RSS
Friday, 30 March 2012
အသွင်ထူးတဲ့ လတန်ခူး
သင်္ကြန်မိုးတဖြောက်မှာဖြင့်
ပိတောက်တွေ ရွှေရည်လူး
ပွင့်ဖူးတဲ့ အခါမီ
ရာသီရယ် မိဿ
စိတြကြယ် တင့်ထူးတဲ့
လမြတ်ရယ် သည်တန်ခူး..။
ပြာရီမယ် ဖျော့တော့တော့နှင့်
တကျော့ကျော့
တလီလီ တချီချီ
တသီသီ တသွဲ့ သွဲ့
တလဲ့လဲ့ တလိမ်နှစ်လိမ်
နွေတိမ်ရောင် စုံညီရောယှက်ချိန်
ထုံကြည်သွန်းပက် ရေနံ့ သာနှင့်
ဆွေသဟာတို့ ပြုံးပျော်မြူး
မြန်မာ့သင်္ကြန်ဦး...။
သစ်ကိုင်း ရွက်တလျှောက်မှာဖြင့်
နှစ်တိုင်း ချစ်ပျောက်ရှာတဲ့
အစဉ်သာ နှုတ်ခွန်းချိုသပါတဲ့
ဥသြပျို အလှဖွဲ့
လွမ်းတေးတွန်သံကျူး..။
လမ်းတလျှောက်မှာဖြင့်
တူးပို့ တူးပို့ သံနှင့်
မြူးစို့ မြူးစို့ ဟန်ပြင်
အမှန်ဘ၀င်ကြည် ယိမ်းသမ အကရယ်က
သံစဉ်ညီ အသွင်ထူးပါတဲ့
သြော်.. မြန်မာ့နှစ်သစ်ကူး..။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၃၁-၃-၂၀၁၂)
Tuesday, 20 March 2012
တောင်ဇလပ်ချစ်သူသို့ ........ တမ်းချင်း
မြူခြေယှက်သိုင်း၊ ပြာရီမှိုင်းထင့်
ရစ်ဝိုင်းနှင်းလွှာ၊ တောင်တန်းပြာနှင့်
ညီညာသွယ်ဖြတ်၊ တောင်အထပ်တွင်
ဇလပ်နီမြန်း၊ ပွင့်သစ်ဆန်းချိန်
တင့်လျှမ်းပင်ယံ၊ တောလုံးလျှံဝေ
လက်တံဆက်တန်း၊ သစ်ခွပန်းလည်း
နှင်းဆမ်းနှင်းအောက်၊ နှင်းရည်သောက်ရင်း
မို့မောက်ဝင်းပ၊ ခက်ကိုင်းလှဝယ်
ပွင့်တိုင်းလှသည် ၊ချင်းဌာနီ။
ဇလပ်ချစ်သူ၊ ထပ်တူပြုကြည့်
ချစ်သူချစ်သက်၊ဆံနွယ်ထက်တွင်
ပန်ဆင်ဇလပ်၊ လှပေါင်းထပ်လျှင်
ထင်ဟပ်လှသွေး၊ ရှေးစက်ရေးလည်း
အတွေးပန်းချီ၊ လိုက်မမီ တည့်
စီရီညှို့ယွန်း၊ ချစ်မျက်ဝန်းနှင့်
သစ်ထွန်းချစ်မိ၊ ချစ်ခွင့်ရှိ၍
ချစ်ကြည်ညွန်းစ၊ နှုတ်ခမ်းလှထက်
ပက်ဖျန်းချစ်ရည် ၊ ချစ်ခွန်းသီ
ချစ်ပန်းပွင့်တွေ ဖူးဝေစည်။
ငယ်ကလျှောက်လှမ်း၊ ချင်းတောင်တန်းမယ်
ချစ်ပန်းစီခြယ်၊ချင်းရွာလမ်းဝယ်
ချစ်ပန်းပန်သူ၊ချင်းရွာသူကို
ကြည်ဖြူစချစ်၊ အချစ်စစ်နှင့်
ချစ်မြစ်ချစ်ပင်၊ခိုင်မြဲရှင်ဖို့
တွဲယှဉ်ချစ်ခြင်း၊ အပြစ်ကင်း၍
အောက်ချင်းပမာ၊ ဆိုသစ္စာနှင့်
ကမ္ဘာပျက်သုဉ်း၊ ဘယ်မမုန်းမို့
ချစ်ထုံးမပြယ်၊ ချစ်သက်ကြွယ်။
သို့နှယ်သို့ခါ၊ ချစ် “ချင်းရွာ”မှ
ကင်းကွာဝေလတ်၊ တောင်ဇလပ်နှင့်
မပြတ်တမ်းတ၊ သိပ်ချစ်ရသူ
ချင်းရွာသူကို၊ လွမ်းစိတ်ပိုမိ
သိုမှီးရင်မှာ၊ဆွေးမဟာနှင့်
ကမ္ဘာမခြား၊ နယ်တွေခြားလည်း
မခြားမသွေ၊ ချစ်စစ်ဝေလျက်
တွက်ရေ မှတ်ရ၊ ပြန်ဆုံကြဖို့
လွမ်းရကဗျာ၊ အလွမ်းစာဝယ်
မပြယ်မပျက်၊ အမုန်းမဖက်ဖို့
ချစ်သက်ရက်ရှည် ခိုင်မြဲတည်ရန်
ညီမျှချစ်ဖလှယ် ဆက်ချစ်မယ်…။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၆-၁-၂၀၁၂)
(ချင်းတိုင်းရင်းသား သူငယ်ချင်း၏ ခံစားချက်အတိုင်း အမှတ်တရ ရေးဖွဲ့ ခြင်းသာဖြစ်သည်..။)
ချင်းတောင်တန်းအလှဖွဲ့ တေး
Sunday, 11 March 2012
ကြယ်ရောင် မျှော်လင့်ချက်
ကောင်းကင်ကို လှမ်းတက်
ကြယ်ပွင့်ကို တစ်လုံးပြီး တစ်လုံး
ခြွေချင်သူ....။
ကောင်းကင် အောက်မှာပဲ
ကြယ် တစ်ပွင့် ပြီး တစ်ပွင့်
ကြွေကောက်ချင်သူ...။
ကောင်းကင်ကို မော်ကြည့်
ကြယ် မှိတ် တမှိတ်ကို
စိတ်ကူးနှင့် ရေချင်သူ...။
ကောင်းကင် အသင်္ချေ
မျှော်လင့်ချက်တွေ အသင်္ချေ
ကြယ်ရောင် အိပ်မက်တပွေ့ တပိုက်နှင့်
တိမ်လွှာ တိမ်စိုင်ကြား
လူးလွန့် ကချင်သူ.....။
တမိုးသားအောက်
ကြယ်တွေ ကောက်ကောက်
ကြယ်တွေ ခြွေခြွေ
ကြယ်တွေ ရေရေ
တစ်နေ့ တော့လည်း...
ကြယ်ရောင်တွေအကြား....
ပိုလင်းချင်လည်း လင်းမယ်
ပိုမှိန်ချင်လည်း မှိန်မယ်..
သေချာတာက..
မြေလွှာမှာ ခြေရာ ဖျောက်
တိမ်လွှာနောက်က
ကိုယ်တိုင် ကြယ်တစ်လုံးအဖြစ်
အငွေ့ ပျံခွင့်တော့ရှိတယ်...။
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၁၁- ၃-၂၀၁၂)
Saturday, 10 March 2012
နွေပွင့်ပန်း
နွေကြိုဥသြ၊ တွန်သံနှောချိန်
လွမ်းမော စိတ်မှာ၊ မခံသာမို့
ရင်လွှာ လွမ်းတေး၊တိတ်တိတ်လေးနှင့်
အဝေးကိုငေး၊သူ့ အကြောင်းတွေး
အကြိမ်ကြိမ်ဆွေးမိသည်။
နွေရဲ့ အဆင်း၊ အလှတွေခင်းချိန်
ရွက်ချင်းရွက်ခတ်၊ အသည်းချင်းထပ်မျှ
ချစ်ကြခင်ကြ၊ နှစ်သက်ကြဖြင့်
စေရာကြမ္မာ၊ လှည့်ပြောင်းရာကို
ရင်လွှာထိုးသတ်၊ရင်ခုန်ရပ်သို့
(အချစ်ကြိုးတွေ)
အကြိမ်ကြိမ်ပြတ်ခဲ့ရသည်..။
အို..အတိတ်က
အရိပ်နွေကား၊ လိပ်ပြာလေးအလား
ပျံဝဲခဏ၊ ကြည်နူးရ၍
ဘ၀ထိုစဉ်၊ တဒင်္ဂတွင်
ဝင်လာလွမ်းစိတ်၊ မြင်လွှာမှိတ်၍
ရင်မှာ တိတ်တဆိတ်မို့
ကြိတ်မှိတ် ငိုမိသေးသည်..။
အချစ်ဆိုသောအရာ
ကျွန်ုပ်အတွက်မှာကား
နွေမှာညွန့် ဖူး
နွေမှာခူးခဲ့
နွေမှာပွင့်၍
ရင်ပါပွင့်သော နွေပွင့်ပန်းလား
ထင်မှတ်မှား ရပါတကား....။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၇-၃-၂၀၁၂)
Saturday, 18 February 2012
အသက်ဝင်လာသော မြန်မာကဗျာများ(၁၀)- (တိတ်တခိုး ချစ်သူသိစေ)
တခါတလေ အတွေးတွေက ငယ်မူပြန်မိရင်တော့ စိတ်အစဉ်က တနင်္သာရီမြို့ လေးဆီကို ပြန်ပြန်ရောက်သွား တတ်သည်...။ နွေရာသီကျောင်းပိတ် အိမ်ပြန် ခွင့်ရက်တွေဆိုရင် စာရေးသူ ဘယ်မှ မသွားဖြစ်ခဲ့ပါ...။ အိမ်မှာပဲ စာဖတ် စာရေး အိမ်အလုပ် ၀ိုင်းကူ လုပ်ရင်းဖြင့် အချိန်ကုန်လေ့ရှိသည်..။ ညဘက်ဆိုရင်တော့ အိမ်ရှေ့ က ခုံလေးမှာ ထိုင်ပြီး မမငယ်နှင့် အတူ စကားပြောငြင်းခုံကြ...၊ ဂီတာတီးသီချင်းဆိုကြနှင့် ပျော်စရာကောင်းလှသည်..။
ဂီတာတီးသီချင်းဆိုတယ်ဆိုတာကလည်း စာရေးသူတီးတာမဟုတ်ပါ...။ မမငယ်က တီး ၊ စာရေးသူက ငြိမ့်ငြိမ့်လေး လိုက်ဆိုရသည်...။ မမငယ် အကြိုက် သီချင်းတွေကို ဆိုရင်းက စာရေးသူလည်း သူ့ ကြိုက်တဲ့သီချင်းလေးတွေကို ခံစားနှစ်ခြိုက်လာသည်...။ အထူးသဖြင့် ဆိုခွင့်ရတဲ့သီချင်းအများစုကတော့ ကိုတိုးကြီး (ခင်မောင်တိုး) သီချင်းတွေ အများဆုံးဖြစ်သည်..။ သီချင်းအများစုမှာ ခံစားချက်ပြင်းပြင်း ကဗျာဆန်ဆန် ဘယ်တော့မှ မရိုးတဲ့ သံစဉ်အေးအေးလေးတွေနှင့် ဖွဲ့ တည်ထားသဖြင့် မမငယ် အကြိုက်တွေ့ ခြင်း ဖြစ်သည်ထင်ရဲ့ ...။ လေးညှို့ ရှင်၊ပန်းခရမ်းပြာ၊၀တ်မှုန်၊ အတွေးပန်းချီ၊ လွမ်း၊ တိတ်တခိုး၊ ချစ်သူသိစေ စသော သီချင်းလေးတွေကတော့ အမြဲဆိုပြရသည်မို့ အမှတ်ရဆဲဖြစ်သည်..။
ထိုသီချင်းတွေရဲ့ သံစဉ်စာသား ခံစားချက် အတိမ်အနက် ၊ အရေးသား အဖွဲ့ အနွဲ့ လေးတွေကို လေ့လာရင်းက တိတ်တခိုး နှင့် ချစ်သူသိစေ သီချင်းလေးတွေကို ပို သတိထားခံစားမိသည်...။ ကဗျာဆန်ဆန် စကားလုံးလှလှဖြင့် ဖန်တီးချက်ကို လေ့လာရင်းက သီချင်းသံစဉ်စာသား ဖြစ်တည်မှု ဇစ်မြစ်ကို ထပ်ဆင့် လေ့လာမိတော့ ထို သီချင်းနှစ်ပုဒ်မှာ ကဗျာမှ အသက်ဝင် ရှင်သန် လာသော သီချင်းများဖြစ်ကြောင်း သိလာခဲ့ရသည်..။
သီချင်းလေးတွေကို သီကျူးပြီး ၁၀စုနှစ်တစ်ခုကျော်မှ စာရေးဆရာ ကဗျာဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)၏ ကဗျာလေးတွေကို လက်လှမ်းမှီသလောက် ဖတ်ရင်းက ထိုသီချင်းလေးတွေရဲ့ မူလ ရေသောက်မြစ်ကို သိခဲ့ခြင်းဖြစ်ပါသည်..။ မည်သို့ ပင်ဆိုစေ ထိုကဗျာများ (သို့ မဟုတ်) သီချင်းလေးတွေကို သီဆိုလိုက်တိုင်း ကြားလိုက်ရတိုင်း ခံစားချက်လေးတွေ ခိုအောင်းမှီရင်း အတိတ်ဆီက ပျော်စရာနေ့ ရက်လေးတွေကို ပြန်လည် ရောက်ရှိသွားတတ်တာမို့ အတိတ်ကို ပြန်သွားနိုင်တဲ့ တောင်ပံတစ်စုံလို့ တောင် စာရေးသူ တင်စားလိုက်ချင်သည်...။ အမှတ်တရ၊ ခံစားချက်များစွာနှင့်အတူ အတိတ်ကို အရောက် ပို့ဆောင်ရင်း ပျော်စရာလေးတွေ ပြန်ဖန်ဆင်းခွင့်ပေးမည့် ကဗျာအသွင်မှ ပြောင်းလဲ အသက်ဝင်လာသော မောင်စိန်ဝင်း (ပုတီးကုန်း)၏ တိတ်တခိုး ချစ်သူသိစေ ကဗျာ နှစ်ပုဒ်ကို စာသားနှင့် သံစဉ်ရုပ်သံကို ပူးတွဲ ဖော်ပြပေးလိုက်ပါသည်..။ ကဗျာချစ်သူတို့ အားလုံး ကဗျာတွေထဲကလို ပန်းလေးတွေအလှ နှင့် ချစ်သူတို့ ဘ၀၊ ခံစားချက် အတိမ်အနက်လေးတွေကို အတိတ်ပြန်လည် တမ်းတ ပြန်လည်ခံစားခွင့်ရမည်လို့ မျှော်လင့်သည်..။ အချစ်ပွင့်ရာသီရဲ့ ပျော်စရာ အချစ်နေ့ သစ်လေးတွေကို ထာဝရပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုရင်း တိတ်တခိုး ချစ်သူသိစေ သံစဉ်ကဗျာလေးတွေကို လက်ဆောင်အဖြစ် ဖော်ပြပေးလိုက်ပါသည်...။
တိတ်တခိုး
ပန်းပွင့်တယ်ဆိုတာ သဘာဝပါခင်
အလှကြည့်ခံချင်လို့ ပန်ဆင်ပါစေ
ဒီလိုရည်စူးပြီး ဖူးပွင့်လို့အစဉ်
ခင်ကြိုက်ရင် ညှာကိုချိုး
မြတ်နိုးတော့ ပန်ချင်ပန်
မပန်ချင်ပစ်လိုက်ပေါ့ ဆင်ချင်မှဆင်….
မဆင်လို့ပဲပစ်ပစ် မမြင်လို့ပဲဖြစ်ဖြစ်
ပင်ယံ ဟိုစိမ်းရွက်ကြား မွှေးရနံ့အစဉ်
မကြင်လို့ပဲပစ်ပစ် မခင်လို့ပဲဖြစ်ဖြစ်
ခင်သိရင် တို့ကျေနပ်လို့
အပင်ထက်မှာ ပွင့်သွားဖို့အစဉ်။
မောင်စိန်ဝင်း (ပုတီးကုန်း)
တိတ်တခိုး တေးရုပ်သံ
ချစ်သူသိစေ
ပန်းပွင့်ရှိမှ ရနံ့ရတာမဟုတ်ဘူး
ဖူးသည့်အငုံ ထုံသည့်တစ်ပွင့်
နမ်းပွင့်တစ်ရှိုက်ရခိုက်မှာ ထာဝအမြဲတည်
နှလုံးသားမှာ စွဲမြဲစွာထုံရစ်
ဆွတ်ပျံနေ ချစ်သူသိလေ
တွေ့ခွင့်ရမှ မင်းမျက်နှာလ၀န်း
ကြည့်ခွင့်တစ်ခါ မြင်ခွင့်တစ်လှည့်
မင်းမရှိလည်းစွဲမြဲစွာ ဘယ်လောက်ဝေးနေ
မော့ကြည့်ရင် မိုးကောင်းကင်လိုရှိ
တွေ့လိုနေ ချစ်သူသိလေ...။
ဘယ်လောက်ဝေးဝေး ဘယ်မှာဖြစ်ဖြစ်
တွယ်နှောင်ရစ်ငင် အိပ်မက်မှာအစဉ်အမြဲရှိ
နေရာခြင်းလွဲလွဲ ဒေသခြင်းခွဲခွဲ
မြင်ယောင်စိတ်အစဉ် အိပ်မက်မှာရှိ။
ဖွင့်ဟပြောမှ ကြားတတ်တာမဟုတ်ဘူး
စီးဆင်းတဲ့ စိမ့်စမ်းရေ
ကျေးငှက်တို့တီးတိုးသံ ချိုစွာကြားရင်
မင်းစကားသံ စွဲမြဲစွာကျန်ရစ်
ကြားလို့နေ ချစ်သူသိလေ။
မောင်စိန်ဝင်း (ပုတီးကုန်း)
ချစ်သူသိစေ တေးရုပ်သံ
( သံစဉ်အသက်ဝင်လာသော ကဗျာလေးတွေကို လေ့လာရင်းပဲဖြစ်ဖြစ် ၊ တေးရုပ်သံကို ကြည့်ရှုရင်းပဲဖြစ်ဖြစ် ကဗျာချစ်သူတို့ အတွက် ကြည်နူးမှု ခံစားမှုတစ်ခုခု ရခဲ့ရင် စာရေးသူ ထိုကဗျာလေးတွေကို ဂုဏ်ဖော်ညွန်းရကျိုးနပ်ပါပြီ...။ ကဗျာချစ်သူအားလုံး ပျော်စရာနေ့ ရက်လေးတွေ ထာဝရ ပိုင်ဆိုင်ခွင့်ရပါစေဗျ...။)
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၁၈-၂-၂၀၁၂)
Monday, 13 February 2012
အချစ်ပွင့်ရာသီ ရစ်သမ်
အချစ်ပွင့်တွေ ထပ်ဝေစေတဲ့ရာသီမှာ
အသည်းကို ပါစယ်ထုပ်
နှလုံးသားကို ချော့ကလက်အဖြစ် ပြောင်း
အဖြူရောင် ဆင်တူ တီရှပ် အပျံစားနှင့်
အချစ်သက်လက်ဆောင် တပုံ တပင် ပေးကြ
ရင်ခုန်သံကို ထုဆစ်
အနမ်းတွေက တောင်ပံဖြန့် ကျက်
ခေါင်းလောင်းပန်းတွေ အလုယက်ပွင့်
အမုန်းတရားတွေ အငွေ့ ပျံလွှင့်
ကြင်နာခြင်းကဗျာတွေ အပြိုင်ရွတ်ဆိုရင်း
ဒီညမှာ ကြယ်တွေ ပိုလင်းတယ်လို့ ထင်ရတယ်..။
အချစ်သံစဉ်ကြားတော့ လူးလွန့် က
သံယောဇဉ်တွေ စည်းနှောင်ကြတယ်..။
လွတ်လပ်စွာ ချစ်ခွင့်ရှိတယ် ဆိုပေမယ့်
တစ်ညတည်းနှင့် ဘ၀ကို ပုံအပ်ရတဲ့အဖြစ်မျိုးတော့
ဖူးစာရေးနတ်က လမ်းမညွှန်သင့်ဘူး...။
ယုံတော့ ယုံသင့်တယ်
အချစ်ဟာ အချစ်
ယုံကြည်ချက်ဟာ ယုံကြည်ချက်
အရှိဟာ အရှိ
အသိကို သတိနှင့်ထိန်း
ယုံတမ်းစကားကြား မမိုက်ဖို့ သတိပေးကြ...
ဆရာကြီးအထာနှင့် လူပျို အပျို တရားချလို့
တိုဗက်လက်စွပ်ကို ဖလှယ်ကြရင်း...
အနမ်းပွင့်တစ်ထောင်တောင် ဆုခြွေလိုက်သေးတယ်..။
ရိုမန့် ဆန် မဆန်တော့မသိဘူး
စိုင်းစိုင်းရဲ့ တကိုယ်တော် ဗာလင်တိုင်းက တချို့ ချို့ ကို နှစ်သိမ့်ဖြေတယ်..။
ကျူးပစ်က ပြက်ရယ်ပြုခဲ့
စွံ မစွံတော့ ငါနှင့်မဆိုင်ဘူးတဲ့
ဗာလင်တိုင်းညတိုင်း
အချစ်ပျောက်ရှာရင်း
မျှော်တော်ရောင် ဘ၀နှင့်
ယှဉ်ပြိုင်ကမယ့်သူ မရှိတဲ့ တပင်တိုင် မင်းသမီးလေးကို သနားမိလာတယ်..။
ဖေဖော်ဝါရီလေပြေလေးရေ....
မုန်းတာထက်စာရင် ချစ်ကြတာက ပိုငြိမ်းချမ်းပါတယ်..
ရင်မခုန်ဖူးသူတွေ ရင်ခုန်တတ်အောင်နှင့်
ချစ်ဖူးသူတွေ ထပ်ချစ်တတ်အောင် သင်ပေးဖို့
ကမ္ဘာမြေကြီးကို
ချစ်တွေပွင့်တဲ့ ရာသီလေး တစ်နှစ်ပတ်လုံး သယ်ဆောင်ပေးပါတော့လား...။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(ချစ်သူများနေ့ အမှတ်တရ)
(ကဗျာချစ်သူတိုင်း ချစ်ကြတဲ့သူတိုင်း ထပ်ဆင့် ချစ်ဖူးဝေစေမယ့် အချစ်ပွင့်ရာသီတွေ ထာဝရ ပိုင်ဆိုင်ခွင့်ရပါစေ...။)
Friday, 10 February 2012
ချိုမြိန်ဒုက္ခ
နင့် စိတ်ထဲ ငါ
ငါ့ စိတ်ထဲ နင်
အခါခါဝင်၍
အကြင်နာတရား
အချစ်စကားတွေ
အကြိမ်ကြိမ်ပွားမိ
လူတကာ မသိပါ့တကား..။
ညစဉ်ရင်ဖွင့်
ကောင်းကင်ထက်က
ကြယ်တစ်ပွင့်ကို
အချစ်အတွက် သက်သေ
အနမ်းတွေ စေရင်း
အလွမ်းလည်းဖြေမိရပါ့တကား..။
တို့နှစ်ယောက်ဘ၀ကား
နီးလျက်နှင့်ခြား
စည်းတဘက်တားလည်း
ရှိထားမေတ္တာ
ကတိသစ္စာမပျက်
ဝေးကွာလျက်လည်း
ချစ်မြဲချစ်ကြ
ငါတို့ဘ၀မှာ
ချစ်ရဒုက္ခကား
အလွန်ချိုမြိန် လှပါ့တကား..။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၀- ၂ - ၂၀၁၂)
( မနီးစပ်သေးသ၍တော့ ဘယ်လိုပဲဖြစ်ဖြစ်လေ အချစ်ဆိုတာက တယောက်နှင့်တယောက် နားလည်ပြီး ချစ်မြဲချစ်နေဖို့က အဓိကပါ...။ အနေဝေးပေမယ့်လည်း အချစ်တွေ အေးစက်သွားတာမျိုး မဖြစ်ပါစေနဲ့နော်....)