Tuesday, 2 April 2013
Tuesday, 26 March 2013
တကျော့ပြန်ဆောင်း နှင့် မော်စကို တပေါင်း
တချီတမောင်း
နွေတပေါင်းက
ရွက်ဟောင်းမခြွေ
လေရူးစေရင်း
နှင်းတွေလည်းဝေ၊
ယိမ်းနွဲ့ကြွေလျက်
မောင်တို့ ပျော်နေ
မော်စကိုမြေမှာကား
လွမ်းတစ်လှေ ထပ်လောင်း
လွမ်းတစ်နွေ ပေါင်းယှက်
ဆောင်းလည်း တကျော့ ပြန်သစ်ပြီ...။
သို့နှယ် သို့ခါ
သည်အချိန်ခါကား
ရွက်ဝါကြွေလှစ် ရွက်သစ်ထွက်၍
ရွက်ညွန့်သစ်ထူး၊ သရဖီဖူးချိန်
ရွှင်မြူးတူယှဉ်၊မြန်ပြည်တခွင်တွင်
ဆင်ယင်ပျော်နွှဲ၊ သဲပုံပွဲသို့
ထပ်ကဲထပ်ဆင့်၊ အတွေးဝင့်လျက်
ဆွေးချင့်ကပ်ကာ၊ လွမ်းစိတ်ဖြာမိ
ရင်လွှာမချိ၊ သတိရမိသည်။
သည်အတွေး
သည်အရေး
အကြိမ်ကြိမ်ဆွေး
ပြင်ကမ္ဘာငေးလျက်
အေးစက်ညှက်ညောင်း
နွေပြန်ဆောင်းနှင့်
တရစ်ရစ်ဝင့်ကြွေလာ
လေမှာတဖွဖွ၊မြေလွှာခသည့်
နွေကျတဲ့ နှင်း သိပါစေ...။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(တပေါင်းလပြည့်နေ့ အမှတ်တရ)
(၂၆-၃-၂၀၁၃)
Monday, 25 February 2013
ပွင့်ပေါက်လဲ ထမနဲ နှင့် လတပို့တွဲ
ရာသီရင့်ရင့်
နေခြည်ဆင့်ချိန်
ပွင့်နီနီရဲ
ပန်းပေါက်လဲတို့
နှင်းရည်စိုရွှဲ
လတပို့တွဲတဲ့။
ရာသီကုမ်လ
ဟေမန္တနှောင်း
အချိန်ခါပြောင်းသမို့
နှစ်ထောင်းပျော်ရွှင်
မြို့ရွာတခွင်မှာ
ဆင်ယင်ကာနွှဲ
တခြိမ့်ခြိမ့်သဲ
ထမနဲပွဲတဲ့။
သည်ချိန် သည်လ
အခါသမယမှာဖြင့်
အမိမြေလွှာမျှော်မှန်း
တမ်းတလွမ်းလည်း
လွမ်းရယ်ကမပြေ
ပြင်ကမ္ဘာငေး
ထင်ရာရေး၍
အတွေးစိတ်နယ်ဝင့်
ဖူးပွင့်ထုံ ပေါက်လဲ တဆုပ်စာရယ် ပေးပါလို့
ထူးတင့်စုံ ထမနဲ တလုတ်စာငယ် လွေးချင်ရဲ့လေး။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၅-၂-၂၀၁၃)
တပို့တွဲလပြည့်နေ့အမှတ်တရ။
Thursday, 14 February 2013
ဗာလင်တိုင်း( valentine's day) နှင့် ကျနော်
မျက်ဝန်းချင်း စဆုံဖြစ်တယ်..
အချစ်တွေ တောက်ပလွန်းတော့
ကြယ်တွေ ထခုန်ကြရင်း
နှလုံးခုန်သံက ၉ထက်ကျော်သွားတဲ့နေ့။
ချော့ကလက် တစ်ကိုက်မှာ
နှုတ်ခမ်းပါးပါးလေးတွေ ကတိုက်ကရိုက်နှင့်
ရုတ်တရက် အနမ်းတွေ ပွတ်တိုက်သွားတယ်..။
ပန်းနုရောင်ဖြာကျလာတဲ့ ပါးနုနုလေးတွေမှာ
ရှက်သွေးတွေ မိုးသောက်ထလာတယ်..။
ဆံနွယ်လေးမှာ ပန်းတစ်ပွင့် ပွင့်စေပြီးမှ
ရင်ခွင်ကို ခေါင်းအုံးလုပ်ပေးရင်း
အချစ်ပုံပြင်တစ်ပုဒ် ဆုခြွေလိုက်တယ်..။
ကြည်နူးရိပ်တွေ ဆမ်းထားသော အသွင်လေးကိုတော့
အတွေးထဲကတောင် မထွက်တော့ဘူး....။
အခြေအနေတစ်ခုကြောင့် အဝေးတွေ တားဆီးခဲ့ပေမယ့်
သတိရမှုကို အလွမ်းကဗျာထဲ သိမ်းစုရင်း
ဘ၀အိမ်မက်တွေ တကယ်ဖြစ်လာတဲ့တစ်နေ့
ချစ်သူနှင့် ထပ်ဆုံမယ်...။
ဒီနေ့တော့...
ချစ်သူတွေ ငြိမ်းချမ်းဖို့နှင့်
ရှိပြီးသား အချစ်တွေ ဆက်ရှင်သန်ဖို့
အချစ်ပင်ကို အချစ်ရေစင် ထပ်လောင်းလိုက်တယ်..။
တကယ် ချစ်တဲ့သူတိုင်း ပျော်ရွှင်ချမ်းမြေ့ပါစေ.....။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၄-၂-၂၀၁၃)
(ချစ်သူများနေ့ အမှတ်တရ)
Labels:
အချစ်ကဗျာများ
တည်မြဲအချစ်
တန်ပြန်မဲ့ အမုန်းတွေ အငွေ့ပျံချိန်တောင်
အချစ်တွေ အရောင် မပျက်ခဲ့ဘူး..။
ရင်ခုန်သံအရိပ်အောက်မှာ
အကြိမ်ကြိမ် စူးနစ်ခဲ့ရတဲ့ အချစ်ဆူးတွေ
သံယောဇဉ် နွယ်က တလိမ်လိမ် ရစ်
ဘ၀ဆိုတာ ဆေးစက်ကျရာ ကခဲ့ရတဲ့ ကရုပ်လေးလား
အချိန်တွေ ဖဲ့ကြွေပြီးမှ ဘ၀က ပို လှလှလာခဲ့တယ်
မေတ္တာနွံမှာ တလည်လည် ၀င့်နေရသည်က ကျေနပ်စရာ
နယ်လွန်စိတ်ကူးတွေ ကျော်မှ ကောင်းကင်ကလူတွေ အပြုံးချိုလာတယ်..
အချစ်မှာ သီအိုရီ မရှိဘူးတဲ့
နှလုံးသားမဲ့ ဦးနှောက်နှင့် အသက်ရှင်တဲ့ အသိုင်းဝိုင်းတွေကြား
ညီမျှခြင်းတွေ အကြိမ်ကြိမ် ချိန်ထိုးညှိပြီးမှ
မာနမျက်နှာတွေ ပိုပို အကျည်းတန်မှန်း သိခွင့်ရတယ်..။
အချစ်ခွန်အားတွေနှင့်ပဲ ထိပ်ဆုံးသို့ လူးလွန့်ရင်း
နှစ်ကိုယ်တူ တစ်ဘ၀နှင့် ဘယ်လောက်ထိ နေခွင့်ရမယ် မသိပေမယ့်
မပျက်ပြယ်တဲ့ ဒီချစ်ခြင်းတွေနှင့်ပဲ
အစဉ်ဆက် အသစ်တဖန် အချစ်တွေ လိမ်းကျံချင်သေးတယ်..။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၄-၂-၂၀၁၃)
(ချစ်သူများနေ့ အမှတ်တရ)
Labels:
အချစ်ကဗျာများ
Wednesday, 13 February 2013
ကိုယ်တိုင်ပါဝင်သရုပ်ရမယ့် အချစ်ပွင့်ရာသီ ဇာတ်လမ်း
အနုအလှ စကားလုံးတွေကို ပန်းနုရောင် အထပ်ထပ်ပြန်ခြယ်သတဲ့နေ့..။
အပြုံးတွေ ယှက်လို့ အနမ်းတွေ လက်ချင်းချိတ်ကြတယ်..။
အပြန်အလှန် ကာရန်ရှာရင်း ကဗျာမြစ်တွင်း အချစ်တွေ ရွက်လွှင့်ကြပြန်တယ်..။
နှစ်လွှာ တစ်ရွက် ကမ္ဘာပျက်လည်း ထာဝစဉ် ဆက်ချစ်ဖို့ ကတိက၀တ်ပြု သေးတယ်...။
စက္ကန့်မလပ် ပျော်စရာ ဖန်တီးရင်း အတိတ်က အနာတရ လေးတွေ ဖြေဖျောက်လိုက်ကြတယ်..။
မနက်ဖြန်.မသေချာသော အနာဂတ်..စိတ်ကူးတစ်ခုတည်းနှင့် ဘ၀ကို ယုံမှတ် ပုံအပ်ဖို့တော့ မဖန်တီးခဲ့..။
စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားတွေနှင့် ရင်လွှာကို စည်းတစ်ခု ချမှတ်ခဲ့သေးတယ်..။
ပွေ့ဖက်ယုယမှုလေးတစ်ခုကပဲ ရင်ခွင်ပင်လယ်ကို အချစ်လှိုင်းတွေ ကယက်ထအောင် စွမ်းဆောင်ခဲ့တယ်။
အချစ်သမိုင်းမှာ မရှိသေးတဲ့ ပုံပြင်တစ်ပုဒ် ထပ်ဖြည့်ရေးဆွဲဖို့ သဘောတူကြတယ်..။
မျှော်လင့်ချက်ကောင်းကင်အောက်မှာ အချစ်ပင်ကို ထာဝရရှင်သန်အောင် ပြုစုဖို့ နားလည်မှုယူခဲ့ကြတယ်။
ရင်တစ်ချက်ခုန်လိုက်တိုင်း အချစ်ရစ်သမ်တွေ ပဲ့တင်ထပ်မျှ ကြားခွင့်ရတယ်..။
ရိုမန့်ဆန်ချင်ဆန်.. ကဗျာ မဆန်ချင်ဆန် နေပါစေ..
အချစ်တွေပွင့်တဲ့ရာသီအောက်မှာ အချစ်စွမ်းဖြင့် အချစ်ပန်းတွေ တစ်ပွင့်ပြီးတစ်ပွင့်တင့်လျှမ်းစေခဲ့တယ်..။
အပြစ်ကင်းတဲ့ ချစ်ခြင်းတွေသာ ၀န်းရံခနေသမျှ ..သစ္စာ မေတ္တာတွေ လွှမ်းခြုံနေသမျှ..
ကျွန်ုပ်တို့ကိုယ်တိုင်ပါဝင်တဲ့ အခန်းဆက်အချစ်ဇာတ်လမ်းတွေကတော့ ထာဝရအသက်ဝင်နေဦးမည်သာ။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၄-၂-၂၀၁၃)
(ချစ်သူများနေ့မှာ တကယ်ချစ်တဲ့သူတွေ ကဗျာချစ်တဲ့သူတွေ ပျော်ရွှင်မှု အပြည့်အ၀ရပြီး ကဗျာဆန်ဆန် အချစ်တွေ ထာဝရ ပွင့်ဝေအောင် ဖန်တီးနိုင်ခွင့်ရကြပါစေ)။
Labels:
အချစ်ကဗျာများ
Friday, 25 January 2013
မယ်မယ်ထံရွယ်မှန်း သားမောင် လွမ်းပါရဲ့
နုငယ်ပျိုမြစ်
မလှပေဘု
အခုရွယ် အိုလျက်
ဘ၀၀ယ်
အများ အလယ်မှာလေ
အားရယ်မှာ
မချိတော့ပြီမို့
တရားလွယ်ကာ
အသိလေးရယ်နှင့်
သားမယ်မယ်မှာလေဗျ….
သတိ အတွေး
ရယ်ကကြွယ်…။
တခါခါ အဝေးတနယ်က
မကြာမကြာ
အပြေးပြန်ချင်မိပါရဲ့
အတွေးစိတ်က
မယ်မယ့်ထံ
နယ်နိမိတ်ငယ်
ခြားပြန်တော့
အားသန်စွာ
စိတ်ဇွဲမှာလ
ကြိတ်ဖွဲပမာ
ဘေးထွက်
ဝေးလွှင့်ရသည်
မယ်မယ်..။
တကယ်တကယ့်အပြင်တွင်
မယ်မယ့်ရင်ခွင်
ပြေးဝင်လွန့်လူး
ပျော်ကြည်နူးချင်ပါသေးရဲ့..။
ရွှေယမင်း
နှမယ်ငယ်ထွေးနှင့်
မြွေမင်းသားလေး
ချစ်ပုံပြင်ကိုလေ
ဂုဏ်အင်ငယ်
မရိုးလှပါဘု
တိုးချကာ
ပြန်နားဆင်ချင်သေးရဲ့..။
အသိဟောင်းငယ်
စ ဆုံရင်ဖြင့်
ငါးပိထောင်းအလယ် ဆားပုံ
တညင်ရွက်ကယ်
မြိန်မြိန်ယှက် ငါးပုဇွန်ဟင်းရယ်နှင့်
ကန်စွန်တသင်း
ဇရစ်ညွန့်ရောယှက်
ပျော်ရွှင်
မပျက် အတင်း စားကြပုံကိုလေ
သားဘ၀ ကြုံ တခါ ပြန်ဆုံဖို့မှန်း
တမ်းတရုံ စိတ်ငယ်နှင့် မယ့် ထံ မြန်း
သားမောင် ရွှမ်းမှာလေဗျ...
တော်တော် လွမ်းလှပြီ…။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
( ပြာသို လပြည့်နေ့ - အမေများနေ့ အတွက် ကြိုဆို ဂုဏ်ပြုသည်။)
(အမေအားလုံး ကျန်းမာရွှင်လန်း စိတ်နှလုံး ချမ်းမြေ့ ပျော်ရွှင်နိုင်ပါစေ)
(၂၆-၁-၂၀၁၃)
Labels:
အမေအတွက်ကဗျာ







