RSS

Friday, 26 July 2013

ဝါဆိုဆန်းချိန်














ရာသီပြောင်း နွေနှောင်းလို့

တိမ်မောင်းငယ် မြူယှက်ဆင်

မိုးလ ခါဝင်

ကဗျာအသွင် တိုးချ ပိုလွမ်း

ဝဠာတခွင် မိုးက ညိုသမ်း

နယ်ရှစ်ခွင် မိုးပေါက်ဖျန်း

ဝါဆိုလဆန်း။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၇-၇-၂၀၁၃)
(၀ါဆိုလ အမှတ်တရ)

Sunday, 21 July 2013

အသက်ဝင်လာသော မြန်မာကဗျာများ (၁၁) - ဒိဋ္ဌိအမှန်ရုပ်နှင့်နာမ်











              





  
             


                 မှုန်မှိုင်းပါတဲ့ ရွှေပဇ္ဖုန်
                အုံ့ဆိုင်းပါတဲ့ ရွှေပဇ္ဖုန်
                မြူခိုးငယ် ကျူငွေသန်းပြန်တော့
                ပူမျိုးငယ် ဆူဝေလျှမ်းကာပ
                လွှမ်းစိတ်က ခြုံ….” 
         ထိုကဗျာပါဒလေးအတိုင်းပင် မိုးကောင်းကင် တခွင်မှာ တိမ်မည်းညိုညိုတို့ ၀ါဆိုကို လှမ်းကြိုကြပြီဆိုတာနှင့် မိုးစက်မိုးပေါက်တွေနှင့်အတူ စာရေးသူအတွက် အလွမ်းလက်ဆောင်လေးတွေက တပါတည်း သယ်ဆောင်ပေးလာကြသည်..။
       ထိုအလွမ်းတွေနှင့်အတူ ၀ါဆိုပန်းခူးချိန်၊ ဥပါသကာဆင်းချိန်၊ ၀ါဆိုသင်္ကန်းကပ်ချိန်၊ ဥပုသ်စောင့်ချိန်လေးတွေကို ပြန်မြင်ယောင် သတိရမိသည်ပေါ့လေ။
       သည်ရာသီ သည်အလွမ်းတွေနှင့်အတူ တစ်နှစ်ပြီး တစ်နှစ်  အချိန်တွေ ဖြတ်ကျော်ရင်း တခါတလေ တနင်္သာရီမှာ နေခဲ့ရတဲ့ အရင် ဆယ်စုနှစ်တစ်ခုဆီကို မြင်ယောင်ရောက်နေမိသည်က အကြိမ်ကြိမ်ပင်။
 မနက်ဖြန် ၀ါဆိုလပြည့် ဓမ္မစကြာနေ့ ဆိုတော့ - စာရေးသူ တို့ တနင်္သာရီ လုံးခရမ်း တရားစခန်းလည်း စဖွင့် ပြီထင်သည်..။ ၁၀တန်းအောင်စ အချိန်တုန်းက တရားစခန်းမှာ တရားထိုင် တရားမှတ် ယောဂီတွေရဲ့ ဝေယျာဝဇ္ဖ လုပ်ပေးရင်း အချိန်တွေကို တန်ဖိုးရှိရှိ ကုန်လွန်ခဲ့ဖူးသည်..။ 

       အဲဒီ အချိန်လေးတွေက စာရေးသူ ဘ၀အတွက် အမှတ်တရ တန်ဖိုးအရှိဆုံး အချိန်တွေပါပဲ..။ အရွယ်ရောက်လာတာနှင့်အမျှ အားလပ်တဲ့ အချိန်က နည်းနည်းလာတယ်..။ တရားမှတ်တဲ့ အချိန် သီးသန့်ကို မရ ရအောင် ဖန်တီးယူရသည်..။ မြင်၊ ကြား၊ထိတွေ့၊သွားလာ လှုပ်ရှားမှု မှန်သမျှ သတိကပ်နေရင်တော့ အဲဒါလည်း တရားအသိ တရားသတိနှင့် တရားမှတ်နေတယ်လို့ စာရေးသူ သတ်မှတ်သည်..။ 
        မျက်နှာသစ်သည့်အချိန်၊ ရေချိုးသည့်အချိန်၊ အကြောင်းတိုက်ဆိုင်သည့်အချိန်တွေဆို- တရားစခန်းမှာ ရွတ်လေ့ရွတ်ထရှိတဲ့ သံဝေဂကဗျာ အလင်္ကာလေးတွေကို မကြာခဏရွတ်ဆိုဖြစ်သည်..။ 
အဆုံးသတ်ကာရန်လေးများနှင့် အသံသာသာ ရွတ်ဆိုရတဲ့ သံဝေဂအလင်္ကာမှန်သမျှကို စာရေးသူ ကြိုက်နှစ်သက်သည်..။ ကိုယ်တိုင်လည်း ရေးဖြစ်သည်။ သူများရေးထားတဲ့ ကဗျာလေးတွေကိုလည်း နှစ်နှစ်ခြိုက်ခြိုက် အလွတ်ရအောင် ရွတ်ဆိုသည်..။ အဲဒီအထဲမှ သံဝေဂအလင်္ကာကဗျာလေး တစ်ပုဒ်ကို စာရေးသူ ဖတ်ခွင့်ရခဲ့သည်..။ အင်တာနက်စာမျက်နှာမှာ တင်ထားတာတွေ့ရပြီး မူရင်းရေးသားသူကို မတွေ့ရသော်လည်း ကဗျာ အမျိုးအစားကို သံဝေဂအလင်္ကာလို့သာ ဖော်ပြထားသည်ကို တွေ့ရသည်..။ထိုကဗျာလေးတွင် အာရုံအများအလိုက် သတိရှိဖို့ မြင်ရင် မြင်တဲ့အသိစိတ်၊ ကြားရင် ကြားတဲ့ အသိစိတ် သတိကပ် တရားမှတ်နည်းဖြင့် ငါအစွဲကို ပယ်ဖျောက်ဖို့ ရုပ်တရား နာမ်တရားကို ခွဲခြားသိပြီး သတိကပ် ဥာဏ်ယှဉ် နိုင်ရန် ရေးထားတဲ့ သံဝေဂအလင်္ကာပုံစံဖြစ်သည်..။ 
          ထိုကဗျာအလင်္ကာနှင့်အတူ စာရေးသူ နောက်မှ သိခွင့်ရသည်က- သံစဉ်သွင်း အသက်ဝင်လာသော ဓမ္မသံစဉ်လေးပင်..။ ကြားနာလိုက်တာနှင့် တရားအသိနှင့် သတိကို ညွန်းဆိုပြနေသည်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပေမည်..။

             မနက်ဖြန် ၀ါဆိုလပြည့်နေ့ကို ရည်ညွန်း၍ အသက်ဝင်လာသော မြန်မာကဗျာများ အောက်မှ ဒိဋ္ဌိအမှန်ရုပ်နှင့်နာမ် သံဝေဂအလင်္ကာ ဓမ္မသံစဉ်တေးလေးကို ဖော်ပြလိုက်ပါသည်..။ ထို
သံဝေဂအလင်္ကာကို တေးရေး ဆရာ မောင်မောင်လတ်မှ သံစဉ်သွင်းရေးထားပြီး အဆိုတော် တိုနီသစ်လွင်နှင့် စိမ်းလဲ့လဲ့ တို့မှ သီဆို ပူဇော်ထားခြင်းဖြစ်သည်..။ မူရင်းစာသားနှင့် တေးသီချင်းကို
ကဗျာချစ်သူများအတွက် ၀ါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့)အမှတ်တရ ရည်ညွန်း ဖော်ပြပေးလိုက်ပါသည်..။

                           တေးရေး-မောင်မောင်လတ်၊
                           တေးဆို- တိုနီသစ်လွင် စိမ်းလဲ့လဲ့။
မျက်စိ တံခါး ဖွင့်ထားခိုက်မှာ၊
အဆင်းရုပ်မျိုး ၀င်တိုးတိုက်လာ၊
မြင်သိစိတ်များ ဖြစ်ပွါးပျက်ရာ၊
ငါမြင်စွဲ ယူလွဲဒိဋ္ဌိပါ။

နားပေါက် တံခါးဖွင့်ထားခိုက်မှာ၊
အသံရုပ်မျိုး ၀င်တိုးတိုက်လာ၊
ကြားသိစိတ်များ ဖြစ်ပွါးပျက်ရာ၊
ငါကြားစွဲ ယူလွဲဒိဋ္ဌိပါ။

နှာခေါင်း တံခါးဖွင့်ထားခိုက်မှာ၊
အနံ့ရုပ်မျိုး ၀င်တိုးတိုက်လာ၊
နံသိစိတ်များ ဖြစ်ပွါးပျက်ရာ၊
ငါနံစွဲ ယူလွဲဒိဋ္ဌိပါ။

လျှာပေါက် တံခါးဖွင့်ထားခိုက်မှာ၊
ရသာရုပ်မျိုး ၀င်တိုးတိုက်လာ၊
စားသိစိတ်များ ဖြစ်ပွါးပျက်ရာ၊
ငါစားစွဲ ယူလွဲဒိဋ္ဌိပါ။

ကိုယ်ပေါက် တံခါးဖွင့်ထားခိုက်မှာ၊
အတွေ့ရုပ်မျိုး ၀င်တိုးတိုက်လာ၊
ထိသိစိတ်များ ဖြစ်ပွါးပျက်ရာ၊
ငါထိစွဲ ယူလွဲဒိဋ္ဌိပါ။

မနော တံခါးဖွင့်ထားခိုက်မှာ၊
အကြံရုပ်မျိုး ၀င်တိုးတိုက်လာ၊
ကြံသိစိတ်များ ဖြစ်ပွါးပျက်ရာ၊
ငါကြံစွဲ ယူလွဲဒိဋ္ဌိပါ။

ဖေါက်ပြန်ပြောင်းလဲကာတာက ရုပ်။
ကြံသိ ညွတ်တတ်တာက နာမ်။
ရုပ်နာမ် သိဆဲ ငါမဆွဲ
ကွာမြဲ ဒိဋ္ဌိမှန်။

မြင်တိုင်းမှာ သတိယှဉ်စမ်းပါ၊
မြင် မမြဲ သိဆဲ ဒိဋ္ဌိကွာ။

ကြားတိုင်းမှာ သတိယှဉ်စမ်းပါ၊
ကြား မမြဲ သိဆဲ ဒိဋ္ဌိကွာ။

နံတိုင်းမှာ သတိယှဉ်စမ်းပါ၊
နံ မမြဲ သိဆဲ ဒိဋ္ဌိကွာ။

စားတိုင်းမှာ သတိယှဉ်စမ်းပါ၊
စား မမြဲ သိဆဲ ဒိဋ္ဌိကွာ။

ထိတိုင်းမှာ သတိယှဉ်စမ်းပါ၊
ထိ မမြဲ သိဆဲ ဒိဋ္ဌိကွာ။

ကြံတိုင်းမှာ သတိယှဉ်စမ်းပါ၊
ကြံ မမြဲ သိဆဲ ဒိဋ္ဌိကွာ။

ဖေါက်ပြန်ပြောင်းလဲတာက ရုပ်။
ကြံသိ ညွတ်တတ် တာက နာမ်။
ရုပ်နာမ် သိဆဲ ငါမဆွဲ၊
ကွာမြဲ ဒိဋ္ဌိမှန်။

ကြံစည်စဉ်းစား အာရုံများ၊
လိုက်စားမပြုရာ။
အာရုံလိုက်စား ဒုက္ခပွါး၊
ရှည်လျား သံသရာ။

အာရုံမလိုက် သတိစိုက်၊
ဥာဏ်၌ ဆင်ခြင် နိဗ္ဗာန်ဝင်ရမှာ။

ထို သံဝေဂသံစဉ်လေးနှင့်အတူ ကဗျာချစ်သူတို့ တရားအသိ တရားသတိ စိတ်လေးတွေ ရရှိပိုင်ဆိုင်ဖို့အတွက် တရားထိုင် တရားမှတ်ချင်တဲ့ စိတ်လေးတွေ ပေါ်ပေါက်လာပါစေလို့ ဆန္ဒပြုပါသည်..။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၁-၇-၂၀၁၃) 



Wednesday, 26 June 2013

နှလုံးသားရဲ့ တောင်းဆိုမှု
















 နှလုံးသားချင်းသိ
အသည်းချင်းထိမှ
ရင်ခုန်မိတာပါ
အတင်းဆွဲ ငြိထားတဲ့ ကာရန် မဟုတ်..။

ကြင်နာလည်းပါ
ရင်ကလာ၍
အချစ်သွေးဖြာတာ
အတင်း ကာလာ ဆွဲခြယ်ထားတဲ့ ပန်းချီမဟုတ်..။

ရင်လွှာချင်းယှက်
ကြင်နာဖက်လျက်
မပျက်တသက်
အချစ်စစ်နှင့်
အသည်းနစ်အောင်
ချစ်ချင်တာက
ကဗျာ မဟုတ်
စာ မဟုတ်
ပန်းချီမဟုတ်
နှလုံးသား ရဲ့ တောင်းဆိုမှုသက်သက်ပါ..။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၆-၆-၂၀၁၃)






Sunday, 23 June 2013

နယုန်ဆန်းချိန်














နွေနှောင်းငယ် ရက်ကုန်
မိုးပုလဲပန်း ပွင့်စုံပြီ
ရနံ့ငယ် ကြည်ထုံသင်း
လမြတ်ငယ် နယုန်ခင်း။
ရဂုံတွင်းမှာလ
မာလာငုံ ရွက်လွှာလန်း
ယှက်ဖြာဆန်း ဖူးပွင့်ပုံ
ထူးတင့်ရုံ စံပယ် မြတ်လေးရယ်နှင့်
မပြတ် မွှေး  သင်းပျံ့ကြူကြူ
လေယူမှာ ညှာတံစိမ်းငယ်က
တောလုံးပတ်ယိမ်း...။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၃-၆-၂၀၁၃)
(နယုန်လပြည့် အမှတ်တရ)


Thursday, 30 May 2013

တတြာမဇ္ဈတ္တာကောင်းကင်အောက်က နှလုံးသား















အကြင်နာတွေ အလွှဲ အမှား
မိုးလား ..နွေလား မကွဲပြားတဲ့ရာသီအောက်မှာ 
အလွမ်းပန်းချီကားတွေပဲ..တသသ ဆေးခြယ်နေမိခဲ့တယ်..။
အခုတော့လည်း.......
တိမ်ဖြူမျှင် တစ်စစာမျှ ပေါ့ပါးလွန်းတဲ့ ရင်ခုန်သံမျိုးမှာ
အကြည့်တစ်ခုတည်းနှင့် ရင်တွင်း လှုပ်ရှားမှု အဖြစ်ပျက်ကို သိနေခဲ့တယ်...
မာယာကို ၀ှက်ဖဲ တစ်ချပ်လို  လိုသလို အသုံးချလို့မှ
တုန်လှုပ်အောင် မစွမ်းဆောင်နိုင်မှန်း သိရင်တော့
အစကတည်းက အဆုံးသတ်သင့်တဲ့ ပြဇာတ်တစ်ပုဒ်
ဒရမ္မာလို့သာ အကန့်အသတ် မရှိ ကြေကွဲ ထောက်ချောက် ထပ်ထပ်ချပေမယ့်
ပြကွက်က ဟာသ ဆန်လွန်းနေတယ်..
အတိတ်မှာ အချစ်တွေ စိမ်းစိမ်းစိုစို ပျိုးပေးခဲ့သမျှ
မြတ်နိုးခြင်း အရိပ်အယောင်လေး တစ်စက်မျှတောင် မသမ်းခဲ့တဲ့ အပြစ်
တန်ဖိုးထားခြင်း တွေ ချချ ကျွေးရမှာ ရှက်ကြောက်လေရဲ့
ရှောင်ခွာပြီးကာမှ ပြန် ရစ်နှောင်ဖို့ ခက်တယ်ဆိုတာ
သီအိုရီအရရော လက်တွေ့ပါ လက်ခံထားပြီးသား ပု စ္ဆာမှာ
အကြောင်းပြချက်တွေ ကျေနပ်အောင် မရှင်းပြနိုင်သေးဘူး...။
နှုတ်ခမ်းပေါ်မှာ အပြုံးငွေ့တွေ အတင်း ဖန်တီးနေပေမယ့်
မျက်ဝန်းထဲမှာ နှလုံးသားထဲက ရွာသွန်းနေတဲ့ နောင်တမျက်ရည်တွေ စုဖွဲ့နေတယ်..
သနားခြင်း အသင်္ချာ ...  ချစ်ခြင်း ကုဋေကုဋာ ပေးခဲ့ပြီးသား
ချစ်ကြည်မှု တွယ်ငြိမှု နာကျည်းမှုမဲ့တဲ့ ငြိမ်းချမ်းရေး ကောင်းကင်အောက်ရောက်မှ
ကရုဏာမိုးရေတစ်ပေါက်မျှ သွန်းဖြာဖို့ ဘယ်လိုပဲ တောင့်တ နေနေ
မလျော်ကန် မသင့်မြတ်တဲ့ အမုန်းတိမ်တိုက်လေးတမှုန်တောင် စ မပျိုးခဲ့ဘူး...။
တခါတရံ  ဘေးလေ ဖျန်းလို့ မင်းကို လွမ်းချင်လွမ်းပါစေ..။
အချစ်တွေ မိုးခေါင်လွန်းတဲ့ ရပ်ဝန်းကိုတော့ ကိုယ် မလှမ်းဝံ့တော့ပြီ..။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၃၀-၅-၂၀၁၃)


Monday, 27 May 2013

ပန်းပျိုးသူရဲ့ ဒဏ္ဍာရီ











ကိုယ့်ပျိုး ကိုယ်စိုက်
ကိုယ်စိတ်ကြိုက်
ကိုယ်ထိုက် ကိုယ်ဖန်
ကိုယ် မပန်လည်း
သဏ္ဍာန် သွင်ဆန်း
အကြင်ပန်းကား
ပွင့်လန်း ဝေသော်
မိုးကိုမျှော်လင့်
မိုးမြင့်တက်ရုံ
ကိုယ့်ရင်အုံကို
ခြေစုံတွန်းကန်
ဒဏ်ရာကျန်အောင်
အတန်တန် ဖျက်ခြွေ
ကိုယ့်အသည်းမြေကို
တော်လှန်လိုသည်။


ကိုယ်စိုက် ကိုယ့်ပန်း
ကိုယ်မနမ်းရက်လည်း
ပင်ထက် ရော်ရင့်
နေခြည်သင့်၍
လေပြေဆင့်က
ပွင့်ဖတ် ဆွတ်ကြေ
တစ်စစီခြွေမှ
နောင်တ တစ်လှေ
မျက်ရည်ဝေလျက်
ကိုယ့်အသည်းမြေမှာ
(တဖန်)ကြွေခ ရှာသည်။


ကိုယ်ပျိုး ကိုယ်စိုက်
ကိုယ်စိတ်ကြိုက်
ကိုယ်ထိုက် ကိုယ်ဖန်
ကိုယ် မပန်လည်း
ပင်ယံနေနေ
ကိုယ်မခြွေခဲ့
ပင်အောက်ရောက်ရောက် 
ကိုယ်မကောက်ချင်လည်း
အသင်ကြွေပန်း မြေထက်လမ်းမှာ
လှမ်းဆင့် နင်းချေ
မဖြစ်စေဖို့
ကောက်ငင် ရေဆေး 
သိမ်းထားပေးသည်
မွှေးရနံ့ ဝေေ၀ .. မဝေေ၀
ကိုယ့်အသည်းမြေမှာ 
(အစဉ်) အိပ်စက်စေသတည်း..။

 ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၇-၅-၂၀၁၃)

Saturday, 25 May 2013

ညောင်ခြေရင်း ရေစင်ခင်းချိန်












လုမ္ပနီ ရွှေအင်ကြင်း
ထုံကြည်ကြည် မြေတခွင်သင်းပါဘိ
ပြည့် ရနံ့ အဆင်း
မွှေးဖြာ ပျံ့ပျံ့သင်း။

 မြေကမ္ဘာ သာသနာလင်း
ဝေေ၀ဆာ သေချာ အမှောင်ခွင်းဖို့
ဗောဓိညောင်ခြေရင်း  
သွန်းဖြာ ရေစင်ခင်း။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၄-၅-၂၀၁၃)
                    

     (ကဆုန်လပြည့် ဗုဒ္ဓနေ့ အမှတ်တရ)