင့် အခုနောက်ပိုင်းကလေးတွေက မမြင်ဖူးကြတော့ အထူးဆန်းဖြစ်ကြတာအမှန်ပါ..။အခုခေတ်တွင် ဆွမ်းအုပ်နှင့် ဆွမ်းပို့ ဓလေ့ လေးကတော့ တော်တော်လေးရှားသွားပါပြီ..။ ဆွမ်းအုပ်ဆို ဘာလဲဟင် လို့ ခလေးလေးကမေးလာသည့်တိုင် အဲဒါ ဆွမ်းအုပ်လို့ခေါ်တယ်ကွဲ့ ဟုဖြေနိုင်ဖို့ အိမ်ခန်းအတွင်း အလှဆင် ပန်းပုပြရုပ်လေးအသွင်ဖြင့်သာ ထားရှိကြတော့သည်..။ ခေတ်တွေဘယ်လိုပင်ပြောင်းလာပါစေ ဆွမ်းအုပ်အလှနှင့် မြန်မာဓလေ့ကို ဖော်ညွန်းနေတဲ့ ကဗျာလေးကတော့ ဆက်လက်တည်ရှိနေဦးမည်သာ..။ ကဗျာလေးကို မှီး၍ တေးသီချင်းပုံစံပြောင်းခဲ့လာကြရာ အခုဂီတခေတ်ရေစီးကြောင်းတွင်လည်း DJ Remix ပုံစံလေးနှင့် မြူးမြူးကြွကြွလေး ပြန်လည်အသက်ဝင်လာတာကို တွေ့ရသည်..။ မည်သို့ပင်ဆိုစေ ကဗျာလေးကို အသက်သွင်းကြသည်ဆိုရာဝယ် မူလရှိရင်း စာသားလေးတွေရဲ့အလှကို ထိန်းသိမ်းရင်း ဆက်လက်၍ မြန်မာ့ယဉ်ကျေးမှုကို ပိုမိုထင်ဟပ်ပေါ်လွင်အောင် ထပ်ဆင့်လုပ်ဆောင်ရွက်ရာလည်းရောက်သည်လေ..။ မူရင်းအဓိပ္ပာယ်ကို မပျောက်ပျက်စေဘဲ ဆက်လက် အသက်ဝင်အောင် လုပ်ဆောင်သင့်သည်ဟု အကြံပြုရင်း စာရေးသူတို့ ခလေးဘ၀မှာ ခရေစီဖြစ်ခဲ့တဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ ဥပုသ်စောင့် မူရင်းကဗျာစာသားလေးတွေနှင့်အတူ ခလေးလေးရဲ့ ချစ်စရာသီဆိုထားတဲ့ရုပ်သံလေးနှင့် ယနေ့ခေတ် DJ music အသွင် ပြန်လည်ဆန်းသစ်ထားတဲ့ သြရသနှင့် နန်းဆုရတီစိုးတို့ သီဆိုပုံလေးတွေကို နားဆင်နိုင်ဖို့ စာရေးသူ ပို့စ်စာမူ အောက်တွင် ဖော်ပြပေးလိုက်ပါသည်..။( အသက်ဝင်လာသော မြန်မာဂန္ထ၀င် ခလေးကဗျာ တပုဒ်ဖြစ်သည့် ဥပုသ်စောင့် ခေါ် ဆွမ်းအုပ်နီနီ ကဗျာလေးကို နားဆင်ရင်း ကဗျာချစ်သူတို့ အပြစ်ကင်းတဲ့ အတိတ်ခလေးဘ၀ဆီသို့ တကျော့ တဖန်ပြန်ပြောင်း အလွမ်းပြေ ပျော်ရွှင်နိုင်ကြပါစေ..။)
" ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန်မနက် ကျောင်းထွက်မယ်
မောင်လည်းလိုက်မယ် ချန်မထားနဲ့
အမေသွားတော့ ပျင်းလှတယ်
ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့ရင်
ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ်
မောင်မဆော့ပေါင် စိတ်ပုတီးနဲ့
ဘုန်းတော်ကြီးလို နေပါ့မယ်
လိုက်မယ် လိုက်မယ်။"







http://sandarlamin.multiply.com/video/item/123/123မှ ခလေးလေးရဲ့ ချစ်စဖွယ်သီဆိုဟန်ရုပ်သံလေးဖြစ်သည်..။



သြရသနှင့် နန်းဆုရတီစိုးတို့၏ ဆွမ်းအုပ်နီနီ DJ Music နားဆင်ရန်


ရွှမ်းသိင်္ဃ(တနင်္သာရီ)
၎-၃-၂၀၁၁

Wednesday, 2 March 2011

အသက်ဝင်လာသော မြန်မာဂန္ထ၀င်ကဗျာလေး(၅)- (ဗုံကြီးသံ)






အခုရက်ပိုင်းအတွင်း စာရေးသူ အညာဓလေ့ စာပေများနှင့် မြန်မာရိုးရာဓလေ့တွေအကြောင်းရေးထားတဲ့ စာအုပ်များကို ဖတ်ဖြစ်သည်။အထူးသဖြင့် မြန်မာဂီတဥယျာဉ် စာအုပ်လေးကိုဖတ်ဖြစ်သည်..။ မြန်မာဂီတဥယျာဉ် စာအုပ်လေးကိုဖတ်လိုက်ခြင်းဖြင့် ဆရာဇော်ဂျီ၊ မင်းသုဝဏ်၊ တက္ကသိုလ်ဘဘကြီးတို့က ရွေးချယ်စုစည်းပေးထားခြင်းကြောင့် မြန်မာ့သမိုင်းတလျှောက် ရေးဖွဲ့ခဲ့သော အိုးစည်သံ၊ ဒိုးပတ်သံ၊ ဗုံကြီးသံ၊ ဗြောသံ၊ စည်တော်သံ၊ လှေတော်သံ၊ ကောင်းကင်ကြိုးများအနက် လက်ရွေးစင် အကောင်းဆုံးများကို လေ့လာခွင့်ရခဲ့သည်..။ စာရေးသူအတွက်တော့ များစွာအကျိုးရှိလှသည်..။ သထုံခေတ်၊ သရေခေတ္တရာခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်၊ နှောင်းခေတ်တို့မှ မြန်မာတို့၏ သဘင်ပညာ သမိုင်းချုပ်နှင့် မြန်မာတို့၏ တူရိယာများအကြောင်းကိုလည်း ရှင်းလင်းဖော်ပြပေးထားသည်မို့ စာရေးသူအတွက် ဗဟုသုတရစေသည်..။ ၄င်းနှင့် စပ်လျဉ်း၍ စာရေးသူ အတွက် အညာဓလေ့ကို ဖော်ညွှန်းပြသ ပုံဖော်မြင်ယောင်စေတဲ့ တေးကဗျာကတော့ ဗုံကြီးသံ ကဗျာလေးပါပဲ..။ ရေးဖွဲ့သူကိုတော့ အတိအကျမသိရပေမယ့် ယနေ့တိုင်ရှင်သန်နေဆဲ ဗုံကြီးသံတေးကဗျာ ကတော့ မြန်မာ (အထူးသဖြင့်-အညာဒေသ) ရဲ့ ချစ်စဖွယ် ရိုးရာအမှတ်သင်္ကေတတစ်ခုဟုဆိုရင် မှားမည်မထင်ပါ..။



အညာဒေသဟု ဆိုလိုက်တာနှင့် မိုးခေါင်ရေရှားတဲ့ မြင်ကွင်းကို ပြေးမြင်မိကြပေလိမ့်မည်..။ သို့သော်ငြားလည်း ထိုမြင်ကွင်းတွေကို စိမ်းလန်းသောအသွင်ပြောင်းဖို့ရာ အမျိုးမျိုးကြိုးစားကြရာဝယ် ဒေသဓလေ့တစ်ခု အနေဖြင့် ဗုံသံပေး စည်တီး မြည်ဟီးစေပြီး ဗုံကြီးသံဟစ် မိုးခေါ်ကြရသည်..။( စာရေးသူတို့ဒေသဘက်တွင်မူ မိုးခေါ်လွန်ဆွဲပွဲ ၊ဘုရားကို ရေသပ္ပာယ် ဆုတောင်းမိုးခေါ်တာ နှင့်တခြားဓလေ့များသာရှိသည်..။ဗုံတီးမိုးခေါ်သော ဓလေ့ကို မတွေ့ဖူးပါ..။)
ဗုံကြီးသံ ကြားစဉ် ခဏ အတွင်းမှာပင် အထက်ဝဠာမှ တိမ်တိုက်များ တရွှေ့ရွှေ့ မည်းညိုလာပြီး မိုးစက်မိုးပေါက်အသွင်ပြောင်း ရွာသွန်းဖြိုးစေသဖြင့် တောင်သူဦးကြီးတို့အတွက် စိုက်ပျိုးရေးအတွက် အခက်အခဲတွေပြေပျောက်စေသည်လေ..။
ရိုးရာမပျက် အစဉ်အဆက် တီးခတ်ပြီး ဗုံကြီးသံ တေးကဗျာကို သီကျူးခဲ့ကြခြင်းသည် ကမ္ဘာမှာ မြန်မာ ဟူ၍ ရှိနေသရွှေ့တော့ ဆက်လက် အသက်ဝင်နေဦးမည်သာ..။
ဗုံကြီးသံတေးကဗျာလေးကို မှီး၍ Real Myanmar (Hip Hop) သီချင်းလေးကို ကဗျာချစ်သူတွေ မျိုးချစ်စိတ်ဓာတ် ရှင်သန်ဖို့နှင့် ရိုးရာဓလေ့ကို တန်ဖိုးထားချစ်တတ်ဖို့ ရည်ရွယ်ရင်း သီချင်းစာသားနှင့်အတူ တေးရုပ်သံကို ရေးသားဖော်ပြပေးလိုက်ပါသည်.။ ( စာရေးသူကိုယ်တိုင်က ဗုံရှည်ဗုံကြီးကို တကယ်မမြင်ဖူးသေးတာ ၀န်ခံပါတယ်..။ အညာသား တစ်ယောက်မဟုတ်သော်ငြားလည်း မြန်မာပြည်သားတစ်ယောက် အနေဖြင့် မြန်မာဓလေ့လေးတွေကို မြင်ယောင်သိရှိထားသင့်သည်မို့ အညာဓလေ့ မိုးခေါ် ဗုံကြီးသံတေးကဗျာ အသက်သွင်းထားသော မြန်မာစင်စစ် သီချင်းရုပ်သံကို လေ့လာခံစားကြည့်ပါလို့ စေ့ဆော်ဖော်ပြလိုက်ခြင်းသာ...။)

(သီချင်းစာသားတွင် မြန်မာရှုခင်းအလှ ၊မြန်မာတွေရဲ့မျိုးချစ်စိတ်ဓာတ်၊ စာပေယဉ်ကျေးမှု၊မြန်မာဓလေ့ ထုံးစံ၊ချစ်စရာစရိုက်လေးတွေကို အသေးစိတ် ရေးဖွဲ့ထားတာမို့ သီချင်းလေးကို လေ့လာနားထောင်ကြရင်း ညနေ နေညိုရင် ရိုးရာဓလေ့ ဗုံကြီးသံနှင့်အတူ ယဉ်ကျေးမှုတွေ ထုံမွှန်းနေသည့် ရွှေဘိုကို တမ်းတ မှန်းဆ အလွမ်းပြေနိုင်ပါစေ...)

( မြန်မာ....မြန်မာ....မြန်မာ....)
တကောင်းကစ တည်လာခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှုတွေနဲ့ မြန်မာ့စိတ်ဓာတ်၊ အာရှသမိုင်းမှာဓားထက်ခဲ့တဲ့မြန်မာ ရွှေပြားခက် နန်းဆောင် စိန်ရောင်တောက်နေတဲ့ ပြသာဒ်တွေနဲ့ တောင်အာရှမှာ တန်ခိုးထွားခဲ့တဲ့ ဒုတိယမြန်မာနိုင်ငံတော်ကြီးအကြောင်းကို ရိုးမတောင်တန်းကြီးတွေက ပြောပြနေလိမ့်မယ်။ ထန်းလုံးခံတပ်ကြီးတွေနဲ့ မုဆိုးဘိုရွာကစလို့ မြန်မာအမျိုးသားတွေ စည်းလုံးပြီး မျိုးချစ်စိတ်ဓာတ်နိုးကြားစေခဲ့တဲ့ တတိယမြန်မာနိုင်ငံတော်ကြီးအကြောင်းကို မြန်မာမှု မြန်မာဟန်ပန်တွေကို မေ့ဖျောက်ချင်တဲ့ မင်းတို့အတွက် ရွှေဘိုဗုံသံကြားရင် မြန်မာဆိုတာ မင်းတို့မမေ့ကြနဲ့.....။
ညနေနေညိုရင် ရွှေဘိုကိုလွမ်းမိတယ်.....၊
မင်္ဂလာဗုံရှည်သံ မြန်မာဟန်အသံကြားရမယ်...မြန်မာဟန်ပန် မြန်မာသံတွေကို မချစ်တတ်တဲ့ မင်းတို့အတွက် “ရွှေဘို ဗုံသံတဲ့ဟေ့” မြန်မာမှန်ရင်နားဆင်လှည့် ငါဆိုနေတဲ့ဒီသချင်းကို မြန်မာမစစ်ရင်မင်း နားမထောင်နဲ့...နားထောင်ပြီးမှ နှာခေါင်းရှုံ့မိရင် မင်းသွေးနှောနေတာရှက်ဖို့ကောင်းတယ်....။
အရင်ကဆို တို့ရွှေဘို၊ ရန်ကြီးအောင် ကုန်းဘောင်ခလို့ ဘေးရန်ပြို နာသိင်္ခ ငါးမည်ရမုဆိုးဖို ဖိုလေးဖို တစ်ဖိုဆန်းထ ဦးအောင်ဇေယျ ရာဇ၀င်နန်းစ ပါရမီရှင်မင်းယောက်ျားပဲ ဘုန်းလက်ရုံးတွေ မီးဟုန်းဟုန်းစွဲ၊ ကွဲလွဲနေတဲ့ရွာငယ်တွေကို စုစည်းပြီးတော့ ထန်းလုံးတပ်ကာ တပ်မဟာမှာ စစ်ဘီလူးစီးသလို နိုင်ငံသစ်အတွက် အသက်တွေစွန့်ကြ သံမှုန်စားတိုင်းတစ်ပါးသားမှ တို့ဓားတုံးမယ် သူတို့မှတ်ကြ ရွှေဘိုသားကုန်းဘောင်သမိုင်းကို သွေးနဲ့ရေးပြီး မြန်မာမှန်တိုင်း ဧရာဝတီအတွက်ဆို အသက်စွန့်ဖို့ အဆင်သင့်ဖြစ်ပြီး စိတ်ထဲကညီ ညီညာလို့ ပြည်ခွင်သာကုန်းဘောင်သမိုင်းက ရွှေရောင်လွှမ်းမဲ့ တောင်အာရှ၊ ကမ္ဘာပေါ်မှာ မြန်မာဟေ့ဆို အကုန်ဒူးတုတ်ခဲ့ အတိတ်သမိုင်းကို အတိတ်မှာထားဆို မင်းတို့ခေတ်ရောက်မှမေ့ပြစ်တော့မလား၊ ရာဇ၀င်မှာစာတင်လောက်တဲ့ ကို့သမိုင်းကြောင်းကို ဖျောက်ပြစ်တော့မလား...။
ရှိတ်စပီးယား ပြဇာတ်သိပြီး ဦးပုည ပြဇာတ်အရေးအသားမင်းမေ့ အန်နီမေးရှင်း အရေးအသားတစ်ခုကို ဆဒ္ဒန်ဇာတ်မှာ ရှာရင်မင်းတွေ့ ဗီသိုဘင်၊ မိုးဇက် သိပြီး အလင်္ကာကျော်စွာ စိန်ဗေဒါ မင်းမေ့ (Earing) အီးရားရင်း နဲ့အသံညှိတဲ့ မြန်မာဆိုင်းဝိုင်းကို ကမ္ဘာမှာမင်းတွေ့ ဗီကာဆို၊ ဗန်ဂိုးရဲ့ပန်းချီလက်ရာတွေ ကမ္ဘာကျော်ပေမဲ့ ဦးငွေကိုင် ဆီဆေးတစ်ချပ်တော့ မင်းမမြင်ဘူးရင် ကြည့်စေချင်တယ်... စည်းဝါးညီ ကာရံကိုက်လို့ တော်ဝင်နန်းထိုက်တဲ့ တို့မြန်မာဂီတ ကြေးကြိုး၊ သရေ၊ လေ၊ လက်ခုပ်နဲ့(၇) ပါးသံစဉ် မြန်မာဟန်ပီသ ခန့်ညားလို့အားရစရာ စင်မြင့်ထက် ရုပ်သံသဘင်နဲ့ မြေ၀ိုင်းမှာ ဇာတ်ခုံခင်းလို့ အပျိုတော်သီချင်း ငါရင်ခုံနေဆဲ သင်္ကြန်ချိန်ခါဆို ဆရာမြို့မရဲ့ တူးပို ဒိုးသံ နားထဲစိမ့်ဝင် အောင်ပင်လယ် မန္တလာအလိုက်နဲ့ နန်းတော်ရှေ့ကတို့ကိုကြီး“ တင်” စည်းချက်ညီ မြန်မာအက အလှကို စည်းကမ်းထွင်တဲ့ အမေထွေးလေးနဲ့ အင်းဝခေတ်စာပေအရေးအသား ရှင်လေးပါးလည်း မြင်ရောင်နေဆဲ ဦးရွှေရိုး ဒေါ်မိုးအကနဲ့ ဒိုးပတ်အရိုင်သံ မြိုင်ဆိုင်နေတဲ့ စည်ဗြောသံကြားရင် မြန်မာအလှူပွဲကို ကြည့်ဖို့လှမ်းခဲ့...။
ဂလိုဘယ်လိုက်ဇေးရှင်း ဆိုယဉ်ကျေးမှုချင်း ကူးလူးဆက်သွယ် ခေတ်စနစ်သစ် အရင်းရှင်စနစ်မှာ စစ်မြေမသုံးပဲ လူမျိုးချင်းဖျက်မယ် ပုခက်လွှဲမဲ့အနာဂတ်တွေ လူမျိုးခြားကိုအထင်ကြီးရင်တော့ အမျိုးပျောက်မယ့် အန္တရာယ်မီးပဲ မြန်မာအမျိုးသမီးတွေ ထိန်းသိမ်းကြတော့၊ ရွှေမှန်ကင်းထင်းဖြစ်ရမလို မြန်မာစိတ်ဓာတ်တွေ အောက်တန်းမကျနဲ့ ၊ လူမျိုးခြားစာ ထမင်းဖိတ်ကျွေးပြီး မြန်မာအလှူပွဲမှာ ရေစက်မချနဲ့ ရွှေညာမြေချောင်းရိုးတလျှောက်မှာ စည်ဗျောသံတွေ ညံစီဝေနေ စောရှုပ်ဆန် ငါးခြောက်ထမင်းနဲ့ မြန်မာအလှူပွဲကို မြင်ရောင်ကာနေ အတောမသတ်တဲ့တောဇာတ်ဆိုပြီး ကိုယ့်လူမျိုးကို ပြန်မနှိမ်နဲ့ဟ...၊ တိုက်ပွဲဝင်တို့အဘိုးဓားရဲ့ နယ်ချဲ့သွေးတွေ ပြန်မြင်ကြည့်ကြ၊ ကမ္ဘာအလယ်မှာ မြန်မာလှဖို့ သွေးနဲ့ရေးတဲ့ စုတ်ချက်တွေ ဇာတိမြေသမိုင်းအကြောင်းကို ဧရာဝတီကအသိသက်သေ၊ နေထိုင်ပုံ အ၀တ်အစားစတိုင်တွေ အတုမြင်ကာလေ အကုန်သုံးဆွဲပြီး တခါတလေဆို ကိုယ့်ဟန်ပန်တောင် ဘာလူမျိုးမှန်းစိတ်ထဲတွေးမိ၊ ဒါပေမဲ့ ငါတို့စိတ် မြန်မာဝံသာနု အမျိုးစောင့်တရားလက်ကိုင်ထားပြီး ထိန်းသိမ်းကြပါဆို့။
ညနေ နေညိုရင်ရွှေဘိုကို လွမ်းမိတယ်။
မင်္ဂလာဗုံရှည်သံ မြန်မာဟန်သံ ကြားရမယ်။

ှဗုံကြီးသံကဗျာကို အသက်ဝင်စေသော real myanmar တေးရုပ်သံကြည့်ရှုရန်


ရွှမ်းသိင်္ဃ(တနင်္သာရီ)
၂-၃-၂၀၁၁

(တောင်သူလယ်သမားနေ့အထိမ်းအမှတ်အနေဖြင့် အညာဒေသ တောင်သူမိုးခေါ်ဓလေ့ ဗုံကြီးသံကဗျာလေးကို အမှီပြု ရေးလိုက်ခြင်းသာဖြစ်သည်..။)

အသက်ဝင်လာသော မြန်မာဂန္ထ၀င်ကဗျာလေး(၄)- (တစ်ကျော့ နှစ်ကျော့ တေးကိုသီ)








စာရေးသူ ငယ်ဘ၀အချိန်များထဲမှ အမှတ်တရ ဖြစ်ဖွယ်နေ့လေးများစွာကို ဝေလီဝေလင်း အာရုဏ်ဦးအချိန်လေးတွေနှင့် စတင်ထိတွေ့ခဲ့ရသည်..။ ကြက်ဖတွန်ချိန် မယ်မယ် ဆွမ်းချက်ထချိန်ရောက်ပြီဆိုတာနှင့် စာရေးသူတို့ တအိမ်သားလုံးလည်း အိပ်ယာနိုးကြသည်..။ ရေခပ်သူက ခပ်ကြ ၊ အမှိုက်လှည်းသူက လှည်းကျင်းကြ ၊ စာရေးသူနှင့် အမငယ်က ပုံမှန် ပန်းကောက်ထရသည်..။(ပန်းခူးသည်ဟု ဆိုရင် မှန်သည်.။) ပန်းခူးရင်းဖြင့် မမသင်ပေးတဲ့ ကဗျာလေးတပုဒ်ကတော့ ယနေ့အထိ အမှတ်ရနေဆဲ..။ ဆိုမိတိုင်းလည်း ငယ်ဘ၀ ပျော်စရာအချိန်လေးတွေကို ပြန်သတိယအလွမ်းဖြေမိပေသည်..။ ဤကဗျာလေးက ဆရာကြီး မင်းသုဝဏ်ရဲ့ "ပန်းသည်" အမည်ရှိ ကဗျာလေးပါပဲ..။ မူရင်းကဗျာစာသားလေးတွေကတော့-

"မောင်လေးရေ ၊ ထပါတော့
ရောင်နီလာလှပေါ့။
တစ်ကျော့ နှစ်ကျော့ တေးကိုသီ
ငှက်ကြား နှုတ်ပလီ။
တောင်ဆီနားက ခရေပန်း
ပင်အောက် ကြိုင်လို့လန်း။
ဗန်းလေး ယူခဲ့မောင်လေးရယ်
သွားကောက်ချေစို့ကွယ်။
ပန်းသည် လုပ်စို့ တပြုံးပြုံး
ပန်းတွေ တကုံးကုံး။ ။
"
ဤကဗျာလေးကို ရွတ်မိသည်နှင့် မြူနှင်းလေးတွေရယ်..အရှေ့ဘက်ကောင်းကင်မျက်နှာစာမှ ရောင်နီဖြန့်ကျက် အလင်းရောင်ဖြာကျ ထွက်ပေါ်လာတဲ့ နေ၀န်းလေးရယ်..အသံတစာစာနှင့် အိပ်တန်းကနိုးထလာတဲ့ ငှက်ကလေးရဲ့တေးသီသံလေးတွေရယ်..နံနက်ခင်းရောင်နှီအောက်မှာ လေပြေ တရှိုက်မှာ သင်းပျံ့လာတဲ့ ပန်းရနံ့လေးတွေရယ်..ပျော်ရွှင်ဖွယ် မောင်နှမ ဘ၀လေးတွေရယ်... ထင်ဟပ်ပေါ်လွင် မြင်ယောင်စေတဲ့ ခလေးကဗျာလေးဟု မှတ်ယူခံစားခွင့်ရမည်မှာ ဧကန်ပင်။
ဤကဗျာလေးကို ခလေးကဗျာဟုဆိုသော်ငြားလည်း နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ပျောက်ပျက်သွားစရာ မရှိဟု စာရေးသူ ထင်ပါသည်..။ကဗျာကောင်းတပုဒ်မည်သည် ကဗျာချစ်သူတို့ ရင်ထဲ အထိ ထိုးဖောက်ဝင်ရောက်နေရာယူစွမ်းရှိရပါမည်..။ သို့အတွက်ကြောင့် ဤကဗျာလေးသည်လည်း ကဗျာကောင်းတပုဒ်ဖြစ်သည်နှင့်အညီ ဘယ်အချိန် ဘယ်နေရာရောက်ရောက် ဘယ်သက္ကရာဇ်သို့ ဆိုက်ဆိုက် ကဗျာချစ်သူတို့ရင်ထဲမှာ တည်မှီနေသ၍ ဆက်လက် ရှင်သန် အသက်ဝင်နေဦးမည်ဟု စာရေးသူထင်ပါသည်..။
ဤကဗျာလေးနှင့် စပ်လျဉ်း၍ စာရေးသူတို့ ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ တစ်ကျော့ နှစ်ကျော့ တေးကိုသီ ခေတ်ဟောင်းရုပ်ရှင်ကို ပြန်ပြီးသတိရမိသည်..။ ရုပ်ရှင်ထဲတွင် ၀င်းဦး ၊တင်တင်မြ၊ ချိုပြုံးတို့ အဓိကသရုပ်ဆောင်ထားပြီး မောင်နှမညီနှမမေတ္တာဘွဲ့ ဇာတ်လမ်းလေးလို့ ထင်ပါသည်..။ ဇာတ်လမ်းထဲမှာ တင်တင်မြက သူ့ချစ်သူဝင်းဦးကို ညီမဖြစ်သူချိုပြုံးကလုယက်ခြင်းခံရခဲ့သည်..။တချိန်တည်းမှာပဲ သူဟာမွေးစားသမီးလို့ သိလိုက်ရတယ်.. အမေရင်းကိုလိုက်ရှာပြီးတွေ့တော့လည်း နှင်ထုတ်ခံခဲ့ရသည်.။. ညီမဖြစ်တဲ့ချိုပြုံးကလည်း တဘက်သတ်ချစ်ကြိုက် ၀င်းဦးကို အတင်းရအောင်ယူခဲ့ပြီး ၀င်းဦးရဲ့ တုံ့ပြန်ချစ်ခြင်းကို မရသဖြင့် အစ်မဖြစ်သူကို ဒေါကန်အပြစ်ပြောသည်..။အဆင်မချော ဘ၀င်မောတော့ ညီမဖြစ်သူရဲ့အမုန်းကိုပါ ထပ်ဆင့်ရခဲ့သေးသည်..။.. ချစ်သူလည်းရှုံး၊ မိဘလည်းမဲ့၊ မွေးစားအိမ်ကညီမရဲ့ချစ်ခြင်းကိုလည်းမရတဲ့ တင်တင်မြက ဒီသီချင်းလေးကို နောက်ဆုံးဇာတ်ဝင်ခန်းမှာ ဆိုသွားတာပါ။ဂီတလုလင်မောင်မောင်ကိုက သံစဉ်ဖော်ထားသော တစ်ကျော့ နှစ်ကျော့ တေးကိုသီ သီချင်းအစမှာပဲ ဤပန်းသည်ကဗျာလေးကို အစချီထားပြီး အောက်ပါအတိုင်း တင်တင်မြက ဆက်ဆိုထားသည်ကို ဂရုဏာသက်ဖွယ် ခံစားလေ့လာနိုင်သည်..။( အဆိုတော်များ လက်ဆက်ကမ်းသီဆိုကြရင်း ယနေ့အထိနောက်ဆုံးသီဆိုထားသည့် မြန်မာမိုနိုတေးသံရှင် ရွှေယမင်းဦး၏ သီဆိုဟန်နှင့် သီချင်းလေးကို ခံစားကြည့်ပါစို့ရဲ့.။.ပို့စ်၏ အောက်ဆုံးတွင် တေးရုပ်သံကြည့်ရှုနိုင်သည်..။)

"ကျွန်မတို့ငယ်ငယ် အမိရယ်အဖရယ်ဘ၀၀ယ်စုံစုံညီ

ချစ်သဒ္ဓါလောင်း မေတ္တာအပေါင်း

ချစ်ကြောင်းကုန်စင်သည်.. ချစ်ကြောင်းကုန်စင်သည်

တစ်မိတစ်ဝမ်းချမ်းမြလျှမ်းပ ဘယ်သူ့မှ မမျှမဝေ

ရလေလိုလေ ဖြစ်ခဲ့မိပါသည်….

သစ္စာအမြဲ မရမနေအထိသာ…

မေတ္တာ အသည်းမျှဝေကြည့်ကာ သိရတာ စာနာပြီ..

အဖြစ်ဇာတ်နမူ စုံလင်..မမေ့သည်

အချစ်ငတ်သူတွေ တစ်ပုံတပင်တွေ့ရပါပြီ

ချစ်တတ်သူဆွေ ဂုဏ်အင်္ဂါကပဲ

အသည်းတွေ…ခွဲဝေ… ပေးနိုင်ရပါမည်

မေတ္တာယူတော့ မေတ္တာပေး

တေးအဓိပ္ပာယ် အသွယ်သွယ်ထူးတလီ

ကျေးဇူးတင်ရပါစေမည်" .. ဆိုတဲ့အပိုဒ်ရယ်.. နောက်တစ်ပိုဒ်က..

"ကျွန်တော်တို့ ကျွန်မတို့လေ..

ချစ်လေသူကို.. ချစ်လေသူကို..

ကိုယ်ကတဖန် ပြန်လည်ချစ်တတ်ကြပါစေအတည်…

ဘ၀တေးဆိုလျှင် ခဏလေးမဆိုချင်

ကျော့ကျော့လွင်မှ အသွင်လှပါလေမည်

သို့သော်လည်း… မုန်းတေးတစ်ခါကျော့လျှင်

ချစ်တေး တစ်ခါနှစ်ခါ.. သုံးခါလေးခါ..

အခါခါကျော့စေချင်ပါသည်.. အခါခါကျော့စေချင်ပါသည်.."


မည်သို့ပင်ဆိုစေကာမူ တစ်ကျော့ နှစ်ကျော့ တေးကိုသီ သီချင်းလေးအဖြစ် ထပ်ဆင့်အသက်ဝင်လာခဲ့သော ပန်းသည် ကဗျာလေးကတော့ စာရေးသူ ရင်မှာ အစဉ်အမြဲ ဂန္ထ၀င်မြောက်တေးကဗျာလေးအဖြစ် ရှိနေဦးမည်သာ..။


တေးကဗျာအဖြစ် အသက်ဝင်လာသော ပန်းသည်ကဗျာ နှင့် အစချီထားတဲ့
တစ်ကျော့ နှစ်ကျော့ တေးကိုသီ တေးရုပ်သံ ကြည့်ရှုခံစားရန်





ရွှမ်းသိင်္ဃ(တနင်္သာရီ)
၂-၃-၂၀၁၁

Первый раз - Первая любовь (ပထမဆုံးအကြိမ် - ပထမဆုံးသော အချစ်)







* Когда я нашёл вас, я стал верующим.
Теперь я верю
Это двумя народами, особенно для ума друг друга
Вместе или по отдельности .....
Я хочу, чтобы ты у меня на руках
в мою мечту
в реальность и в мои фантазии
Вы навсегда останется в моём сердце
Я тебя люблю!


* Интересно, если вы знаете
Какой специальный вы

Интересно, если вы знаете
Какие драгоценные вы

Интересно, если вы знаете
Как мне повезло
на что ты в моей жизни
Я тебя очень люблю!


* Существует Что-нибудь О тебе
Может быть, своим способом вы улыбаетесь
То, как вы говорите
То, как вы ходить, говорить, дышать ......
Я не знаю, что-то о Вас
Делает меня ума из-за тебя!
Ваши мысли подводит меня мгновения радости
А ты словами меня посетить Мир
Я никогда не посещали прежде
Тем не мнее . . . . .
Все, что я хочу сделать это. . . .
Посмотрите в глаза и идти по жизни
Руки мои!
Я тебя люблю!

* Я могу противостоять всё
Кроме тебя!
Милая. . Вы просто неотразимо
Сто слов не будет достаточно
И тысячи роз будет слишком менее выразить. .. .
Какие специальные вы для меня. . .
Милая, я люблю тебя
Из глубины моего сердца.
Я так рад!
В моей жизни Я нашел тебя первый раз !
ты – первая любовь для меня !
Пожалуйста ты люби меня !


НВЕ ШВАН У
(РХТУ)
( 1 -11- 2009 )



သည်ကဗျာလေးကတော့ ပထမဆုံးအကြိမ် တွေ့ဆုံမှုကစတဲ့ ပထမဦးဆုံးရင်ခုန်ရတဲ့ အချစ်ကို ဖော်ညွှန်းပြခြင်းသာဖြစ်သည်..။ ရုရှားဆရာမကြီး လူဒမီလာ မီဟိုက်လော့ဘနာ က အချစ်နှင့် ပတ်သက် တဲ့ ကဗျာလေးရေးပေးပါလို့ တောင်းဆိုလာသဖြင့် စာရေးသူရေးလိုက်ရခြင်းသာဖြစ်သည်။
ကဗျာမှာ အဓိကအကြောင်းအရင်းကတော့ ကောင်မလေးကို စတွေ့တာနှင့် ရင်ခုန်ရတဲ့ ပုံစံ..၊အချစ်ကို စတင်ထိတွေ့ရတဲ့ပုံစံ..၊ အလွန်အမင်း ချစ်သွားရတဲ့ ပုံစံ ကို ခံစားရေးဖွဲ့ထားခြင်းသာဖြစ်သည်..။

"Сто слов не будет достаточно
И тысячи роз будет слишком менее выразить. .. ."
စကားလုံးတစ်ရာ ..နှင်းဆီပွင့် တစ်ထောင် ဆိုတဲ့ စာသားကိုတော့ စာရေးသူရေးဖူးတဲ့ " ခေးအော့စ် သံစဉ် " ကဗျာမှ ပြန်လည်ယူသုံးထားခြင်းသာဖြစ်သည်..။ ချစ်ရတဲ့သူကို စတင်တွေ့ဆုံ ရွှေရင်ခုန်ခြင်းမှ စတည်လာသော ပထမဆုံးအချစ် ခံစားမှုကို ရေးဖွဲ့ထားခြင်းသာဖြစ်သည်မို့ ... စာရေးသူရဲ့ ရင်ခုန်သံကို ဖော်ညွှန်းထားတဲ့ အလားသဏ္ဍာန်တူ - ခေးအော့စ်သံစဉ် ကဗျာလေးကို ဖော်ပြလိုက်ပါတယ်..။


ကျနော့်ရင်ခွင်မှာ ရှင်သန်နေတဲ့ အနာဂတ်စိုက်ခင်းလေးမှာ
ပြိုကျဖို့ ငိုရတဲ့ အဖြစ်မျိုးကိုတော့ မခြွေချချင်တော့ဘူး
အလင်္ကာနှင့် ရောသမဖျော်ထားတဲ့ ကဗျာအိမ်လေးမှာလည်း
အကြင်နာမိုးတွေ ကြွေကျနေစေတော့မယ်
တဖြည်းဖြည်း ရေချိုးပြီးတက်လာတဲ့ နေမင်းကြီးကိုကြည့်ရင်း
စိတ်ညစ်မှုတွေဖျောက်ထားတဲ့ နံနက်ခင်းမှာ
ငှက်ကလေးတွေကို တေးဆိုခိုင်းမယ်...
မြက်ခင်းလေးတွေပေါ်မှာ ကျောခင်းရင်း ညဘက်မှာ ကြယ်တွေရေတွက်ကြမယ်
စိတ်ကူးတွေကိုရွက်လွင့်ရင်း မျှော်လင့်ချက်တွေနှင့် အသက်ဆက်ကြမယ်
မျှော်ရင်းလင့်သွားခဲ့တဲ့ အချိန်တွေကို နှမြောနေမယ့်အစား
နွေဦးကောင်းကင်မှာ အနာဂတ်ရာသီအတွက်
အိပ်မက်လှလှလေးတွေ ရေးကြမယ်
နှင်းဆီပွင့်တထောင်လည်း လက်ဆောင်မပေးချင်တော့ဘူး
စကားလုံးတစ်သောင်းလည်း မလုံလောက်တော့ ရင်ထဲမှာပဲ ငုံထားမယ်
ယုံတော့ယုံတယ်နော်
ပုံပြင်ဟောင်းတွေထဲ မပျော်ဝင်တော့ရင်
အနမ်းတပွင့်နှင့်အလွမ်းတစ်စက် ဆုခြွေမယ်...
မင်းကို ချစ်တာထက်ပိုတယ်..
လိုအပ်ရင်ထပ်ပြောဦးမယ်...
သေချာကြည့် ...ရင်ထဲမှာ အချစ်သံစဉ်နှင့် မြူးကြွနေတဲ့ နှလုံးသားလှလှရှိတယ်။


ရွှမ်းသိင်္ဃ(တနင်္သာရီ)
၂၆-၁၁-၂၀၀၉


(ကဗျာချစ်သူတို့ အချစ်စစ် အချစ်မှန်နှင့် ဆုံဆည်းရင်ခုန်ခွင့်ရပါစေ)

МАЛЕНЬКИЙ ВОРОБЕЙ (စာကလေး)





* Я маленький воробей
сижу на дереве.
Каждый день я пою
Это - мой долг.

* Вы можете видеть мою красоту?
Я пою для одиноких.
Я маленький воробей
Пою мелодии.

НВЕ ШВАН У
(РХТУ)
(31-12-2007)

မော်စကို အမှတ်တရကဗျာများအကြောင်းကို ပြောရရင် အထက်ပါ စာကလေး ကဗျာကို ချန်ထားလို့မရပါ...။စာရေးသူအတွက် အမှတ်တရများစွာဆောင်ကြဉ်းပေးတဲ့ ကဗျာလေးလို့ ဆိုသော် မှားမည်မထင်ပါ။
ဒီကဗျာလေးကို ရုရှားလို အသက်မသွင်းမီ အတိတ်ဆီ ခဏပြန်သွားကြည့်ကြပါစို.။
စာရေးသူ မော်စကို မလာမီ ပြင်ဦးလွင်မှာ ဘာသာစကားသင်စဉ်တုန်း အချိန်ပေါ့..။ ဘာသာစကား မတတ်တခေါက် တတ်တခေါက်နှင့် ရုရှားလို ကဗျာစရေးဖြစ်ခဲ့သည်..။ အဲဒီကဗျာလေးကို စာရေးသူအနေဖြင့် ရုရှားဆရာမ မာရီနာ အလက်ဇန္ဒားနား စတရီကိုဗာ ကို နှစ်သစ်ကူးပို့စကတ်နှင့်အတူ လက်ဆောင်ပေးဖြစ်ခဲ့သည်..။ဆရာမကလည်း စာရေးသူအား ပို့စကဒ်အနောက်မှာ ကျေးဇူးတင်ကြောင်း နှင့် ကဗျာလေးကို ကြိုက်တဲ့ အကြောင်းရေးပြီး အမှတ်တရ လက်မှတ်ထိုးပေးသည်..။
ပြင်ဦးလွင် ဆောင်းလေအေးအေး မှာ ချယ်ရီပွင့်တွေအကြား စာကလေးတွေက ပြုံးပျော်လို့..။စာရေးသူအတွက်တော့ အရာရာ သတိယစရာလေးတွေသာဖြစ်စေခဲ့သည်လေ..။
မော်စကိုရောက်တော့လည်း အဲဒီကဗျာလေး ကိုပဲ ဆရာတင်ချိုဦးရဲ့ Little sparrow သံစဉ်ကို ရယူရင်း ရုရှားအသံထွက်ပုံစံပြောင်းပြီး ဒီပလိုမာပေးတဲ့အခမ်းအနားမှာ ရွတ်ဆိုဖြစ်ခဲ့သည်..။ စာငယ်လေးတွေရဲ့ ဘာသာဘာဝ ကို ကိုယ်တိုင်ခံစားရင်း လောကအတွက် သာယာတဲ့သံစဉ်လေးတွေ နှင့် တာဝန်ကျေကြပုံ...။အလွမ်းသမား..အသည်းကွဲသမား.. အထီးကျန်ဖြစ်သူတွေအတွက် နှစ်သိမ့်တဲ့သံစဉ်လေးတွေနှင့် ဖြေသိမ့်နေပုံ လေးကို မြင်ယောင်လာအောင် ဖော်ပြရင်း ကဗျာလေးကို အသက်သွင်းခွင့်ရခဲ့သည်လေ..။ကဗျာလေးကို ရွတ်ဆိုမိတိုင်း ၂၀၀၇-၂၀၀၈နှစ်သစ်ကူးညနှင့် ၂၉-၆-၂၀၀၉ ဘာသာစကားဒီပလိုမာအခမ်းအနားကို မြင်ယောင် သတိရမိနေသည်ကတော့အမှန်ပင်ဖြစ်သည်..။
ပုံမှန်အားဖြင့် လူတော်တော်များများဟာ စာကလေးတွေ အော်မြည်သံကို မဆိုလင့် စာကလေးဆိုသော အလွန်သေးနုပ်တဲ့ ငှက်လေးတွေရဲ့ အလှကိုခံစားဖို့ (သတိထားမိဖို့) ဆိုရာ တော်တော်ခက်ခဲလှသည်..။ တနေ့တာ သွားလာလှုပ်ရှားတာနှင့် အလုပ်တာဝန် စည်းကမ်းတွေနှင့်သာ အချိန်တွေကုန်လွန်သွားကြသည်..။သဘာဝအလှ သဘာ၀၀န်းကျင်မှာဖြစ်ပျက်နေတဲ့ အလှလေးကို ခံစားမိဖို့ရာ မေ့နေတတ်ကြတာအမှန်ပင်..။ဤသို့ဆိုရင် လူဘ၀က တော်တော်လေး ရိုဘော့ ဆန်သွားပြီလေ..။တခါတလေပဲဖြစ်ဖြစ် - သဘာဝအလှလေးတွေကို ခံစားရင်း စိတ်အပန်းဖြေကြည့်ချင်စိတ်ပေါက်လာရင် "တစွီစွီ" တေးဆိုရင်း ဟိုဒီခုန်ပေါက် မြေပေါ်ပျံဝဲနေတဲ့ စာကလေးတွေရဲ့ သဘာဝလေးတွေကို လေ့လာပြီး ကဗျာအတွေးတွေ အဆင့်ဆင့် အသစ်သစ်ထပ်တွေးကြပါစို့ရဲ့..။
အမှတ်တရ-
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(MUCTR - MOSCOW)

(ကဗျာချစ်သူတို့ သဘာဝအလှတရားကို ခံစားနိုင်ကြပါစေ..)