RSS

Sunday, 1 January 2012

တရားနှင့်ယှဉ် နှစ်သစ်သို့ကူးစေချင်








စာရေးသူရဲ့ မေးလ်ထဲရောက်လာသော နှစ်သစ်အတွက် အင်အားဖြစ်စေမယ့် အတွေးရှင်းလင်းချက်ကို တရားနှင့်ယှဉ်ရေးထားတဲ့ ဆောင်းပါးလေးကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်..။ ကဗျာလေးတွေကလည်း တရားသဘော ပါတာမို့ ကဗျာချစ်သူတွေအတွက် အင်အားဖြစ်စေမှာ အမှန်ပါပဲ...။ တရားနှင့်ယှဉ် နှစ်သစ်သို့ကူးစေချင် တဲ့ ဆန္ဒတစ်ခုတည်းနှင့်သာ စာရေးသူဖတ်လိုက်ရတဲ့ ဆောင်းပါးလေးကို ပြန်လည် ဝေငှလိုက်ပါတယ်...။

ပျော်ရွှင်စရာ နှစ်သစ်မင်္ဂလာ ရတနာ ဖြစ်ပါစေ..

၂၀၁၁ - ခုနှစ်ကတော့ ကုန်တော့မယ်နော်။ လောကမှာ ထုံးစံအတိုင်း တနှစ်မှာ တစ်ခါ နှစ်သစ်ကူးဆိုတာ လုပ်ကြပါ
တယ် ။ Happy New Year to You! ပေါ့။ Globalization ခေတ်ဆိုတော့ ကမ္ဘာသုံး ( A.D anno domini ) ခရစ်နှစ်နဲ့ အလုပ်များကြပါတယ်။ မြန်မာတွေက မြန်မာ(Myanmar Era) နှစ်နဲ့လည်းလုပ်ကြတယ် ။ တချို့ တရုပ်နွယ်ဖွား
မြန်မာများဆိုရင် မြန်မာနှစ်လို Happy New Year၊ ခရစ်နှစ်လိုလဲ Happy New Year ၊ တရုပ်နှစ်လိုလဲ Happy New
Year ဆိုပြီး လုပ်ကြသေးတယ် ။ ကမ္ဘာမှာ လူမျိုးနွယ်ပေါင်းကလဲ စုစုပေါင်း ၃၆၅ - မျိုးမက ရှိနေပါတယ်။ ရှိနေသမျှ
လူမျိုးပေါင်းတို့အလိုအရ Happy New Year လုပ်ရမယ်ဆိုရင်လဲ နေ့တိုင်း အချိန်တိုင်း Happy New Year ဖြစ်နေ
တော့မှာပါပဲ။

Happy New Year-ကို စိစစ်ကြည့်တော့ တစ်နှစ်မှတစ်နှစ် ရုပ်နာမ်တရားတွေ ပြောင်းလဲသွားတာပါပဲ။ အသက်တစ်
နှစ်ကြီးလာတာပေါ့ ။ တကယ်ပြောင်းလဲလာတာက ရုပ်တရားနာမ်တရားတွေပါ ။ မိမိတို့ရဲ့ ကိုယ်တွင်းမှာ ဖြစ်ပေါ်နေ
တဲ့ ရုပ်တရား နာမ်တရားတွေဟာ စက္ကန့်မလပ် အမြဲတမ်း ပြောင်းလဲနေပါတယ် ။ အဲဒီလို ကိုယ်တွင်းက ရုပ်တရား
နာမ်တရားတွေ စက္ကန်.့မလပ် ပြောင်းလဲနေတာကိုတော့ ဝိပဿနာအသိဥာဏ်မျက်စိနဲ့ကြည့်မှသာ မြင်နိုင်ပါတယ် ။ ရုပ်တရား နာမ်တရားတွေရဲ့အဖြစ်အပျက်ကို မြင်ချင်ရင် “ဖြစ်ပျက်”လို့ ရွတ်ဆိုနေရုံနဲ့တော့ မြင်ရမည် မဟုတ်ပါ။ ပစ္စုပ္ပန်အခိုက်အတန့်မှာ
တကယ်ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တရားတွေကို ရှုမှတ်နေမှာသာ တကယ့်ရုပ်နာမ်တရားတွေရဲ့ အဖြစ်အပျက်ကို မြင်ရမှာ ဖြစ်ပါတယ် ။ရုပ်တရား နာမ်တရားတွေရဲ့ ဖြစ်ပျက်ပြောင်းလဲ မမြဲတာကို မြင်နေရပြီဆိုရင် အနိစ္စလက္ခဏာ ဆိုတာထင်ရှားလာမယ်။
ဖြစ်ခြင်း ပျက်ခြင်းတို့ဖြင့် အမြဲနှိပ်စက်ခံနေတဲ့အတွက် ဒုက္ခလက္ခဏာလဲ ထင်ရှားလာမယ်။ ဒီလိုမမြဲတာ ဒီလိုဆင်းရဲတာဟာ ကိုယ်ဖြစ်လို့ ဖြစ်ရတာ မဟုတ်ပဲ အစိုးမပိုင်လို့သာ ဖြစ်ရတာဆိုတဲ့ အနတ္တလက္ခဏာလဲ ထင်ရှားလာပါမယ်။
လက္ခဏာရေး သုံးပါးလုံးထင်ရှားလာပါလိမ့်မယ်။ “အနိစ္စ ဒုက္ခ အနတ္တ” လို့ ရွတ်ဆိုနေရုံမျှနဲ့တော့ လက္ခဏာရေးသုံးပါးက ထင်ရှားလာမည် မဟုတ်ပါ ။ ထို့ကြောင့် လက္ခဏာရေးသုံးပါး ထင်ရှားဖို့အတွက် ဖြစ်ပျက် ဖြစ်ပျက်လို့ အမြှုပ်ထွက်အောင် ရွတ်ဆိုနေဖို့ မလိုသလို အနိစ္စ ဒုက္ခ အနတ္တ လို့ ရွတ်ဆိုနေဖို့လဲ မလိုအပ်ပါဘူး။ တကယ်လုပ်ရမည်ကဖြစ်ခိုက်ရုပ်နာမ် ပစ္စပ္ပန်တရားတွေကိုသာ ရှုမှတ်နေဖို့ လိုပါတယ် ။ Happy New Year- ကို အကြောင်းပြုပြီး ရုပ်နာမ်တရားတွေရဲ့ ဖြစ်ပျက်ပြောင်းလဲ မမြဲတာကိုလဲ သတိထားကြည့်သင့်ပါတယ်။
တစ်နှစ်တစ်ခါ နှစ်သစ်ဟာ လူ့မှာခေါ်ရိုးရှိ။

တကယ်ပြောင်းတာ ရုပ်နာမ်ပါ ခန္ဓာမမြဲသိ။

ရုပ်နာမ်ဓမ္မ မမြဲကြ ခဏခဏပြောင်းနေ၏။


× × × × ×


Happy New Year ကို အကြောင်းပြုပြီး ရုပ်နာမ်တရားတွေရဲ့ ဖြစ်ပျက်ပြောင်းလဲ မမြဲတာကို သမာဓိသိက္ခာလို့ခေါ်တဲ့ သမ္မာဝါယာမ - သမ္မာသတိ - သမ္မာ -သမာဓိတို့ဖြင့် သတိထားရှုမှတ်နေသူမှာ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ ဟူသော ပညာသိက္ခာတို့ ထက်မြက်နေပါတယ်။သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝဆိုတဲ့ သီလသိက္ခာတို့လဲ ဖြူစင်သထက် ဖြူစင်လာပါတယ် ။ ထိုကြောင့် မဂ္ဂင်ရှစ်ပါးဟူသော သိက္ခာသုံးပါး အကျင့်တရားတို့ အားကောင်းသထက် ကောင်းလာပါတယ်။ နှစ်ကုန်လာလို့ အသက်သာတစ်နှစ် ကြီးလာပြီး သိက္ခာတရား ကြီးမလာသတို့မှာ အကုန်ကြောက်နေရပါတယ် ။ ကုန်ဆုံးသွားတဲ့ အချိန်နဲ့အမျှသိက္ခာတရားဘာမျှ မရရှိပဲ ချိန်ခွင်လျာမညီသူတို့မှာ အမြဲတမ်းလို့ ကြောက်လန့်ထိပ်လန့်နေရပါတယ် ။ လူ.လောကမှာအကျင့်သိက္ခာ ကြီးမလာပဲ အသက်သာကြီးလာပြီး အိုမင်းလာသည့်အခါ ဘာမျှအသုံးမကျသည့်အတွက် ဝိုင်းပယ်ခြင်းကို ခံရပါလိမ့်မယ်။ အိုပယ်ဖြစ်သွားတတ်ပါတယ်။ ထို့ကြောင့် လူလောကမှာ မိမိကိုယ်ကို ယုံကြည်မှုနဲ.လာခါ အသက်စသည် အမေးခံရသောအခါ မကြေနပ်ကြပေ။ ထို့ကြောင့် ခေတ်သစ်လောကနီတိက “ မိန်းကလေးဆို အသက်မမေးရ၊လခစားဆို လခ မမေးရ၊ ဘုန်းကြီးဆို ဝါမမေးရ၊ စိတ်ဆိုးတတ်ကြသည်”- တဲ့။
အသက် သိက္ခာ ၊ ကြီးစရာ ၊ လူမှာ နှစ်မျိုးရှိ။

အသက်ကြီးရုံ၊ အားမစုံ၊ အကုန်ကြောက်ရ၏။

အသိမကြွယ်၊ အကျင့်ကွယ်၊ အိုပယ်ဖြစ်သွား၏။


× × × × ×

အသက်တစ်နှစ်ထက်တစ်နှစ် ကြီးလာသည်နှင့်အမျှ မဂ္ဂင်ရှစ်ပါးဟူသော သိက္ခာသုံးပါးအကျင့်တရားတို့တစ်နှစ်ထက်တစ်နှစ် ကြီးမားလာသူတို့မှာ အမှန်ပင် စိတ်အေးရပါတယ်။ ကုန်လွန်ခဲ့တဲ့အချိန်များကို အကျိုးရှိရှိကုန်ဆုံးခဲ့ရလို့ ပြန်တွေးတိုင်း ပူပင်မှုမရှိပဲ ကျေနပ်နှစ်သက်မှုသာ ဖြစ်ရပါတယ် ။ သိက္ခာသုံးပါး အကျင့်တရားတွေ မြင့်မားလာသည့်အတွက် သိက္ခာသုံးပါးတည်းဟူသော တကယ့် အလှတရားဖြင့် ပြည့်ဝနေသည့်အတွက် ကြီးလေလှလေဖြစ်ခါလူအများကလည်း ချစ်လို့မဝ ကြည်ညိုလို့မဝ ဖူးလို့မဝဖြစ်ရပေတယ်။ ထိုကဲ့သို့မဂ္ဂင်ရှစ်ပါးဟူသော
သိက္ခာသုံးပါး အကျင့်တရားတို့ဖြင့် ပြည့်လျှမ်းနေသော Happy New Year မျိုးဟာ တကယ့် ရတနာထိုက်တဲ့

“ Happy New Year နှစ်သစ်မင်္ဂလာ ရတနာ’’ လို့ ခေါ်ဆိုထိုက်ပါပေတယ်။

အကျင့်သိက္ခာ၊ ကြီးမှသာ ၊ မှန်စွာစိတ်အေး၏။

ကြီးလေလှလေ၊ အေးမြပေ၊ လူတွေချစ်ကြ၏။

နှစ်သစ်မင်္ဂလာ၊ ရတနာ၊ ကောင်းစွာရအောင်ဖြည့်။

× × × × ×



Happy New Year to You! လို့ ဆိုလိုက်ရင် နှစ်သစ်ဆုတောင်းဆိုတာ လူတိုင်းနီးပါး သိကြပါတယ်။(သင့်အတွက် ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ)လို့ဆိုလိုတာပါပဲ၊ ဒါပေမဲ့ ဗုဒ္ဓဘာသာက ဆုတောင်းလေးတော့ သတိထားမိသူ နည်းမယ် ထင်ပါတယ်။ ဗုဒ္ဓဘာသာမှာ Happy New Year to You ! ဆိုတဲ့ဆုတောင်းထက် ပိုပြီးလေးနက်ကာ အဓိပ္ပါယ် ပြည့်ဝတဲ့ဆုတောင်းလေးရှိပါတယ်။ ဆုတောင်းလဲ ပေးကြတယ်လေ၊ ဗုဒ္ဓသာသာက ဆုတောင်းပေးနေကြ မွေးနေ့ဆုတောင်းဖြင့် ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်..

ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။

သဗ္ဗဗုဒ္ဓါနုဘာဝေ၊ သဗ္ဗဓမ္မာနုဘာဝေန၊

သဗ္ဗသံဃာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။


ကောင်းခြင်းမင်္ဂလာမှန်သမျှ ဖြစ်ပါစေ၊ ခပ်သိမ်းသော နတ်အများက စောင့်ရှောက်ကြပါစေ၊ အလုံးစုံသောဘုရားရှင်တို့၏ တန်ခိုးအာနုဘော်ကြောင့်၎င်း အလုံးစုံသော တရားတော်တို့၏ အစွမ်းအာနုဘော်ကြောင့်၎င်း အလုံးစုံသောသံဃာတော်တို့၏ အစွမ်းအာနုဘော်ကြောင့်၎င်း သတ္တဝါအားလုံးတို့ အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ခမ်းသာကြပါစေ။


May there be all blessings!

May all deities give protection!

By the power of all Buddhas, Dhammas and Samghas, may you be happy!


နှစ်သစ်မင်္ဂလာ ရတနာဖြစ်၍ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနှင့် ဘေးရန်အမျို:မျို:တို့မှ ကင်းလွတ်ကာ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝပြီးလျင် အမျိုး ဘာသာ သာသနာတော်အကျိုး ဆထက်တိုးလို့ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်း

မေတ္တာ ပို့သရင်း...



ဦးဇောတိက

နည်းပြ၊ ပဋိပတ္တမဟာဌာန

အခန်း နံပါတ် (၂၀၆)၊ ဆရာဆောင်

အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်

ရန်ကုန်မြို့

ဖုန်း ၀၉ ၇၃၁ ၅၅၀ ၆၁


ကဗျာချစ်သူတို့ အတွက် ပျော်ရွှင်ခြင်း စိတ်ချမ်းသာခြင်း ကျန်းမာခြင်း ကံကောင်းခြင်း အဆင်ပြေခြင်း အောင်မြင်ခြင်းတွေ ဆောင်ကြဉ်းပေးသော ၂၀၁၂ မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်... ။ ပျော်ရွှင်ကြည်နူး မင်္ဂလာနှစ်သစ်ကူးဖြစ်ပါစေဗျ..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)

Saturday, 31 December 2011

နှစ်သစ်စိတ်ကူး














နှစ်သစ်မှာ……
လေမှာ လွှင့်ပြေး
တိမ်လွှာလေးလည်း ဖြစ်ချင်တယ်..။

နှစ်သစ်မှာ……
ဖြူစင်ပြစ်ကင်း
မြူမှုန်နှင်းလေး ဖြစ်ချင်တယ်..။

နှစ်သစ်မှာ……
စိုပြည်စိမ်းလန်း
သစ်တောတန်းလေး ဖြစ်ချင်တယ်..။

နှစ်သစ်မှာ……
သီးပင်ဝေလင်း
ရွာစိုက်ခင်းလေး ဖြစ်ချင်တယ်…။

နှစ်သစ်မှာ……
မေတ္တာရေလျဉ်
အမေ့ရင်ခွင်ထဲ ခိုလှုံချင်တယ်..။

နှစ်သစ်မှာ……
ပျော်ရွှင်လင်းထိန်
မိသားစုအိမ်ကို ပြန်သွားချင်တယ်..။

နှစ်သစ်မှာ
ငယ်ကချစ်ဖူး
အချစ်ဦးနှင့် အတူ လျှောက်လည်ချင်တယ်…။

နှစ်သစ်မှာ
ကမ္ဘာတွေပတ်လို့
ကဗျာတွေလည်း စပ်ချင်တယ်..။

နှစ်သစ်မှာ…
နှစ်သစ်မှာ….
နှစ်သစ်မှာ…
နှစ်သစ်မှာ…
နှစ်သစ်မှာ…………….
ကမ္ဘာကြီးကောင်းဖို့
မေတ္တာရေလောင်း
ကျွန်ုပ်ဆုတောင်းမယ်…။



ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၀၁၂ နှစ်အကူး အမှတ်တရ)

Tuesday, 27 December 2011

တိမ်ဖမ်းလ



လွှင့်မျောနေတဲ့ ရောင်စုံ တိမ်တိုက်လေးတွေနှင့် နေ၀င်ဆည်းဆာအချိန်အပြီး ရောက်ရှိလာသော လရောင်ဆမ်းသောညလေးအကြောင်းကို ကဗျာဆန်ဆန် ခြယ်မှုန်းဖန်တီးထားတဲ့ သီချင်းလေးပါ...။ နားဝင်ချိုလှသမို့ နားထောင်နေစဉ် တဒင်္ဂအတွင်း လွမ်းဆွေးသလိုလို စိတ်ငြိမ်းချမ်းသွားသလိုလို ခံစားမှုရသလေးဖြစ်စေတာတော့ အမှန်ပါပဲ..။ တရုတ်ရိုးရာသီချင်းဟောင်းလေးကို ပုလွေသံအသာပေး တီးမှုတ်ထားတာပါ..။ Colorful Clouds Chasing the Moon - 彩雲追月လို့ အမည်သိရပါတယ်..။ ပုလွေသံကြားလိုက်တာနှင့် ရွာကို သတိရသလိုလို ဖြစ်လာမှာမို့ ရွာနှင့်ပတ်သက်တဲ့ ခံစားချက်ရသ ကဗျာအစအနလေးတွေ ပြန်လည်တူးဖော်နိုင်မှာ အသေချာပါပဲ...။ သံစဉ်လေး နားထောင်ရင်း စာရေးသူအတွက် အတွေးတစ ၀င်လာလို့ ကဗျာလေးတပုဒ် အမှတ်တရ ရေးဖြစ်မိသည်ပေါ့..။ စာရေးသူ ၅တန်းနှစ်လောက်ကတည်းက နားထောင်ခဲ့ရတဲ့သီချင်းလေးမို့ အမှတ်တရကဗျာလေးနှင့်တွဲဖက်ဖော်ပြလိုက်ပါတယ်..။

တိမ်ဖမ်းလ

လရှေ့မျက်နှာပြင်ဝယ်
အရိပ်ရောင်ရယ်နှင့်
ထိပ်မှောင် မလွှမ်းတဲ့တိမ်
ဆမ်းပပအလင်းရောင်က
ငါ့တို့အိမ်ခေါင်မိုးပေါ်
ဖြန့်ဖြာလို့ရယ် ကျ။

ပလွှားလွှားကတဲ့ တိမ်
ညမှောင်စချိန်
လရောင်ကမမှိန်သမို့
မထိန်တထိန် ဖန်ခုန်ကစားရ
တိမ်ဖမ်းတဲ့လ..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၈-၁၂-၂၀၁၁)


Friday, 16 December 2011

အလည်လွန် နှင်းစက်လေးများသို့ တမ်းချင်း














နှင်းစက်လေးတွေရေ..
နင်လာတာ ကောင်းပါတယ်…
နင်မလာလည်း ကောင်းပါတယ်…။
ဒီနှစ် -နင်ဘယ်ကို အလည်လွန်နေလဲ….
ဒီနှစ်လာတာ နောက်ကျနေတယ်…
နှင်းပျောက်တဲ့ ဆောင်းဆို ပြောရင်တော့
ရာဇ၀င်ရိုင်းတော့မယ်
ဒီဇင်ဘာလလယ်ကျိုးလို့
ခရစ္စမတ်သစ်ပင်တွေ အလှပြိုင်ကြပြီ
အပူချိန်က သုညအောက်ကို မရောက်ချင်ဘူး
လေပါမိုးရော ဇွတ်ပဲတိုက်မနေနဲ့ဦး...။
နှင်းစက်လေးတို့ရေ
မျှော်မိလို့လား
မခေါ်မိလို့လား
မတမ်းတမိလို့လား
ဘယ်ကြောင့် အလာနောက်ကျလဲ မမှန်းဆမိပေမယ့်
တခါတခါ သတိယမိပါတယ်..။
ဆောင်းလေပြည်ကတော့ ဒီနှစ်တော်တော်လေးမြူးကြွတယ်…
ရူးရလွန်းလို့တဲ့ မေဘယ်လ်ရွက်လေးတွေ လူးလဲမြေခပျောက်ကွယ်ပြီ.
ကြွေရတဲ့ အသဲပေါင်းလည်း မနည်းပြီ..
နောက်ထပ် ခွဲခွာရင် အသိပေးခဲ့ပါ..
မည်းနက်တဲ့ နှလုံးသားတွေကို
အခု.. စက္ကန့်ပိုင်းအတွင်း ဖြူရောင်လွင်ပြင်အသွင်ဖန်ဆင်းပေးပါတော့လား..။
နင်အလှတွေကိုငါ့အရှေ့မှာ ဖြန့်ခင်းပေးလိုက်ရင်…
ဘယ်လိုပင်တုန်ချမ်းပါစေ
နင့်ကို လွမ်းတဲ့စိတ်တွေပြယ်စေဖို့
တရေးရေး တစိမ့်စိမ့် မှိန်မှိန်ကြီး ရှုချင်စမ်းရဲ့…။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၁၃-၁၀-၂၀၁၀)

"ငရဲမီးကို ဖရဲသီးလို ချိုတယ်" ထင်တဲ့ "ငါ"
















တစိမ့်စိမ့်တွေးကြည့်
ငြိမ့်ငြိမ့်လေးပါပဲ
တိတ်တဆိတ်ငေးမနေနဲ့..
အတွေးတွေ အငွေ့မပြန်ဖို့
အတွေ့သဏ္ဍာန်လည်း ဆွဲငြိလေဦး
အတွဲအလွဲ အကွဲအပြဲတွေနှင့်
ဘ၀လည်း မည်းသဲခဲ့ဖူးပြီးပြီလေ
အစွဲက အခုထိ မဖြုတ်နိုင်သ၍
ဆုတ်ပြန် ဆန်ပြုတ်တော့ မသောက်မိပါစေနဲ့တဲ့
ဖျောက်ကြည့်မိတဲ့ ငါ
ငါ..ငါ..ငါ..နှင့်
အခါခါပါ ရောချခဲ့ ရမ္မက်
လောဘနှင့် မောဟကဖျက်
သြော်...ပြောမရတော့ ဒေါသကထွက်
လောကမှာ မာနကို မိုးထိမြင့်သေး
မသိလိုက် မသိဘာသာနှင့်နေ
အရှိသာသနာအတွင်းမှာတောင်
အခုလိုစိတ်တွေ အပြင်း
အဖျင်းအကုသိုလ်အဟိတ်တရားနှင့်
စိတ်ထားက ငရဲမီးကို
ဖရဲသီးလို ချိုတယ် ထင်တဲ့ငါ
ကုသိုလ်လို စေတသိက်နှင့်
ယခုလိုဆို ပိုတောင်ဝေးရော့မယ်
ဒီတခါတော့ ဘယ်လိုပဲ ပြောပြော
သံသရာတကြောမှ
အဖန်တစ်ရာမက မနစ်မွန်းရအောင်
ဒိဌအဟုတ်ပြတ်တဲ့
ပဋိစ္စသမုပ္ပတ်ကို လေ့လာ
ဝိပဿနာ အခါခါအားထုတ်
ငါ တရားဖြုတ်ဖို့ပဲ လိုတော့တယ်..။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၆- ၁၂-၂၀၁၁)

Wednesday, 14 December 2011

ရွှေအပတ်စဉ် ချစ်ညီငယ်ဗိုလ်ကြီးများသို့ ဂုဏ်ပြုအမှတ်တရ ကဗျာ
















#ရွှေရည်သွန်းလိုက်ပါရဲ့
ဝေကြည်ရွှန်းမြ ကျက်သရေပို
တက်နေသလို ပခုံးဝယ်
တလုံးကြယ်ပေါ်ထွန်း
ဖော်ညွန်းပြလိုက်ချင်ပြီ
မြူနှယ်ကို ထွင်းပါဘိ
ဇမ္မူဝယ် လင်းသည့်ကြယ်
အဆင်းအတိကြွယ်လေတော့
အလင်းဖြန့် အင်အားသဖွယ်
(အိုကွယ်.ချစ်ညီ)..အပတ်စဉ်ငါးဆယ်…။


#ပီအပြင်ကာ ထည့်ရေးလိုက်ချင်ဘိ
ဒီဇင်ဘာ ၁၄ ရက်ပါကွဲ့
ပြန်တွက်တွေးလိုက်ရင်ဖြင့်
(သြော်.. ရောင်းရင်းတို့ရေ…) ဆွေးရက် တွေးရက်တွေနှင့်
အခုတော့ ကျောင်းဆင်း လေးနှစ် ပြည့်ခဲ့ပြီ..။


#ပတ်ချာလည်ရက်လရွှေ့လေတော့
အရပ်တကာ နယ်ပယ်မရွေး ပါဘူး
အသွယ်သွယ် ဘေးဘယာကင်းဖို့ရည်
ရန်မာန်အစွယ် ရှင်း
တိမ်မှောင်ခွင်းသည့် လမင်းကုဋေ နှယ်
ထွန်းပ မြေကမ္ဘာ အလင်းဝေစည်
ညွှန်းရ ရွှေကဗျာ ထင်းချေပြီ..။

#စဉ်လာညီ အမျိုးတွက်တွေးလို့ရယ်
ရင်မှာတည် ပြည်တိုးတက်ရေးကိုလှ
ဦးထိပ်ဆင်သည်
စိတ်ဘ၀င်ကြည် ပြည် သာယာရေးမို့
ညီညာရေးဖြင့် နှလုံးသားမှာရည်
အပြုံးစကားအလီလီရယ်နှင့်
အစီအရီ ရည်ရွယ်လို့တွေး
(အကျွန်ုပ်..) ချစ်သော ညီငယ်လေးတို့အတွက်
စာကဗျာရေးလို့ ဂုဏ်ပြုလိုက်သည်
ပြည်သူကဖြစ် ပြည်သူ့သားမို့ ပြည်ချစ် သားကောင်း ပီစေသော်ဝ်
ပြည်သူကချစ် ပြည်လည်းချစ်သမို့ ပြည်သူ့ သားကောင်း ညီစေသော်ဝ်
မြေပြင် ရေပြင် ဝေဟင်ထိပ်အထိစိုး ရွှေIntake ရဲ့ အစွမ်းတန်ခိုးလည်း ပြနိုင်စေ
ရာထူးတွေ အဆင့်ဆင့်မြင့် ပြည့်တာဝန်ကျေ
အချစ်ဖူးတွေ အခက်လက်ဝေစည်ပွင့်ဖူးပါစေ…။



အမှတ်တရ-
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၄-၁၂-၂၀၁၁)

Tuesday, 13 December 2011

ရာဇ၀င်မှာမော်ကွန်းထိုး-မြန်မာ့ဂုဏ်ရောင် ဘယ်မညှိုးအောင်-ပြည်အကျိုးဆောင်မယ့် (ချစ်ညီငယ်)လေးဆယ့်ကိုး ဗိုလ်ကြီးများသို့ အမှတ်တရကဗျာ













* လွမ်းဖွယ်ပန်းချီနှယ်

ပန်းချယ်ရီမြေနန်းမှသည်
တစ်လမ်းတစ်နယ်စီ ဝေးခဲ့ရပေမယ့်
အတွေးဝယ် ဆွေးရက်တွေက
(သူငယ်ချင်းတို့ရေ)
သြော်..အခုတော့
လေးနှစ်ပြည့်လေပြီ။

* မြောက်လေပြန်ဝှေ့ ရွက်ကြွေဝဲတော့

ဆောင်းဟေမာန်တွေ့ နှင်းဝေတဲ့အချိန်
အဆင်းတမြမြ မြေမြန်မာအလှနှင့်
ပြည်သူ့ဘ၀ အနေလှလှမှာ
ရန်စွယ်မှန်သမျှ
ကာကွယ်သွေပဖို့ရည်။
(ရောင်းရင်းတို့ရေ)
ကျောင်းဆင်းချိန်မို့ ပျော်ခဲ့ရ
ရက်လတွက်မြောက်ရေကြည့်ရင်ဖြင့်
နှစ်ထောင့်ခြောက်ပါကွဲ့
အပီပြင်ကာငဲ့ မျှော်ခဲ့ရပါတဲ့
ဒီဇင်ဘာဆယ့်ငါးရက်ညဆီ။

* (သြော်..လွမ်းမိပါရဲ့)

အခါတော်မီချယ်ရီပွင့်ဖူးပြန်ရော့မယ်
တာဝန်အလီလီ ကိုယ်စီရယ်နှင့်
(အခုတော့)
ရာထူးတစ်ဆင့်တက်ပြန်တော့တယ်..။
ဘ၀မှာရက်မြတ်ထူးပေမို့
ပွင့်ဖူးလာပုခုံးထက်ကြယ်တပွင့်ပိုခဲ့
အလိုမပြီးတဲ့ လူပျိုကြီးဘ၀ရယ်နှင့်
( သြော်..အခုတော့)
ဗိုလ်ကြီးလည်းဖြစ်ခဲ့ပြီ..။

* အမုန်းတရားတွေဖယ်

ပြုံးစကားတွေဖလှယ်ကြနှင့်
နှစ်ထောင့်တစ်ဆယ်ဒီဇင်ဘာညမှသည်
ရှေ့ဆက်အသစ်ထူးတဲ့
နှစ်ကူးတွေမှာ
ကံသစ်ပွင့်ထူး
ရာထူးတွေအဆင့်ဆင့်မြင့်-ပြည့်တာဝန်ကျေ
အချစ်ပွင့်တွေအခက်လက်ဝေစည်ပွင့်ဖူးပါစေ။

* ပြည်သူကဖွား၊ပြည်သူ့သားမို့

ပြည်သူက ချစ်၊ ပြည်လည်းချစ်သမို့
ပြည်ဖျက်သည့်ပိုး
တိုက်စစ်ထိုးကာ
မြေပေါ်-ရေပြင်-ဝေဟင်စိုး
ရာဇ၀င်မှာ မော်ကွန်းထိုး
မြန်မာ့ဂုဏ်ရောင် ဘယ်မညှိုးအောင်
ပြည်အကျိုးဆောင်မယ့်
(ချစ်ညီငယ် )လေးဆယ့်ကိုး- ဗိုလ်ကြီးတို့ရေ

သည်အတွေးနော် တက်နေလားသို့
ပြည်အရေးမျှော် မြင့်မားအောင်ကြံဆောင်နိုင်ပါစေ”။




ရွှမ်းသိင်္ဃ(တနင်္သာရီ)
(MUCTR- MOSCOW)

( တိုင်းပြည်နှင့်ပြည်သူလူမျိုးကို ချစ်၍ ပြည်သူလူမျိုးက ချစ်သော (ပြည်အကျိုးဆောင်သော)ပြည်ချစ် တပ်မတော်သားကောင်းတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း ချစ်ညီငယ် ၄၉ ဗိုလ်ကြီးအားလုံးကို အမှတ်တရ ဂုဏ်ပြုလိုက်ပါသည်။လိုအင်ဆန္ဒ မှန်သမျှ ပြီးပြည့်ဝပါစေ။)