RSS
Monday, 7 April 2014
သာရီမြေမှ လူကျားပွဲ
  အမျိုးသာသနာစည်ဖို့
  တို့သာရီမြေမှာဖြင့်
  ရာသီနွေ တန်ခူးလမှာ
  မြူးမြူးကြွ နိုးလာ
  ရိုးရာတဲ့ လူကျားပွဲ
  တစ်နှစ်မှာ တစ်ခါနွှဲ
  မာန်မစွဲတဲ့ သဒ္ဓါက ကြည် ..။
  ဒေါင်း ဒေါင်း နီခြိမ့် ကြားရရင်
  ခေါင်းပေါင်းထိ ဆီလိမ့်ပါလို့
  ကိုယ်ဗလာကျင်းမှာဖြင့်
  ခါးလယ်မှာ ကြိုးကိုချည်
  တိုးမည် ဆုတ်တလီနှင့်
  ကျားပွဲ က ဟန်ချီ…။
  မာန်ဖီလို့ မူးနီစီးရင်
  အနီး မြင်သမျှ ကိုက်တတ်တာမို့
  အခိုက်အတန့် ဇောမာန်တက်ချိန်
ေ   လောဘန်ခွက်ရယ်နှင့်
  ဟန်ပျက်အောင် အတင်းရှူရစေသည်။
  အလှူ  မျှဝေဖို့ စိတ်သဏ္ဍာန်ရည်
  ဆုခံကာ ဖျော်ဖြေ က တယ်
  သာရီမြေတစ်ခွင်မှာဖြင့်
  ရာသီနွေ ပိတောက်ဖူးပွင့်ချိန်
  ထူးတင့်ကြ မျိုးမြန်မာအတွက်
  မြူးဝင့်ကာ တူယှဉ်နွှဲ
  ရိုးရာ တို့ကျားပွဲ..။
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၅-၄-၂၀၁၄)
( တစ်နှစ်မှာတစ်ကြိမ် ပြုလုပ်သော တနင်္သာရီမြေမှ ဒေသခေါ် ကုလားကျား (သို့မဟုတ်) လူကျားပွဲသို့အမှတ်တရကဗျာ။ကုလားဆိုတာက -ကရကျွန်း ထိုမှ ဒေသစကားဖြင့် ကရကျားအက ..ကလားကျားအကအသံဖြစ်သည်...။ဗုဒ္ဒဘာသာဝင်များက နှစ်သစ်အလှူတစ်ခုပြုနိုင်ရန် အလှူခံဖျော်ဖြေရာတွင် ကကြခြင်းဖြစ်သည်..။)
Wednesday, 26 March 2014
~~ ပဒပ်စာနှင့် ပန်း လန်ဒီးရှ်(Ландыш)~~ (နွေဦးသင်္ကေတကဗျာ)
မြေလွှာတိုးထွက်၊ငွားငွားစွက်မို့၊
ကွက်သစ်ပွင့်အာ ၊ပဒပ်စာမှာ၊
ဝေဆာဖူးငုံ၊သင်းပျံ့ထုံစွာ၊
ရဂုံမြေပြင်၊ရနံ့ဆင်၍၊
ကောင်းကင် ကိုမော့၊ နှင်းရည်ဆွတ်လျက်၊
တကျော့ တဖန်၊ ပွင့်လာပြန်ပြီ..၊
မြန်ပြေနွေဦး ရောက်လေပြီ..။
နှင်းငွေ့လက်ကျန်၊ ဆောင်းလှည့်ပြန်ချိန်
မြေယံသစ်ထူး၊ လန်ဒီးရှ်ဖူးတို့
ညွန့်ဦး မမော့၊ ရနံ့သွပ်၍
တကျော့တစ်ဖန်၊ ပွင့်လာပြန်ပြီ။
ရုရှားနွေဦး ရောက်လေပြီ..။
ပဒပ်စာပန်း၊လန်ဒီးရှ်ပန်းတို့
လန်းဆန်းပွင့်ချီ၊ အခါမီမို့
ရာသီလှည့်ပြောင်း၊အသစ်ဟောင်းလဲ
မပြောင်းရင်မှာ၊ လွမ်းစိတ်ဖြာသည်
ဌာနီပြည်ဝေး၊အကျွမ်းတမြေ ဆွေးဖို့ရည်
ရာသီနွေလေး၊အလွမ်းတစ်လှေ ပေးတော့မည်..။
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၁-၃-၂၀၁၄- မော်စကို နွေဦးရာသီ ပထမဆုံးနေ့ အမှတ်တရ)
Saturday, 22 March 2014
ရာသီစာ အလွမ်း (မယ်ဇလီဟင်း)
တမောင်းတချီ၊တပေါင်းကိုမှီ
မယ်ဇလီနုတို့ ဖူးသစ်ပြီ..။
ရွက်သစ်နုကို ၊ခရုငယ်နှော၊
ရောပြွန်းပိန္နဲစေ့၊ခံတွင်းတွေ့အောင်
ဓလေ့ရာသီ၊နင်းသာရီမှာ
အခါမီပြောင်း၊လတပေါင်းဝယ်
ဆေးပေါင်းလည်းခ၊ဘေးပေါင်းပဖို့
ချက်ကြအိုးကင်း၊မယ်ဇလီဟင်းကို၊
ယောက်ချိုဇွန်းတပ်၊ယပ်မခတ်ဘဲ၊
မတတ်သာ အဝေး ရောက်နေပေလည်း
အရပ်ဌာနေ အဆွေးတွေဝင့်လို့
မပြတ်သာ လွှေး သောက်ချင်နေမိသည်..။
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၁၅-၃-၂၀၁၄)
Monday, 17 February 2014
ပွင့်ပေါက်လဲနှင့် ထမနဲပွဲ
နှင်းမှုန်ငယ်ကျဲ
နှင်းခဲရယ် အရည်ပျော်
တစ်မျှော်တစ်ခေါ် ပွင့်ပေါက်လဲ
ခက်တံထက် ရဲ..။
ရာသီလပွဲ
ချွေးရွှဲအောင် တူပြိုင်နွှဲ
တပို့တွဲ နှင့် ထမနဲ
အားစိုက်မာန်ခဲ…။
 ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၇-၂-၂၀၁၄)
 (တပို့တွဲလ အမှတ်တရ)
Saturday, 18 January 2014
ပြာသိုလ သင်္ကေတ
ဆောင်းလပြာသို၊ပန်းခွာညိုတို့
နှင်းစို ဖြန့်ခင်း၊ရနံ့သင်း
ခင်းသည်လေ့…သင်းသည်လေ့..။
 ပွင့်ပန်းဝတ်ရည်၊ ချိုမြကြည်၍
သယ်ချီပျားစု၊ အိမ်အုံပြုသည်
စုသည်လေ့ …ပြုသည်လေ့..။
နက္ခတ်ဖုသျှ၊ လမကာရ
သော်တာယှဉ်ညွန်း၊ ထွက်ပေါ်ထွန်းသည်
ညွန်းသည်လေ့… ထွန်းသည်လေ့…။
ရဲစိတ်အားမာန်၊ ဇွဲစိတ်သန်ဖြင့်
ခုန်ကျော်မြင်းခင်း၊ သဘင်ကျင်းသည်
ခင်းသည်လေ့.. ကျင်းသည်လေ့…။
သည်လ သည်ခါ၊ ရာသီသာ၍
ပြာရီဖျော့ဖျော့၊ ဆောင်းလေသွတ်ချိန်
ကန်တော့မာတာ၊ ဂုဏ်ရှိန်လွှာကို
စိတ်မှာရည်ရွယ်၊ မေတ္တာကြွယ်သည်
ရွယ်သည်လေ့ …ကြွယ်သည်လေ့…။
      ရွှမ်းသိင်္ဃ(တနင်္သာရီ)
      ( ၁၈-၁-၂၀၁၄)
 (ပြာသိုလ အမှတ်တရကဗျာ)
Thursday, 2 January 2014
အိမ်အပြင်ဘက်က နှစ်သစ်ကူးည
 အချိန်ကို လေယာဉ်လုပ်
 အတွေးစိတ်ကူးတအုပ်ကို အဖော်ပြုပြီး
 သက္ကရာဇ်တွေ နောက်ပြန်ဆုတ်ချင်တယ်..။
 လုပ်သင့်တာတွေ လုပ်ဖို့
 လုပ်ချင်တာတွေ လုပ်ဖို့
 နောင်တတရားတွေ ခါးမှာချိတ်လို့
 အမှားဆိုတာ မရှိရလေအောင်
 အသိကို သတိလေး ထည့်ထည့်ကျွေးရင်း
 နုနုရွရွ လူ့ဘ၀လေးကို ပြန်ဆေးခြယ်ချင်တယ်..။
တစ်နှစ်ပြီးတစ်နှစ်
ဂဏန်းလေးတွေ ချိန်းသွားကြတာ
သိပ်မသိသာလိုက်ဘူး..။
ဇရာလက်ဆောင် တဲ့
မှန်ကြည့်မိတိုင်း
ဆံပင်ဖြူတွေ ထိုးထောင် ထိုးထောင်နှင့်
လျစ်လျူရှုထားတဲ့ ကဗျာတစ်ပုဒ်ကို
ဘာသာပြန်ပြနေတယ်...။
အဓိပ္ပာယ်ရှိတဲ့ နေ့ရက်တွေ
အဓိပ္ပာယ်မဲ့နေတဲ့ နေ့ရက်တွေ
အလွမ်းတွေ.. အဆွေးတစ်လှေ...
ပြေးရင်း လွှားရင်းနှင့် မျှော်လင့်ချက်တွေပဲ
ခြေရာခံ လိုက်ရှာနေမိတယ်...။
 တစ်ချိန်..
 နောက်တစ်နှစ်...
 နောက်တစ်နှစ်..
 သေချာ မရေရာတဲ့ အနာဂတ်တွေအတွက်
 ခန္ဒာကို ချချကျွေးရင်း
 အဆုံးမရှိမှန်းသိရက်နှင့်
 အလျားလိုက်ကူးခတ်လျက်
 ရေစုန် ရေဆန် လေထန်ချင်ထန်
 မုန်တိုင်းရှိမှန်းသိနေတာတောင် ကမ်းမကပ်နိုင်သေးတဲ့အဖြစ်မျိုးနှင့်
 ဘယ်လောက်ထိ သရုပ်ဆောင်ရမယ်မှန်းမသိတဲ့
 ခပ်ငန်ငန် တေးတစ်ပုဒ်ကို
 ရူးရူးမူးမူး သီကြွေးခဲ့တာ
 အခုဆို နှစ်သစ်တကြိမ်ကူးပြန်ပြီကိုး..။
 အိမ်ပြင်ဘက်ကို ထွက်ပြေးရင်း
 အိမ် ကို လွမ်းလွမ်းမိနေတယ်..။
 လက်ကျန်  သိက္ခာ တွေ သွန်းလောင်းထားတဲ့ မာနကို လျော့အောင်
 တစ်စက်ချင်း သွန်ချပစ်ဖို့ စိတ်ကူးထားတယ်။
 အိမ်ထဲကို ပြန်ဝင်ဖို့ အားအင်တွေ မွေးရမယ်
 အခုလောလောဆယ်တော့
 နှစ်သစ်နေရောင်ခြည်ရဲ့ အနွေးဓာတ်ကို ရယူဖို့
 ဒီတစ်ညတော့ အိမ်အပြင်မှာ ရှိနေဦးမယ်..။
    ရွှမ်းသိင်္ဃ (တနင်္သာရီ)
        (၁-၁-၂၀၁၄)
 (နှစ်သစ်ကူးည အမှတ်တရကဗျာ)
နှစ်သစ်ဟိုက်ကုကဗျာလေးများ
(၁) ရွှေရည်သွန်းကာချ
      ဝေကြည်ရွှန်းမြ နှစ်ကူးမို့
      အချစ်ဦးသို့...လွမ်း..။ (၂၀၀၇- တောဝက်နှစ်)
(၂) ဆောင်းလေညှင်းသွဲ့သွဲ့
     နှင်းတဖွဲ့ဖွဲ့  ပွင့်ဝေစည်
     နှစ်သစ်ကူးလေပြီ..။  ( ၂၀၀၈- ကြွက်နှစ်)
 (၃) ဟောင်းနွမ်းရွက်ဝါကြွေ
     ဆောင်းပန်းပွင့်လွှာ ဖူးစည်ဝေ
     နှစ်သစ်ကူးပြီလေ...။ (၂၀၀၉- နွားနှစ်)
   (၄) ဆောင်းဟေမာန် တကျော့
       မြောက်ပြန်လေနှင့် ရွက်ကြွေတော့
       နှစ်သစ်ကူးပြီပေါ့..။ (၂၀၁၀- ကျားနှစ်)
     ရွှမ်းသိင်္ဃ (တနင်္သာရီ)
  (နှစ်အလိုက် ဆုရကဗျာများကို အမှတ်တရ ဖော်ပြခြင်းဖြစ်ပြီး ကြွက်နှစ်အတွက် ကဗျာမူရင်းကိုမူ မမှတ်မိတော့ပါ..။)