RSS

Friday, 3 August 2012

ရွှေရင်ခုန်လို့ လွမ်းလှပြီ















ပန်းနုရောင် နှုတ်ခမ်းသွေးရယ်နှင့်
အနမ်းလေးပေးခဲ့ဖူးပြီ..။


အလှမ်းဝေးမယ်မှန်းကြိုသိရင်ဖြင့်
ငိုမိမယ့် အဖြစ်သနဲ့ငယ်
ချစ်ရက်ကယ် မဆွေးချင်ပြီ..။


အတွေးပင်လယ် ရေယဉ်ကြောမှာ
မျှောချင် မျှောပါစေတော့
အပြောကျယ် ဘ၀တောမှာဖြင့်
(တွေးရက် ဆွေးရက်ရယ်နှင့်)
သြော်.. ရွှေရင်လည်း မောလှပြီ..။


သဘောရယ်ဖြူ မနောတူရင်ဖြင့်
ရင်ချင်းအပ် အသဲ နှစ်လွှာထပ်လိုက်ချင်ဘိ
အနာဂတ် ပြန်ဆုံမယ့်ရက်ကိုလေဗျ..
ရွှေရင်ခုန်လို့ လွမ်းလှပြီ..။



ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၃-၈-၂၀၁၂)

( အဝေးရောက်ချစ်သူ များသို့ အမှတ်တရ...)

Wednesday, 1 August 2012

မြတ်သော လ၀ါဆို














ပြုံးလျက်ကယ် အတူယှဉ်ဖူးပါလို့
ဘုန်းလှစ် ပုန်းညက်ပွင့်ရယ် သင်းချို
သန္ဒေ တောထွက် အမှတ်သားငယ်နှင့်
ဓမ္မစက်ဟောခဲ့ လမြတ်ဝါဆို..။

သည်ချိန်ခါရောက်ရင်ဖြင့်
 စေတနာ သဒ္ဒါ ရွှင်ကာလန်းသမို့
ရွှေကြာညို အသွင်ဆန်းရယ်နှင့်
ဝါဆိုသင်္ကန်းကပ်ကြသကို..။

ဒုက္ခငယ် သံသရာစက်ကွင်းရယ်မှ
မြန်မကွာ လက်ငင်း
ချက်ချင်း ကင်းခွာစေဖို့
 မှန်းကာဆ လှမ်းကြွချီ
မဂ်နိဗာန်ဆီ
အဓိဌာန်တည် စိတ်ရည်မှန်းလို့
သည်စခန်း သည်သာသနာ သည်ဝါတွင်းမှာလ
ညီညာကာ ပေါင်းစု နွှဲတူသမို့
အလှူဒါန်း မြတ်ကုသိုလ် အထိုထိုရယ်နှင့်
သြော် .. မြတ်သော လ၀ါဆို..။


ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂-၈-၂၀၁၂)

( ၀ါဆိုလပြည့်နေ့ (ဓမ္မစကြာ အခါတော်နေ့) အမှတ်တရ)


















Saturday, 28 July 2012

ကံဇာတ်ရေးတဲ့ ယဉ်ကျေးခြင်း အနုပညာ













ချမ်းမြေ့စွာ ကြည်နူးခြင်းဘဝ
စိုးရွံ့စွာ ခြောက်လန့်ခြင်းဘဝ
နာကျည်းစွာ မုန်းတီးခြင်းဘဝ
ငြိမ်းချမ်းတဲ့ဘဝ
စိမ်းလန်းတဲ့ဘဝ
သူစိမ်းဆန်တဲ့ဘဝ
ကဗျာဆန်တဲ့ဘဝ
မဟာဆန်တဲ့ဘဝ
လူမသိ သူမသိ ဘဝ
ပြဇာတ်လား ဟာသလားမှန်းတောင် မသိတဲ့ဘဝ
သေချာတာက ငိုကြွေးခြင်းနှင့် အဆုံးသတ်ကြတာများတဲ့ဘ၀တဲ့..။
ငြိစွန်းမိရင် ရုန်းမထွက်ဖို့ခက်မှန်းသိတဲ့ ဘဝ
အချက်ပြထားရင်းက လောကပင်လယ်ထဲ
ညင်ညင်သာသာလေး လွှင့်စင် သက်ဆင်းခဲ့ကြတယ်..
ကမ္ဘာ့အမှောင်မိုက်ဆုံး ညတစ်ညမှာ
အထီးကျန်ခြင်းကင်းတယ်လို့သာပြောကြတဲ့
လူလူသူသူ ပြုံးရီဖို့တောင် အချိန်မရှိတဲ့ ဘ၀တွေကြား
မော်တပ်တပ်ထားသမျှ သွက်သွက် ခြေလှမ်းတွေနှင့်
တက်လိုက် ဆင်းလိုက် လျှောချလိုက်နှင့် ခရီးဆက်ကြတယ်..။
ပြောလို့ မဆုံးသေးခင်ပဲ .. ငိုလိုက်ကြတာ
မိုးဘယ်အချိန်ရွာမယ်ဆိုတာ မခန့်မှန်းနိုင်ပေမယ့်
တဖြည်းဖြည်း လူရိပ် လူကဲ ကြည့်တတ်လာတယ်..
ကံဇာတ်ချရာ ဈာန်ဝင်ရင်းက
ဘယ်ဝင်ညာထွက် သွေးထွက်အောင်မှန်ဖို့ရာ
ယုံကြည်မှု ၁ရာခိုင်နှုန်းတောင် ရှိဖို့ နည်းလာတော့
တခါတလေ...
ဘေးစကားလည်း နားယောင်ချင်မိတယ်..။
ကျန်းမာစွာ ပျော်ရွှင်ခြင်း
အဆင်ပြေစွာ ပျော်ရွှင်ခြင်း
အောင်မြင်စွာ ပျော်ရွှင်ခြင်း
ရဲရင့်စွာ ပျော်ရွှင်ခြင်း
ဆန္ဒပြည့်စွာ ပျော်ရွှင်ခြင်း
ပြီးပြည့်စုံစွာ ပျော်ရွှင်ခြင်း
သူ့တပါးမျက်ရည်များ
သူ့တပါးကြေကွဲမှုများ
သူ့တပါး ရှုံးနိမ့်မှုများ
သူ့တပါး ဦးခေါင်းတွေပေါ် ခြေစုံနင်းခတ်ပြီးမှ
ပျော်ရတာကိုမှ ပျော်ရွှင်ခြင်းတဲ့လား..
နောက်ဆုံးတော့လည်း
ကြေးစည်ထုလို့ ခွေးအူသံကြားမှ
မာနတွေ ချ .. နောင်တတရားတွေအကြား လူးလိမ့်ဖို့ စေ့ဆော်ပြန်ရော
အငွေ့သက်လေးက လွတ်လပ်စွာ ပျံသန်းဖို့တောင် အားအင်ချိရတဲ့အဖြစ်..
လေပွေထဲ ဘယ်သို့ဘယ်မျှ လွှင့်မျောဦးမယ်မသိ..။
ကိုယ်ဘာသာ ကိုယ် လက်ညွန်းငေါက်ငေါက် ထိုးရင်း
တောက်...တစ်ချက်ခေါက်ပြီး ဆုံးမတတ်လာတယ်..။
ဘယ်လောက်ထိလဲဆိုတော့........
မြေကြီးပေါ် ကျကြွေတဲ့ ရော်ရွက်ဝါလေးကိုတောင်
တက်နင်းဖို့တောင် ၀န်လေးမိနေလေရဲ့..။


ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၈-၇-၂၀၁၂)


Thursday, 26 July 2012

ဝါဆိုလ အလွမ်း














ညှို့ဖွဲ့မာန်တိမ်လွှာငယ်
မိုးဝသန် ၀ါဆိုဦးရယ်မို့
မြူးနွဲ့ဟန်ကြည်။


မြေနုနု ကြွကြွ
ဖွဖွလေးရယ် မိုးစက်ကြွေ
တိုးထွက်နေ မှိုဖြူပွင့်ငယ်နှင့်
ပျိုမြစ်ငယ် ၀ါးနုဖူးမျှစ်တို့
ထူးတင့်လို့စည်..။


မြေလွှာအထက်လမ်းမှာဖြင့်
နေရာတကာ ပွင့်လန်းပါဘိ
 ရွှေပန်းငွေပန်းရယ် လင်း
သွယ်သွယ်ရနံ့ငယ်နှင့်
မွှေးပျံ့လို့သင်း။


ရာသီလရယ်နှင့်
အခါမီသမျှ မိုးခိုငှက်ပုံသို့
မိုးညိုရင် စိုးစိတ်ရယ်ဖိုမိသနဲ့
အကြိမ်ကြိမ် လွမ်းစိတ်ရယ်ပိုရပါတဲ့
စခန်းဌာနီ လှမ်းကွာလှသည်မို့
တမ်းတမိပြန်ရင်ဖြင့်
(အို..ဘယ့် ၀ါဆိုငယ်)
မှန်း ဆ စိတ်တင်း...။



ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၆-၇-၂၀၁၂)

(၀ါဆိုလ အမှတ်တရ - ကဗျာလေးနှင့် ရာစုရဲ့ ၀ါဆို သီချင်းလေးကို ဖော်ပြပေးလိုက်ပါသည်..။ ခံစားနားဆင်ရင်း ၀ါဆို လွမ်းစိတ်များ ပြေလျော့နိုင်ပါစေ...။)






Wednesday, 27 June 2012

အိုဘယ့်.. ၀ါဆိုမိုးငယ်














အခါကြိုတဲ့ သဘောရယ်နှင့်
သြော် .. ၀ါဆိုတဲ့ မိုးငယ်က
ညှိုးဖွဲ့ဖွဲ့ သည်းချေပြီ..။

မိုးပုလဲမြေစီ ခခြွေတော့
ပန်းတိမ်မနိုင် ပုန်းညက်တို့က
ပြုံးရက် အလှစီရီ
မြေမဟီ ထွန်းသစ် အခါမီမို့
သပြေသီးမှည့်ရယ်နှင့်
ရေကြီးတဲ့ ရာသီ။

ချောင်းတွေမှာ ရေလျှံသမို့
လောင်းလှေငယ်နှင့်
အပေါင်းဆွေမယ် လှော်ကြမြိုင်လို့
ပျော်ကြသည့် ပွဲ..။

အိုဘယ့် လ၀ါဆိုရယ်..
တိမ်လွှာငယ် မဲသထက် မဲ
မိုးတွေက သဲသထက်သဲ သမို့
ဘယ်ဆီဘယ်ညာ မျှော်ကာ လွှဲလို့
(အဖော်ကွာသူအတွက်မှာဖြင့်)
သြော်..လွမ်းစိတ်ကကဲ…။

                                    ရွှမ်းသိင်္ဃ (တနင်္သာရီ)
                                    (၂၇-၆-၂၀၁၂)

Tuesday, 12 June 2012

အနုအရင့် အလှစုံနှင့် လမြတ်နယုန်
















လျှပ်ပန်းလျှပ်နွယ် တလက်လက်
ပျိုးပျိုးပျက်ပျက် 
ကောင်းကင်ထက်မယ်
တိမ်နီတိမ်နက် 
 ရောဖြာ ယှက်ချိန်
 တစ်စက် နှစ်စက် မိုးသေး
ဖျန်းပက်ပေးရင်
မြက်သားလည်းမွေး
လေပြေအေးသမို့
စံပယ် မုလေးနှင့်
 မြတ်လေးတို့   မွှေးကြည်
 ဆေးရေးပန်းချီလည်း
ခြယ်သမမီတဲ့
 ဝေစည်သွယ်လျ ရွက်သစ်နုတို့ 
အခက်လက်မှာစုတင့်ကြ
အနုအရင့်အလှအလယ်
ဖူးပွင့်ငယ် အစုံစုံနှင့်
အငုံ မယ် ညှာတံစိမ်းမြခြယ်
ယိမ်းသမသဖွယ် လှကြပုံကား
စာဖွဲ့ လည်း မကုန်
သြော်.. အခါသမယ လှမြတ်ငယ် နယုန်...။


ရွှမ်းသိင်္ဃ(တနင်္သာရီ)
  (၅-၆-၂၀၁၂)








Tuesday, 22 May 2012

ရင်ခုန်မှု တစ်ဘက်တစ်ချက် အဝေး












 မျက်လွှာတစ်ချက်ပြမှ
ရင်ခုန်ခွင့်တခဏရတဲ့အဖြစ်
အရိပ်အမြွက်ပြရုံလေးနှင့်
ဝှက်ထားတဲ့ နှလုံးသားကို စီမံခွင့်ရပါ့မလား..။
တခါတခါ တွေးပူတတ်တဲ့အကျင့်နှင့်
အားနာတတ်တဲ့ ဓလေ့လေးတွေသာ မရှိရင်..
ညီမျှခြင်းရဲ့  တစ်ဘက်တစ်ချက်မှာ
ရလာဒ်ကောင်းတွေ ဖန်တီးခွင့်ရကောင်းရဲ့
စည်းတဲ့ ....
အဖြူရောင်အနောက်ခံမှာ နဲနဲနှင့် ပါးပါးလေး ဆေးခြယ်ခွင့်မရှိသေးခင်..
 ထပ်ထပ်ဝေးရဦးမယ်တဲ့...။
အသိနှင့်သတိတဲ့....
သိရက်နှင့်လည်း မိုက်ချင်သေးတယ်..
နောင်တနှင့် နဘမ်းသတ်ခဲ့တာလည်း အကြိမ်ကြိမ်
နှောင်ဖွဲ့  မဲ့ အငြိုးအတေးတွေအကြား
အခိုးအငွေ့ တွေအလား လွင့်ထွက်သွားတဲ့ မျှော်လင့်ချက်တွေကို
ညမှောင်ထဲ ထထကောက်ရတာက အမော..
အာခေါင်ပေါက်မတတ် ဆိုညည်းရတဲ့ လွမ်းတေးတွေသာ
အသက်ဝင်တဲ့ မှော်အတတ်သွင်းခွင့်ရမယ်ဆိုရင်
ဘယ်သို့ ဘယ်ချိန် ဘယ်နေရာ  ဘယ်ဘ၀... 
အဆုံးစမဲ့ အနန္တ အနန္တ ဖြင့်
ဆုံမှတ်တစ်နေရ အတည်တကျ ရချင်တယ်...။
ပလူပျံမတတ် ချစ်တံခါးတွေ ကို
အမုန်းမဲ့ သော့ချက်လေးတွေနှင့်သာ 
ကုဋေကုဋာ အသင်္ချာ ဖွင့်လှစ်ချင်ပြီ..။
ပုရစ်ဖူးလေးတွေသာ စကားပြောတတ်ရင်..
ဝေသမျှရာသီတိုင်းမှာ...
အလွမ်းတွေနှင့် မြေခခဲ့ရတဲ့ ဥပမေယျတစ်ခုဖြစ်စေမှာပါ..။
အချစ်တွေသာ ထပ်မစိမ်းလန်းချင်နေပါစေ..
ရှိရင်းစွဲအချစ်တွေ မညှိုးနွမ်းဖို့     
မက်မက်မောမော သတိရခွင့်လေးနှင့်
ရင်ခုန်မှု တစ်ဘက်တစ်ချက် အဝေးမှာ
လွမ်းတေးတွေ ဖွဲ့   ဆိုရင်း
တစ်နေ့ မှာ တစ်ကြိမ်တော့ ပွေ့   ဖက် ရှင်သန်နေပါရစေ..။

               ရွှမ်းသိင်္ဃ (တနင်္သာရီ)
                 (၂၃-၅-၂၀၁၂)