Saturday, 25 May 2013
Sunday, 28 April 2013
နှစ်ဆန်း ပွင့်ပန်း
ငုဝါငယ် ရွှေအင်ကြင်း
မြေသင်းရနံ့
ဖယောင်းဝါစီ
ပြာညီညီ ကြောင်မြီးပန်းနှင့်
ကျီးကန်းဆီ
ပင်ကပ်စွဲ
ထပ်ထပ်တွဲ
လက်တံရှည်
လက်ပံပွင့်က
နီ။
ပန်းကံ့ကော်
ပွင့်ဖြူ သခွတ်
ကညွတ် မြေဇာ
စကားဝါပန်း
သပြေပါလန်း
သက်ကယ်စီ။
နှစ်လွှာညီ
စွယ်တော်ပန်းရယ်နှင့်
အပြာ အနီ
စိန်ပန်းပွင့်ပေါက်
တစ်နှစ်တစ်ခေါက်
ပိတောက်ဝါလျှမ်းကြရင်
တို့ရွှေမြန်မြေနန်းမှာဖြင့်
ချစ်စရာ နှစ်သစ်ဆန်း….။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၇-၄-၂၀၁၃)
(နှစ်ဆန်းတစ်ရက်နေ့ အမှတ်တရ)
Wednesday, 24 April 2013
ပျိုနှင်းဆီသို့….
တဒင်္ဂတွင်း
ရင်ဝကိုခွင်းလို့
ချက်ချင်းစူးနစ်ဝင်
ဆူးတစ်- မြင်လည်း
ချစ်ချင်မိတယ်..
ပျိုနှင်းဆီ…။
ပန်းချီတောင်
လက်မှိုင်ရှုံး
အနီရောင်
ပြစ်ဒဏ်ထုံးနှင့်
အမုန်းတွေပဲ
ဖယ်သုံးလို့
အပြုံးငယ်
ခြယ်မှုန်းလိုက်ရင်
နင်သာ အလှဆုံးပါ
.. ပျိုနှင်းဆီ..။
အို ..အပျိုနှင်းဆီ..
တဒင်္ဂတွင်း
ရင်လွှာကိုထွင်း
အသက်ပါခင်းလို့
ကိုယ့်ကိုယ်တွင်းမှသည်
ယိုဆင်းသွေးစက်
မြေလွှာထက်သို့
သက်ဆင်းသည့်တိုင်
မပျက်ယွင်း
မေတ္တာ
ချစ်မြဲ ချစ်နေဦးမှာပါ…ပျိုနှင်းဆီ...။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၄-၄-၂၀၁၃)
Labels:
ပန်းအလှ ပန်းကဗျာ
Sunday, 14 April 2013
ဂိမာန်နွေ ..သင်္ကြန်ရေ... မြန်မြေစိမ်းလန်း
ဂိမာန်နွေ
သင်္ကြန်ရေ မြန်မြေစိမ်းလန်း
မာန်ဖြေသိန်းသန်း
အေးချမ်းစွာ၊
ရန်ပြေငြိမ်းချမ်း
ဘေးမသမ်းပါ၊
လန်းဖြာ ကျန်းမာ
ပန်းပမာသို့၊
ဝမ်းသာ ကမ်းလာ
မြန်းမကြာတွဲ၊
နှစ်ဖြာလက်
မကွာယှက် ခိုင်မြဲ၊
ကမ္ဘာပျက်တိုင်
မယိုင်မလဲ။
မပွင့် တပွင့် ပိတောက်ပွင့်ချိန်
ပင်ဆင့် ပင်ရင့်
ပင်မြင့်ခက်နွယ်
တင့်တင့်တယ်တယ်
မြူးစုံဝင့်လို့
ဖူးငုံလင့်
စုပုံဆင့် ပွင့်စီခြယ်။
ပြည်တကျော့
ညီညွတ်ခြင်းရယ်က
အဆင်းကြွယ်
သတင်းမယ် ပန်းနှယ်သို့မှန်း
လှမ်းရွယ်စို့
ရွှေပြည်ထောင်
အဆွေ ညီနောင်တို့ရေ
ကမ္ဘာမြေ တလျှောက်မှာဖြင့်
(တို့မြန်မာမျိုးဂုဏ်ရယ်..)
ညွန်းမလောက်
ထွန်းတောက်တင့်လျှမ်း။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၄-၄-၂၀၁၃)
(သင်္ကြန်အကျနေ့ အမှတ်တရ)
Saturday, 13 April 2013
ကိုယ့်ရေ ကိုယ်လောင်း အဝေးရောက်သင်္ကြန်
တူးပို့…တူးပို့.. တူးပို့နှင့်
မြည်သံစွဲ
အလင်္ကာတွေ ပိုတောက်ပတဲ့နေ့
မြို့မငြိမ်းတစ်ယောက်
အသက်ပြန်ရှင်လာတယ်…။
ရွှေအိုရောင်
လွှမ်းခြုံထားတဲ့ လမ်းတွေ နွေခေါင်ခေါင် ရေထဲမျောလို့
မျက်နှာသစ်ဖို့
မိုးတစ်စက်တောင် မဖျန်းချင်နေပါစေ
ရာသီအမီ ပိတောက်တွေ
နှိုးကြွကြပြီ…
နောက်ကျောကွဲအောင်
ပူတဲ့ နွေနေလည်း မမှုဘူး…
လက်ကြားမှာ
ဟိုယိမ်း ဒီယိမ်းနှင့် ရေပူအိုးထဲ ခုန်ဆင်းသွားတဲ့ မုန့်လုံး
ပူလွန်းလို့တဲ့
ထမင်းကို ရေစိမ်လို့ သရက်သီးသုပ်နှင့် စားကြပြန်ရော…
ခံစားချက်တွေ
မှော်သွင်းထားတဲ့ သံချပ်တွေ ပြန်ကြားရပြီတဲ့
မြန်မာဓလေ့
ခပ်ပါးပါး သင်္ကြန်တေးသံက ခပ်များများ ပျံ့လို့ နှံ့လို့
ပျော်လည်း
ပျော်.. မော်လည်း မော်…သရော်လည်း သရော်နှင့်
မျက်စိစာတွေ ကျွေးရင်း ကျွေးရင်း ရင်ခုန်သံတွေ ပွက်ထွက်လာတယ်...
ယိမ်းသမလေးတွေ
လှချက်က အိပ်မက်ထဲထိ ဆွဲခေါ်နိုင်စွမ်းရှိတယ်..။
တစ်နှစ်ပြီးတစ်နှစ်နှင့်
ဒီလို အိပ်မက်တွေ မက်ခဲ့တာ ၆နှစ်တောင် ပြည့်ရော့မယ်..။
အလွမ်းတွေနှင့်
စိတ်ကူးယဉ်ရတဲ့ သင်္ကြန်ဝေး ၀ဋ်ကြွေး ဘယ်တော့ကျွတ်မယ်မသိဘူး..။
ဗွမ်းကနဲတဲ့
.. သင်္ကြန်ရေအေးလိုက်ပုံက ငုတ်တုတ်တောင် မေ့သွားလောက်တယ်..။
လောင်းမယ့်သူ
မရှိလို့ ကိုယ့်ရေ ကိုယ်လောင်း
နှစ်ဟောင်းကို
စွန့်လို့ နှစ်သစ်ကိုပြောင်းလိုက်တယ်….။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၃-၄-၂၀၁၃)
(သင်္ကြန်အကြိုနေ့ အမှတ်တရ)
(ကဗျာချစ်သူတို့ ပျော်ရွှင် ကြည်နူး မင်္ဂလာနှစ်သစ်ကူးဖြစ်ပါစေ....။)














