RSS

Monday, 28 March 2011

မြန်မာ့(၁၂)လရာသီ အလှ ဟိုက်ကုကဗျာစာစု

တန်ခူး


နွေသင်္ကြန်ပွဲတော်
ပိတောက်ပွင့်မယ့် ရက်ကိုမျှော်
စိတ်ကူးလေးနှင့်ပျော်..။






ကဆုန်


လမြတ်ရယ်ကဆုန်
ညောင်ရေပွဲမှာ သူနှင့်ဆုံ
ရွှေရင် ဒိတ်ဒိတ်ခုန်။




နယုန်


အဖူးပွင့်ရယ်စုံ
မြတ်လေးပန်းတို့ တောရဂုံ
မွှေးပျံ့လို့သင်းထုံ။




ဝါဆို




မိုးသားတိမ်ကညို
လွမ်းစိတ်တွေ ပိုသထက်ပို
ချစ်သော လ၀ါဆို။





ဝါခေါင်




ဝါခေါင်မို့ရေကြီး
ရွာတောင်မှာ လှေလေးစီးဖို့
သွားစို့ပျော်ပျော်ကြီး..။





တော်သလင်း



မျှော်ရင်းနှင့်တမ်းတ
တော်သလင်းခွန်းသရမ်ည
တူယှဉ်နွှဲပျော်က..။





သီတင်းကျွတ်



သော်တာလရယ်ဝင်း
ရွှေကြာလေးတွေ ပျံ့ပျံ့သင်း
ဆီမီးပြိုင်တူလင်း...။





တန်ဆောင်မုန်း





ကြယ်တာရာဝင်းပ
မယ်ဇလီဖူးသုပ်စားကြ
ဆေးပေါင်းခတဲ့ည..။



နတ်တော်





မြုခိုးရယ်ေ၀၀င့်
လူမျိုးတွေ တင့်ဖို့အတည်
မြင့်စို့ စာဂုဏ်ရည်..။




ပြာသို




လမြတ်ရယ်ပြာသို
ရနံ့မပြယ် မြခွာညို
နှစ်သစ်ကူးလည်းကြို..။



တပို့တွဲ



ငွေနှင်းပွင့်ဖြန့်ကျဲ
ကုမ်ရာသီနှင့် ပွင့်ပေါက်လဲ
လမြတ်တပို့တွဲ..။




တပေါင်း



ရွက်ဟောင်းမြေသက်ကြွေ
သရဖီတို့ ဖူးစည်ဝေ
တပေါင်းရောက်ပြီလေ..။






ရွှမ်းသိင်္ဃ(တနင်္သာရီ)
၂၈-၃-၂၀၁၁

မြန်မာမှုပြု ဂျပန်ဟိုက်ကု(Haiku) ကဗျာစာစု











ကဗျာဟု ပြောလိုက်တာနှင့် ဖတ်ချင်တဲ့ စိတ်တွေတဖွားဖွားဖြစ်ပေါ်ရသည်က စာရေးသူအကျင့်ပါ..။ စာရေးသူရေးသမျှ ကိုယ်ပိုင်ကဗျာတွေကို သူများတွေ ဖတ်ပြီး ဝေဖန်ရင်လည်း ကျေနပ်သည်..။ ထို့ထက် (တခြားလူ) သူငယ်ချင်းများနှင့် ကဗျာဆရာ တွေ ရေးထားသော ကဗျာလေးတွေကို ဖတ်ပြီး ခံစားရတာက ပိုပြီိးအရသာတွေ့လှသည်..။ ကဗျာလေးတွေကို တပုဒ်လုံးမဟုတ်ရင်တောင်မှ ကဗျာမှာ ပါဝင်နေတဲ့ စာသားလှလှလေးတွေကို အလွတ်ရအောင် ဖတ်ဖြစ်သည် အထိ ၀ါသနာပြင်းပြခဲ့တာတော့အမှန်ပါ..။ မြန်မာဆန်ဆန်ကဗျာ အပြင် အခြားခြားသောကဗျာလေးတွေကိုလည်း စာရေးသူ ဖတ်ရရေးရတာ ၀ါသနာပါသည်..။
မြန်မာကဗျာအလင်္ကာတွေ လေ့လာရာတွင်လည်း ရှေးယခင်ကတည်းက ကဗျာအတိုအထွာလေးတွေ ရေးခဲ့တာတွေ ဖတ်မှတ်ဖူးသည်..။(ဥပမာအားဖြင့်- ပုဂံခေတ်ကဗျာဖြစ်သည့် မြကန်သာ ကဲ့သို့သော ကဗျာတိုလေးမျိုးပင်ဖြစ်သည်..။) ကဗျာထဲမှာမှ အခုနောက်ပိုင်း (၃)ကြောင်းတည်းနှင့် လိုရင်းအဓိပ္ပာယ်ကို ထိမိအောင်ရေးတဲ့ကဗျာလေးတွေ တွေ့လာရသည်..။ (၃)ကြောင်းစပ်ကဗျာတွေကို ဖန်တီးရာတွင် သံပေါက်ကဗျာစပ်နည်းဖြစ်သည့် “အစလေးလုံး..အလယ်သုံး..အဆုံး ငါး ခုနစ်” ပုံစံနှင့်ရေးကြတာကို တွေ့ရသည်..။
ဥပမာ..

"ပုဇွန်လည်းတူး
ငါးမနူး
ချစ်ဦးချက်၍ မြိန်လှသည် "

"ဖက်ပေါ်ဆူးကျ
ဖက်မှာမပေါက်
ဆူးသာကောက်၏
"ကဲ့သို့သော ကဗျာပုံစံနှင့်လည်းကောင်း၊
စသဖြင့် မြန်မာကဗျာတိုတိုလေးတွေဖတ်မှတ်ဖူးသည်..။ ကဗျာလေးတွေက ရိုးစင်းပြီး ထိထိမိမိ နှင့် အဓိပ္ပာယ်ပေါ်လွင်လှသည်ကို တွေ့ရသည်..။
အခုနောက်ပိုင်းတွင် လူငယ်ကဗျာချစ်သူတွေအကြား ရောက်ရှိလာတဲ့ ကဗျာကတော့ ဟိုက်ကု (Haiku)(၃)ကြောင်းကဗျာ စပ်တဲ့ နည်းလေးပါပဲ..။ စာရေးသူ အရင်က မြန်မာမှုပြု ဟိုက်ကုကဗျာဆိုတာကို မသိရိုး အမှန်ပါ..။ ဟိုက်ကု ..ဟိုက်ကုနှင့် ဘာပြောမှန်းလည်း နားမလည်ခဲ့ပါ..။ နောက်မှ ဂျာနယ်ကျော်မမလေး၏ သွေး ၀တ္တုထဲမှာတကြိမ်..၊ ၂၀၀၁ ခုနှစ် ဇွန်လ ၁၃ ရက်မှာရေးသားသော စစ်အတွင်းက ကွဲသွားသော သူငယ်ချင်းများပြန်ဆုံတဲ့နေ့ ဆိုတဲ့ မောင်ချောနွယ်ကဗျာတွင်တကြိမ် ဖတ်ရမှ ဂျပန်ကဗျာရေးနည်းမှန်းသိလေသည်ပေါ့..။

ဤကဗျာများသည် ဂျပန်တွင် အေဒီ ၁၃ ရာစု မှာ ဟိုက်ကာအိ (Haikai) လို့ သမုတ်ခဲ့ကြသောကဗျာများပင်ဖြစ်သည်..။ ၁၉ရာစု နှောင်းပိုင်းလောက်မှာ ဂျပန်ကဗျာဆရာ မာဆာအိုကာ ရှီကီ Masaoka Shiki က အစောပိုင်း hokku အခေါ် haiku ဟူ၍ သတ်မှတ်ခေါ်တွင်ခဲ့သည်..။
ယခုအခါတွင်ဟိုက်ကု (Haiku or hokku) လို့ ကျော်ကြားပေသည်..။
ဂျပန်လူမျိုးတို့သည် ရှေးယခင်ကတည်းကမှစ၍ ရာသီအလိုက်၊ ရာသီပွင့်ပန်းများအလိုက်၊ ရာသီပွဲတော်များအလိုက် ဟိုက်ကုကဗျာကို ခံစားမှုပေါ်မူတည်ပြီး ရေးစပ်ခဲ့ကြသည်..။ ထိုအပြင် လိုရင်းတိုရှင်းနှင့် တစိမ့်စိမ့်တွေး တရေးရေး ခံစားနိုင်သော ကဗျာဖြစ်သည်မို့ ၄င်းကဗျာစပ်နည်းလည်း နိုင်ငံအနှံ့ ဆန့်ပျံနိုင်ခဲ့သည်မဟုတ်လော..။

ဟိုက်ကု ကဗျာ ဖတ်သူအတွက်မှာလည်း စာဖတ်သူရဲ့ အတွေ့အကြုံ အကြားအမြင် ခံစားမှု သို့မဟုတ် ခံစားခြင်း (ဝေဒနာ) သို့မဟုတ် (ဝေဒနာမှ လွတ်မြောက်မှု) အစရှိတဲ့ နက်နဲတဲ့ ဂမ္ဘီရ သဘောကို ဆောင်ပါတယ်။ ဂျပန် ဟိုက်ကု ကဗျာတွေဟာ ဂျပန်ရိုးရာ ကဗျာတွေ ဖြစ်ပေတဲ့ ဇင်ဗုဒ္ဓ၀ါဒနဲ့လည်း ပတ်သက်ဆက်နွှယ်သည်။ ဟိုက်ကု ကဗျာတွေကို အေဒီ ၁၃ ရာစုလောက်မှာ စပြီး ရေးကတယ်လို့ ဆိုပါတယ်။
ဟိုက်ကု ကဗျာတွေဟာ သင်္ကေတ ရုပ်ပုံ သဘောတရား (Hieroglyphs) က တစ်ဆင့် လက်ရေးလှပညာ (Calligraphy) ကို ကူးပြောင်းသည်..။ ထို(Calligraphy) က တစ်ဆင့် သင်္ကေတ အရုပ်စာ (Ideogram) ကို တည်ဆောက်သည်..။ (Ideogram ဟာ အနှစ်ထုတ် သဘော (Abstract Concept) ကို ဖော်ပြနိုင်ပြီး ထိုမှတဆင့် သဘောတရားကနေ ကဗျာရေးခြင်းကို ကူးပြောင်း ဖော်ထုတ်သည့်အခါ စာပိုဒ် (Phrase) တစ်ပိုဒ်နဲ့ တစ်ပိုဒ် ခွဲခြားသည်။ထိုစာပိုဒ် (စာကြောင်း) တွေကို ဆက်စပ်လိုက်တဲ့အခါ စာပိုဒ်စာကြောင်း (ကဗျာ) ထဲမှာ လုံးဝ မပါတဲ့ အဓိပ္ပာယ်သစ်၊ အနက်သစ် တစ်ခုကို စဉ်းစားယူနိုင်ပေသည်..။

ကဗျာစပ်ရာတွင် အသံယူပုံစနစ်ကိုသာ အသုံးပြုသည်..။ ပထမတစ်ကြောင်း ကို ၅သံ(စာလုံးရေ ငါးလုံး)၊ ဒုတိယအကြောင်းကို ၇သံ (စာလုံးရေ ခုနစ်လုံး)၊နှင့် တတိယ အကြောင်းကို အသံ ၅သံ( စာလုံးရေငါးလုံး) နှင့် စုစုပေါင်း အသံ ၁၇သံဖြင့် ရေးစပ်ရခြင်းမျိုးဖြစ်ပေသည်..။ ၅ -၇-၅ အသံဖြင့် သီဆိုရသော ကဗျာတိုလေးဖြစ်ပေသည်..။
ဂျပန်မှာ လူကြိုက်များဆုံး ဖြစ်သော ဟိုက်ကုကဗျာလေးတွေကို ရေးနည်းနှင့် တကွ ဖော်ပြပါအံ့..။

Bashō'ရေးသားခဲ့သော "old pond" ကဗျာလေးပါ..။စာရေးသူ အနီးစပ်ဆုံး မြန်မာမှုပြုရေးသားဖော်ပြလိုက်ပါသည်..။လေ့လာကြည့်စို့ရဲ့…..။

ဂျပန်လို - 古池や 蛙飛込む 水の音
( furuike ya kawazu tobikomu mizu no oto)
fu-ru-i-ke ya (5)
ka-wa-zu to-bi-ko-mu (7)
mi-zu no o-to (5)


အင်္ဂလိပ်လို- old pond . . .
a frog leaps in
water’s sound


မြန်မာလို- "ရေကန်လေးအနား..
ဖားကလေးက ခုန်ပေါက်သွား..
ရေစီးသံလေးလား။"

နောက်ထပ်တပုဒ်ရှိပါသေးသည်..။Bashō' ရေးခဲ့သော ကဗျာလေးပါပဲ..။


ဂျပန်လို - 富士の風や 扇にのせて 江戸土産
( fuji no kaze ya ōgi ni nosete Edo miyage)


အင်္ဂလိပ်လို - the wind of Mt. Fuji
I've brought on my fan!
a gift from Edo



မြန်မာလို - " လေပြေဖူဂျီတောင်..
ငါယူခဲ့တဲ့ ငါ့ယပ်တောင်..
အဲဒိုရဲ့လက်ဆောင်……။"


ဒီလောက်ဆိုရင် - ဟိုက်ကု(Haiku) ကဗျာလေးတွေနှင့် ပတ်သက်ပြီး ကဗျာချစ်သူတို့လည်း တီးမိ ခေါက်မိ ရှိလောက်ပြီထင်ပါရဲ့..။ စာရေးသူတို့ ဟိုက်ကု ကဗျာလေးတွေကို မြန်မာမှုပြု ရေးဖွဲ့နေကြသလို မြန်မာသံပေါက်ကဗျာတိုလေးတွေကိုလည်း ကမ္ဘာအထိ ခြေဆန့်ဖို့လည်း လိုနေပြီထင်ပါသည်..။ ကဲ..(အမှားပါရင်လည်း ပြင်ဖတ်ပေါ့နော်..။ ဆက်လက်ပြီး မြန်မာမှုပြု ဟိုက်ကုကဗျာ ခေါင်းစဉ်အောက်မှာ ကဗျာတိုလေးတွေ ဆက်လက်ရေးကြပါစို့ရဲ့..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၈-၃-၂၀၁၁)

Sunday, 20 March 2011

အသက်ဝင်လာသော မြန်မာကဗျာလေး(၈)- (လယ်တောက အပြန်)













အသက်ဝင်လာသော ကဗျာလေးတွေအကြောင်း ပြောရင် ချန်ထား၍မရသော ကျေးလက်ဓလေ့ကဗျာလေးတပုဒ်ရှိနေသေးသည်..။ထိုကဗျာလေးကတော့ ၁၉၄၁ခုနှစ်ထုတ် သပြေညိုနှင့် အခြားကဗျာများစာအုပ်မှ ဆရာကြီးမင်းသုဝဏ်၏ လက်ရာလေးဖြစ်တဲ့ နှင်းဆီပွင့် ကဗျာလေးပါ..။
ကဗျာအမည်က “နှင်းဆီပွင့်” ဟူ၍ တွင်သော်ငြားလည်း “လယ်တောကအပြန်” အစချီတဲ့အတွက် ထိုအမည်နှင့်ပင် လူသိများသည့်ကဗျာလေးပါ..။ကဗျာလေးက လေးချိုးကဗျာလေးဖြစ်ပြီး ကျေးလက်တောသဘာဝအနောက်ခံရေးစပ်ထားခြင်းဖြစ်သည်..။မူရင်းကဗျာစာသားကတော့ -
နှင်းဆီပွင့်
“လယ်တောကအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
တောင်းခူးကာပေး
မနက်တုန်းဆီက
ကျော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင်နှင်းဆီ ပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး။”


မင်းသုဝဏ်

ဤကဗျာလေးထဲတွင် ချစ်သူပန်ဆင်ဖို့ ခရေဖူးလေးတွေ ပင်ယံထက်တက်ခူးပြီး လက်ဆောင်ပေးဖို့ အလာမှာ ချစ်သူဆံနွယ်စပေါ်မှာတော့ နှင်းဆီပွင့်လေးက ရှေ့ဦးနေရာယူတွယ်ခိုနေတာမြင်ရသည်..။သို့သော်ငြားလည်း ချစ်တဲ့စိတ်နှင့် အပြစ်မမြင်ဘဲ ချစ်သူနှင့် နှင်းဆီ ပနံရ ဂုဏ်ရောင်တင့်တယ်လိုက်ဖက်လှသည်ဟု တွေးဆ သည့်ဟန်လေးကို ရေးဖွဲ့ထားသည်…။

ဤကဗျာနဲ့ ပတ်သက်ပြီး ဟိုမရောက်ဒီမရောက် ကလောင်ရှင်တို့က “ပန်ချင်တယ် ခရေဖူးဆိုလို့ မောင်ခူးကာပေး” ဆိုတာ ကာရန်ငဲ့လိုက်လို့ ယုတ္တိကင်းပါတယ်လို့ ဝေဖန်အပြစ်ဖွဲ့ကြသေးသည်..။ ခရေဆိုတာ ခူးရတာမှ မဟုတ်တာ။ ကောက်ရတာကို လို့ အောက်ချင်းရင်အောက် ဥကပေါက်သလို အထွန့်တက်ပါသတဲ့။ ဆရာကြီးမင်းသုဝဏ်က ဘာတခွန်းမှ ခွန်းတုန့်မပြန်ခဲ့ပါဘူး။ နောင်အလျဉ်းသင့်လို့ မေးတဲ့အခါမှ လိပ်ပတ်လည်အောင် ရှင်းပြခဲ့သည်မှာ ခရေပန်းဆိုတာ ကောက်ရတာကတော့ ကလေးကအစလို့သိသားပေါ့။ တောအရပ်မှာတော့ အမြတ်တနိုး ချစ်သူကိုပေးဖို့ ဘုရားတင်ဖို့ ခရေပန်းများကို မြေမှာ ကြွေကျပြီးသားတွေ ကောက်လေ့မရှိပါဘူး။ အပင်ပေါ်က အဖူးကလေးများခူးလို့ ဖက်စိမ်းကလေးပေါ်မှာ လက်ကိုင်ပုဝါကလေး ရေဆွတ်ပြီး တညသိပ်ထားရင် မနက်လင်းတဲ့အခါ မြေမခတဲ့ အမှိုက်သရိုက် ကင်းစင်တဲ့ ခရေပွင့် ဖွေးဖွေလွလွလေးတွေရပါသတဲ့။ ဒါကြောင့်မို့ ခရေဖူးကို မောင်ခူးကာပေးတာကိုး။ မသိရင် မတတ်ရင် မရွှီးတာကောင်းသပေါ့နော်။ သင်ခန်းစာယူမိပုံများ ပြောပါတယ်။ ဘာပဲပြောပြော တောသဘ၀အလှတရားနှင့် အပြစ်ကင်းတဲ့ချစ်ခြင်းတရားသဘောလေးပါတဲ့ ဤကဗျာလေးကတော့ ယနေ့တိုင် ဆက်လက်ရှင်သန်နေဆဲပါ..။
မှတ်မိသေးသည်..။ ဆရာကြီးသော်တာဆွေက ဤကဗျာလေးကိုမှီး၍ -
"ထန်းတောကအပြန်
အန်ချင်တယ် ထန်းရေဗူးလွယ်လို့
မောင်မူးတယ်လေ
မနက်ခင်းဆီက ချက်ပုလင်းကိုမောင်မြင်တော့
ဝက်နံနဲ့ဘဲကင်ကြီးရယ်နဲ့
မြည်းလိုက်ချင်သေး"
ဟူ၍ ဟာသနှောပြီး သောခဲ့သေးသည်..။ ဆက်စပ်တွေးတောရင်းက ကဗျာလေးကို အသက်သွင်းကြရာဝယ် မူရင်းကဗျာစာသားလေးတွေကို မပျောက်ပျက်တည်နေအောင်လည်း ထိန်းရသေးသည်လေ..။
ဤကဗျာလေးကို ပိုပြီး အသက်ဝင်စေပြီး အမှတ်တရဖြစ်စေခဲ့သည်က ရုပ်ရှင်သရုပ်ဆောင် ">သုမောင် ပင်ဖြစ်သည်..။ သုမောင်ကို ရုပ်ရှင်မင်းသားဘ၀ကနေ အဆိုတော်အဖြစ်ပါ တနိုင်ငံလုံး နှစ်ခြိုက်သွားခဲ့တာ “နှောင်းတမြေ့မြေ့” ဇာတ်ကားထဲမှာ သူ ဆိုခဲ့တဲ့ လယ်တောကပြန် အစချီ ပန်ဦးပန်မယ့်သူ ဇာတ်ဝင်တေးကလေးက စ ပါတယ်။ မြိုင်ထအသွားကလေးကို ဆရာကြီးမင်းသုဝဏ် ရဲ့ ကဗျာကလေးနဲ့ ဆက်ထားတာ အင်မတန်လှပါပေသည်။ သီချင်းအစက တက္ကသိုလ်မှာ မလေး နှင့် စိုး တို့ လူငယ်ဘာဝ ချစ်ရည်မျှစဉ် ဇာတ်ဝင်ခန်းမှာ ပန်းခြံထဲတူတူပုန်းကစားကြတဲ့ ပုံကလေးနဲ့ စပါတယ်။ ရေစပ်က ခြုံကလေးနောက်မှာ အသာလေးထိုင်လို့ ပုန်းနေတဲ့ ခင်လေးကို စိုးနိုင်က နောက်ကမသိအောင်လာပြီး ခြောက်လှန့်လိုက်တော့ လန့်သွားတာကို ကြည်လင်နေတဲ့ ကန်ရေပြင်ထဲကနေ မြင်ရတဲ့ အရိပ်နဲ့ပဲ ပြသွားပါတယ်။ ငယ်ရွယ်သူတို့အချစ်ဟာ တည်ငြိမ်တဲ့ ကန်ရေပြင်လို လှိုင်းလေမရှိပဲ အေးချမ်းတာကို ပြချင်ဟန်တူပါရဲ့။ မြန်မာပရိသတ်ကတော့ ဘယ့်နှယ် ဇောက်ထိုးကြီးပြနေတာလဲ။ ဖလင်တွေ ပြောင်းပြန်ထိုးမိနေပြီလို့ ထင်ကြတာပေါ့။ အဲဒီကားမှာ ကိုသုမောင်ကို အကယ်ဒမီရရောကိုမှတ်တာ။ ဒီသီချင်းကတော့ ပရိသတ်ပါးစပ်ဖျားမှာ တခါတည်းစွဲသွားတော့တာ။ ဘာပဲပြောပြော ကဗျာလေးကို အသက်သွင်းရင်း ဆက်စပ်သီဆိုထားတဲ့ သီချင်းလေးကို နားဆင်ကြားယောင်မိတိုင်း ဤနှင်းဆီပွင့်(လယ်တောကအပြန်) ကဗျာလေးနှင့် သုမောင်ဆိုတာက ကဗျာချစ်သူ ရင်ထဲမှာ အမြဲအမှတ်ရရှင်သန်နေဦးမည်မှာ မလွှဲဧကန်ပင်ဖြစ်သည်..။

တောသဘာဝအလှ ၊ တောသူတောင်သားတွေရဲ့ အပြစ်ကင်းရိုးသားသော စရိုက်နှင့် ခရေပန်းခူးတဲ့ပုံရိပ်လေးတွေ လှစ်ဟပြနေသော ဤကဗျာလေးကို ထာဝရရှင်သန်စေရန်အလို့ငှာ- ကဗျာအသက်ဝင်နေတဲ့ ဆက်စပ်သီချင်းလေးကို ပို့စ်အောက်တွင်ဖော်ပြပေးလိုက်ပါသည်..။
“လယ်တောကအပြန် ပန်ချင်တယ် ခရေဖူးဆိုလို့ မောင်ခူးကာပေး။ မနက်တုန်းဆီက ကျော့ဆုံးကို မောင်မြင်တော့ သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်တယ်လေး။ ဟိုနံသာနီတောမှာလ မောပြီလား ခင်ရယ်။ ခိုင်ပန်းစုံခြယ် ပျိုခင်မယ် အယဉ်ကြိုက်တာဖြင့် ဆင်လိုက်မယ်လေး .. ဆင်လိုက်မယ်လေး။ (လာပါမေပုလဲ တွဲမည့်သူပျိုဖြူ အပျို့စန္ဒကူး ပန်းဦးပန်မယ့်သူ) ၂ ။ (ကြည်ကြည်ဖြူဖြူ ဖုန်းလေးမောင့်သည်းအူ)၂။ (ချော့မြှူကာ ကစား မောင်ကစားမယ် နော့အမူအယာ တပါး ခင်တပါးသယ် ချော့မြှူကာ ကစားမယ် မောင်ကစားမယ်) ၂ ။ (တပါးသက်လယ် ထကွယ် နှမရယ် မောင်ထမ်းခေါ်မယ်) ၂ ။ (သူဇာနွယ် မူယာကြွယ်) ၂ ။ ရွှေလိပ်ခြေ ဟန်တမျှငယ်နှင့် ထလိုက်တော်မူပါလေး .. ထလိုက်တော်မူပလေး…။”
မည်သို့ပင်ဆိုစေကာမူ ဤကဗျာလေးသည် ခရေပွင့်လေးများသို့နှယ် နှစ်ကာလကြာကြာအိုဟောင်းသွားပေမယ့်လည်း သူ့ရဲ့ ကောင်းခြင်းဂုဏ် ကြည်နူးဖွယ်ရသရနံ့လေးတွေကတော့ ထာဝရရှင်သန် သင်းပျံ့နေဦးမည်သာ...။

သီချင်းနားထောင်ရန် ။ http://soundcloud.com/user8265829/11-pan-oo-pan-mae-thu

ရွှမ်းသိင်္ဃ(တနင်္သာရီ)
၁၉-၃-၂၀၁၁


မှီငြမ်းချက်-
(၁) ဆရာကြီးမင်းသုဝဏ်၏ သပြေညိုနှင့် အခြားကဗျာများ။
(၂)http://wikimyanmar.co.cc/wiki/index.php?title=%E1%80%95%E1%80%94%E1%80%B9%E1%80%B8%E1%80%A6%E1%80%B8%E1%80%95%E1%80%94%E1%80%B9%E1%80%99%E1%80%9A%E1%80%B9%E1%82%94%E1%80%9E%E1%80%B0_%28%E1%80%9E%E1%80%AE%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%B8%29

Sunday, 13 March 2011

Зимний сон (ဆောင်းအိပ်မက်)





* Это закат бульваре под туманным небом.

моё последнее убежище любви?


* Наши обещания нарушаются

наши обеты забывают
........... и вот теперь я остался один…..


* Наши мысли, испаряются в атмосферу в составе .....

......... многие разбитые мечты и воспоминания .....

Мой любимый прошлыми воспоминаниями возродиться ....
......... как я освободил из вашего сердца ....


* Я в центре всей моей любви к вам,

но сейчас ....
..моя любовь вашего прошлого и наша любовь -ваша мечта ....
Это Зимний сон для меня!!!!!


HBE ШВАН У
(РХТУ)
(14-2-2010)

အထက်ပါကဗျာကတော့ ဆောင်းအိပ်မက် ကဗျာလေးပေါ့..။ဆောင်းအိပ်မက်ဆိုတာက တအားမျှော်လင့်ချက်ထား ယုံကြည်ချက်တွေထားပြီးမှ တကယ် မဖြစ်လာတဲ့..လွှဲချော်သွားတဲ့ ဖြစ်ရပ်တွေမှာ ခိုင်းနှိုင်းသုံးလေ့ရှိပါတယ်..။ မနှစ်က ချစ်သူများနေ့မှာ အသဲကွဲလို့ဆိုပြီး ယာမကာပွဲလေးတွေ အကြိမ်ကြိမ်ကျင်းပခဲ့တဲ့ ညီငယ်လေးတယောက်အတွက် ရည်ရွယ်ရင်း ဆောင်းအိပ်မက် သီချင်းလေးကို ရုရှားကဗျာအသွင်ပြောင်း ကိုယ်ချင်းစာခံစား ဖော်ပြပေးလိုက်ပါတယ်..။ စကားလုံးအယူအဆများကို ပြင်ဆင်ပေးပါရန်လည်း တဆက်တည်း မေတ္တာရပ်ခံပါတယ်..။

အမှတ်တရ-
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(MUCTR -MOSCOW)


(ကဗျာချစ်သူတို့ရဲ့ ဆောင်းအိပ်မက်လှလှလေးတွေ တကယ်ဖြစ်ခွင့်ရပါစေဗျ....။)

အိပ်ပျက်ည



အိပ်မရတဲ့ ညသန်းခေါင်မှာ
စိတ္တဇရဲ့ ညအမှောင်ဟာ
ကြောင်တောင်တောင် မျက်လုံးလေးတွေကို
အတွေးတွေလာပေးနေလည်း
ဆွေးနေတာတော့ မဟုတ်ပြန်
အဖန်ဖန်ညစ်စရာ အခန်းတစ်နေရာမှာ
အချစ်တစ္ဆေ မခြောက်ပေမယ့်
အပြစ်တွေရောက်ရောက်နေသလို
နှစ်ကိုယ်ကြင် အိမ်တစ်ဆောင်မှာ
ဘယ်လိုပင် ထိန်ပြောင်အောင် ကြိုးသော်လည်း
သြော်... ဘာဝဋ်ကြွေးလဲကွဲ့..
အခုတော့...အမေပြောတာ သားသိပေါ့...
တခြားကြည့်စရာမလိုတဲ့
သားဘ၀...။

Thursday, 10 March 2011


Wednesday, 9 March 2011

Дождь (မိုးစက်ပွင့်)




* Дождь мягко на её лице,

Принимает её магическое место.

* Дожь тихо в её волосах.

Давайте её души плавать по возду.

* Дожь губам,

Дайте ей дыхание жизни маленкими глотками.

* Дождь тихо с неба,

Давайте ей понять , что небо,где добрые души летят.

НВЕ ШВАН У
( 18 -10 - 2009)
(РХТУ - Москва)

သည်ကဗျာလေးကို မရေးတော့ဘူးလို့ စိတ်ကူးထားပေမယ့် မော်စကို အမှတ်တရထဲက တစ်ခုဖြစ်သောကြောင့် မျှဝေခံစားလိုက်ပါတယ်..။ ဤကဗျာကို စာရေးသူ မော်စကိုစရောက်တဲ့ နှစ်- ဆောင်းဦးပေါက်ရာသီမှာ ရေးဖွဲ့ထားခြင်းသာဖြစ်သည်..။ မော်စကို ဆောင်းဦးရာသီတွင် မိုးစက်လည်းကြွေ သစ်ရွက်ကြွေမို့ လှလည်းလှ စိတ်လည်းစိတ်ညစ်ရတဲ့ ရာသီလို့ပြောရပေမည်..။ ရာသီအကြောင်းပြောရရင်တော့ လိုတဲ့ခရီးရောက်မည်မဟုတ်ပါ..။ အမှတ်တရဖြစ်ရပ်လေးကို လှည့်ကြဦးစို့ရဲ့..။ တစ်နေ့စာရေးသူနှင့် ညီငယ် တစ်ယောက်အတူ ကျောင်းကအပြန် နာဘာစလာဘော့စကားရား ဘူတာတစ်နေရာမှာ အံ့သြစရာဖြစ်ပျက်လေးကြုံခဲ့ရသည်..။ ပြောရင်တော့ယုံစရာတစ်စက်မှမရှိမှန်းသိပါသည်..။
မယုံလည်း အမှတ်တရတစ်ခုဖြစ်သည်မို့ ပြောပြပေမည်..။ စာရေးသူ ကျောင်းနေဖက် သူငယ်ချင်းမိန်းခလေးတစ်ယောက်နှင့် တူတဲ့ ရုရှားအမျိုးသမီးကို တွေ့လိုက်ရသည်..။အနက်ရောင် ဆံနွယ်က ကျောလယ်ထိ ချထားပြီး စီးကွင်းထိုးပန်းပွင့်လေးတွေပါတဲ့ အနက်ရောင် အင်္ကျီနှင့် စကတ်ကားကား ကို လိုက်ဖက်စွာဝတ်ထားသည်ကိုတွေ့ရသည်..။ မျက်ခုံးနှင့် နှုတ်ခမ်းကအစ မြန်မာတစ်ယောက်နှင့်တူသည်..။ သိမ်မွေ့ပြီး ပြုံးနေသယောင် မျက်နှာထားဖြင့် ယဉ်ယဉ်လေးနှင့် အရမ်းလှနေသည်..။ စာရေးသူ အမြင်လွှဲနေတာလား- အိပ်မက်လား-လို့ တွေးထင်မိသဖြင့် နံဘေးက ပါလာတဲ့ ညီငယ်ကို လက်တို့ပြီးပြမိသည်..။အကယ်၍သာ စာရေးသူ သူငယ်ချင်းမိန်းခလေးသာ သည်လောကမှာရှိနေသေးရင် ထိုရုရှားအမျိုးသမီးကို သူငယ်ချင်းမိန်းခလေးအထင်နှင့် သွားနှုတ်ဆက်မိမှာအမှန်ပင်..။ဘာပဲပြောပြော လောကကြီးမှာ နာမည်တူ လူတူ မရှားတဲ့ ဖြစ်ရပ်လေးတွေ ရှိနေသေးတယ်ဆိုတာ ဒီအမှတ်တရလေးနှင့် ယုံကြည်လိုက်ပါပြီ..။
သည်ဖြစ်ရပ်ကို အကြောင်းပြု၍ မိုးစက်လေးတွေနှင့်အတူ အမှတ်တရကြုံခဲ့ရတာမို့ မိုးစက်ပွင့် လို့ အမည်ပေးပြီး ကဗျာလေးရေးဖြစ်ခဲ့သည်ပေါ့။မိုးစက်လေးကို တိုင်တည်ထားတဲ့ပုံစံနှင့်ရေးထားတာပါ..။

" မိုးစက်လေးတို့ရေ.. သူမ ပါးပြင်ပေါ် ညင်သာစွာဆင်းသက်လျှောက်လှမ်းပါ။
သူမရဲ့ ၀ိညာဉ်ကို မှော်ဆန်တဲ့ နေရာ တစ်ခုဆီ ခေါ်ဆောင်ပေးပါ..။
မိုးစက်လေးတို့ရေ.. သူမ ရဲ့ ဆံနွယ်လေးတွေဆီ တိတ်ဆိတ်စွာဆင်းသက်ကြွေကျပါ..။
သူမရဲ့ ၀ိညာဉ်ကို လေထဲမှာ စီးမျှောခွင့်ပေးလိုက်ပါ..
မိုးစက်လေးတို့ရေ..သူမရဲ့နှုတ်ခမ်းဖျားလေးဆီ သွန်းဖျန်းပေးပါ..
သူမကို တခဏမျှ ပြန်လည်ရှင်သန်ခွင့်လေး ပေးလိုက်ပါလား..
သူမကို ကောင်းကင်ဘုံ တနေရာကို ခေါ်ဆောင်ပြီး အသက်ဝိဥာဉ်ကို ပျံသန်းခွင့်ပြုပါလေ.."

ကဗျာဆန်ဆန်တွေးနေပေမယ့် အရွယ်မတိုင်မီ ကြွေလွင့်သွားတဲ့ သူငယ်ချင်းတစ်ယောက် ကောင်းရာဘုံဘ၀ကို ရောက်ရှိစေရန် ရည်ရွယ်ရင်း သည်ကဗျာလေးကို ဖန်တီးလိုက်ပါတယ်..။ မော်စကိုရောက် ခံစားမှုရသနှင့် အမှတ်တရ ဖြစ်ရပ်လေးမို့ ကဗျာအမှားပါရင်လည်း ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါတယ်..။
အမှတ်တရ-
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(MUCTR - MOSCOW)
(၁၈- ၁၀- ၂၀၀၉)

(ကဗျာချစ်သူတို့ မိုးစက်လေးတွေနှင့်အတူ အမှတ်တရ ကဗျာတွေ ဖန်တီးခွင့်ရပါစေ...။)