RSS

Saturday, 12 July 2014

ဝါ၀င်ရင်ဖြင့်













ဝါ၀င်ရင်ဖြင့်
အာကာပြင်မှာ
တိမ်စဉ်တွေ အမဲဆင်ဖုံး
မိုးလုံးပတ်ချုန်း..။

ဝါ၀င်ရင်ဖြင့်
ယာခွင်ဝင်လို့
ပျိုးပင်တွေ ပြင်ဆင်သုံး
စိမ်းရောင်ခြယ်မှုန်း..။

ဝါ၀င်ရင်ဖြင့်
ရွာပြင်မှာ ရေကြီး
တူယှဉ်ပြိုင် လှေတွေစီး
ခူးဆွတ် သပြေသီး…။

ဝါ၀င်ရင်ဖြင့်
ရွာစဉ်မှာ အလှူမစဲ
ခြိမ့်ခြိမ့်သဲ ဆိုင်းဗုံတီး
ထမင်းရေ ချောင်းစီး..။

    ရွှမ်းသိင်္ဃ(တနင်္သာရီ)
    (၁၁-၇-၂၀၁၄)
   (၀ါဆိုလပြည့်နေ့ အမှတ်တရ ကဗျာ)

Thursday, 10 July 2014

နယုန်လ သင်္ကေတများ













မိုးပေါက်ငယ်သေး၊ လေပြေသွေး၍
စံပယ်ဖြူဖွေး၊ မြက်သားမွေးသည်
ဖွေးသည်လေ့ - မွေးသည်လေ့။

 နွေနှောင်းနွေကုန်၊လနယုန်မို့
ရဂုံစိမ်းလန်း၊ပွင့်စုံဆန်းပြီ
လန်းသည်လေ့- ဆန်းသည်လေ့။

မိုးထက်အာကာ၊ ကြယ်ဇေဌာနှင့်
တိမ်လွှာလွှမ်းစွင့်၊ စန္ဒာ တင့်သည်
စွင့်သည်လေ့- တင့်သည်လေ့။

ရာသီမေထုန်၊ လနယုန်ဝယ်
သင်းထုံဖြန့်ခင်း၊ရနံ့ထင်း၍
သစ်မင်းဝါးရုံ၊ မြတ်လေးခြုံလျက်
ဖူးငုံပွင့်အန်၊ ပန်းစုံရံချိန်
စာပြန်တော်ကျင်း၊ တူပြိုင်ခင်းသည်
ကျင်းသည်လေ့- ခင်းသည်လေ့။

     ရွှမ်းသိင်္ဃ (တနင်္သာရီ)
     (နယုန်လပြည့်နေ့အမှတ်တရ)
        (၁၂-၅-၂၀၁၄)

Saturday, 14 June 2014

သစ်လွင်နေဆဲ အဖေ့အပြုံး

















ဇရာကို အန်တုလို့
မာန်ပြုလျက် အဖေ။

မိသားစုဘ၀အတွက်ဆို
ချွေးစက်တွေနှင့် ပေးဆက်
အပြုံးမပျက်တဲ့ အဖေ…။

သားသမီးအတွက်ဆို
အဖေ့လက်တွေ ကြမ်းပါစေ
အနမ်းပွင့်ခြွေလို့
လမ်းဖွင့်ပေးတဲ့ အဖေ..။

အခုအချိန်ထိ..
ဆံဖြူသွားကျိုး
မလျော့ မရိုး
ချစ်တွေတိုးလို့
ချစ်နေမြဲလေ …ချစ်ဆဲ အဖေ..။
 
ကမ္ဘာပျက်သုဉ်း
မိုးမြေဆုံးလည်း
သားနှလုံးသားဝယ်
အပြုံးတကာ့အပြုံး..
အဖေ့ပြုံးသည်သာ
အလှဆုံးမို့
ချစ်ထုံးမပြယ်ချင်
အစဉ်သစ်လွင်လို့
ချစ်ပင်မြဲဝေ ချစ်မြဲအဖေ..။

               ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၀၁၄-ဇွန်လ ၁၅ရက် အဖေများနေ့ကို ကြိုဆို ဂုဏ်ပြုသည်..။)
ကျနော်ချစ်သော အဖ နှင့်အတူ ကမ္ဘာမှာရှိသော အဖေများအားလုံး ကာယစိတ္တ သုခနှစ်ဖြာ ပြီးပြည့်စုံပြီး နိဗာန်ကို မျက်မှောက်ပြု နိုင်မယ့် တရားထူး တရားမြတ်များကို ရှာဖွေသိရှိပြီး ဘ၀တွေ ချမ်းမြေ့ ပျော်ရွှင်ကြပါစေ...။)

 အဖေသီချင်း (ထူးအိမ်သင်)



 

Thursday, 22 May 2014

လရောင် အနမ်း



တနယ်ဆီခြား 
ဝေးကွာငြားလည်း 
စကားသက်သေ 
လွမ်းတွေစေ၍ 
ချစ်တွေလည်းဝေ 
အနမ်းခြွေလျက်
 “ရွှေလ”တမန်၊ 
ကြားက ခံကာ
 တရံတခါ၊
ငါ နင့်လွမ်းရင် 
လရောင်ကို မှန်း နမ်းလိုက်မှာ..။ 
တရံတခါ၊
နင် ငါလွမ်းရင် 
လရောင်ကို လှမ်း နမ်းလိုက်ပါ..။

 ရွှမ်းသိင်္ဃ(တနင်္သာရီ)
 (၂၀-၅-၂၀၁၄)
 

ကဆုန် ဖူးစာ














ဆေးသားရောင်စုံ
တိမ်ရောင်မှုန် ခြယ်သလို့
အလှပေါင်း စုပြုံ..။

နွေရက်ကယ်ကြုံ
အင်ကြင်းငုံ လန်းဖြာလို့
သင်းပျံ့ပျံ့မွှေးထုံ။

"ဖွား" "ပွင့်" " ဟော" "စံ" ပုံ
စိတ်အာရုံ ရည်မှန်းစို့
လမြတ်ငယ် ကဆုန်။


တစ်နှစ်မှာ ကြုံ
မေတ္တာခြုံ  သူနှင့်ဆုံသမို့
ရွှေရင်ဆတ်ဆတ်ခုန်..။

သာသနာမှာ ကြုံ
ကဆုန်မှာ ရင်ခုန်ရသမို့
အတူဆုံ ဂဟေဆက်ဖို့
အပူဘုံ လေသက်ပါစေ
ရာသီမပျက် ပါရမီစွက်လို့
ဆယ်သက်မက ချစ်တွေမြဲ
ကမ်း ရွှေလက်တွဲ..။

  ရွှမ်းသိင်္ဃ(တနင်္သာရီ)
  (ကဆုန်လ ကဗျာ)
  (၂၀-၅-၂၀၁၄) 

Saturday, 26 April 2014

နွေအလွမ်း















ပန်းပွင့်ခိုင် မေဘယ်လ်တို့
ဧပရယ်မို့ ဖူးပွင့်ချီ
ရွက်နုငယ်စည်
ချယ်ရီပန်းတွေ ပြည်ထောင်တင့်လျှမ်း
တနယ်စီစခန်းမြေ ဒီမောင်ဖြင့် မှန်း
ကွက်ဆန်းငယ် နွေလေဆမ်းရင်
(ကျွန်ုပ် ရွှမ်းမှာလေဗျ..)
အလွမ်းစိတ်ငယ် ကြမ်း…။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၆-၄-၂၀၁၄)

(မော်စကို မြေ နွေဦး အမှတ်တရ)

Tuesday, 22 April 2014

တန်ခူးရာသီ သင်္ကေတ













တစ်တောလုံးရယ်သာ
တစ်တောင်လုံးရယ်သင်း
လန်းဖြာဝင်း မွှေးပျံ့ချီ
ရနံ့ငယ် အီ..လှကျော့ရှင်း
ပန်းမြတ် စကားဝါမင်း ..။

 ရာသီမှာ စာပန်းချီသပါလို့
အညှာဆီမှာ လက်တံစိမ်းနှင့်
ခက်ယံမှာ အ၀ါရောင်တောက်တယ်
ပန်းပိတောက်လည်း ၀င်း။

စိမ်းရင့်ရင့်  ခက်ရယ်စို
ပင်ပျိုမှာ ရွက်သစ်တစ်သိန်းနှင့်
 မှိန်းပွင့်ကာ ခူးသူမျှော်တယ်
ပန်းမြတ်ကံ့ကော် သင်း..။

လတန်ခူးရဲ့ သင်္ကေတ
မြင်လေသမျှ အလှယဉ်ဆင့်
အစဉ်မပျက် ပွင့်ရှာကြတယ်
ပန်း ငုဝါ လည်း လင်း..။

မိဿ     ငယ်နှင့် ယှဉ်
စိတြမှာ ဘုရင်ဖြစ်တဲ့လ
ကောင်းကင်တခွင် ကြယ်ရောင်ပန်းတွေနှင့်
နက္ခတ်သဘင်လည်း ခင်း။

သည်လမြတ် သည်လ မွန်
အဆွေတော် အဖော်တသင်းနှင့်
ရေတော်ပွဲ တူယှဉ် ကျင်းပ
အပြိုင်အဆိုင် လှ အဆင်း။

 ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၆-၄-၂၀၁၄)
(သင်္ကြန်အမှတ်တရ)