RSS

Friday, 22 April 2011

အိပ်မက် မမက်တာ ကြာရော့ထင့်



လမင်းက တရိပ်ရိပ်
ကြယ်တာရာ တ မှိတ် မှိတ်မှာ
စိတ်မှာတော့ ကြိတ် တိုး
ထိပ်ကို ထထထိုးလိုက်ချင်ပါဘိ
မြင်ကာကြည့်ကြတော့ ဆွေသဟာရယ်
မြေကမ္ဘာမှာ ကျနော်လောက် စိတ်ညစ်ညစ်နှင့်
အိပ်ပျက်ကြတာ များရပါလိမ့်
ပြောပြရင်လည်း ဒေါပွစရာတွေ ဖြစ်ရော့မယ်
ဒေါသကို သိက္ခာနှင့်ထိန်း
ညစဉ်ညစဉ် ဆူညံသံ တဒိန်းဒိန်းမှာ
(ကျုပ်မှာလေ)မှိန်းကာ စိတ်ညစ်ရသည်...
အိပ်မက်ဗလာရယ်နှင့်
အိပ်ပျက်ညလည်း များချေပြီ...။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၂-၄-၂၀၁၁)

Wednesday, 20 April 2011

မမ အပျိုကြီး သို့.....



အဖော်မငြီးပါတဲ့
သြော်-တကိုယ်တည်းပါကွဲ့
အပျိုကီးမမရယ်
စာမရလက်ပိုက်
တချက်ရိုက်ခံရမယ့်ဘ၀မှာ
စိမ်းပြာဝါနီလူစုံထဲမှ
တပင်တိုင်ကရယ်နှင့်
ယှဉ်ပြိုင်လည်း မက၀ံ့ရဲတော့
နဲသလေး မဲသလေး ရဲလေး ရွေးလို့ရွေး
အသဲလေး ပဲပေးတော့
ဘဲဝေး ရပြန်ပြီမို့
(ဒီတခါတော့လည်း)
အိနြေ္ဒကိုသိမ်း
ထိန်းကာသာစာစီလိုက်တော့လေ
ဖိတ်စာမှာ တခြမ်းသာပိုင်တာမို့
လည်ငိုင်ကာ အထီးကျန်ပေမယ့်
အကျည်းတန်တာတော့မဟုတ်ပါ
ဂုဏ်သိက္ခာအလွှာခြားပြီမို့
စိတ်မှာ တရား ဖြစ်ပျက်မှတ်လို့
ဖိတ်စာကိုအသာသိမ်းထားလိုက်တော့ကွဲ့
မိတ်သဟာ ရွေးချယ် မတော်ပါတော့
လေးဆယ် မကျော် တကျော်မှာလေ
ကြိတ်ကာသာ အချစ်ပိုးထကြွ
အလိုမပြီးပါတဲ့
သြော်-အပျိုကြီး.ဘ၀။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၀ - ၄ -၂၀၁၁)
( သူငယ်ချင်း အပျိုကြီး ဆရာမ သို့ ...အမှတ်တရ)

Thursday, 14 April 2011

အသက်ဝင်လာသော မြန်မာကဗျာ(၉)- (မုန့်လုံးစက္ကူကပ်)













အမိမြန်ပြည်မှာ အခုအချိန်အခါကတော့ နွေသရုပ်ကို ပိုပေါ်လွင်စေတဲ့ အခါသာမယပေါ.။ နွေအပူရှိန်ကို အန်တု အခါတော်မီ ပွင့်ဖူးလာတဲ့ နွေဦးပရစ်ဖူးတွေက အခက်အလက်တွေမှာ နုနုရွရွနှင့် ထွက်ပြူကြ..။ မိုးရေ တဖြောက် နှစ်ဖြောက် ဖျန်းလိုက်တာနှင့် ဖလန်း ဖလန်း ထ ပွင့်ရှာကြတဲ့ သင်္ကြန်အမီ ပိတောက်ပန်းတွေက ၀ါဝါထိန်ထိန်နှင့် တကယ့်ကို ကြည်နူးဆွတ်ပျံ့ဖွယ် သင်းထုံနေပေပြီ..။ ရာသီခွင်အားဖြင့် မိဿရာသီခွင် ဆိုတော့ မြင်မြင်သမျှ ရှုတိုင်းလှပေသည်..။ နွေဦးမှာ ဆော်မြူးတဲ့ နွေဦးလေညှင်းတဝှေ့မှာတော့ တကယ်ကို စိတ်တွေလန်းဆန်းတက်ကြွစေသလို အနောက်ကလိုက်ပါလာတဲ့ ဖုန်သရိုက်တွေကြောင့်လည်း နည်းနည်းတော့ စိတ်နွမ်းရသည်..။စိတ်မှာ လွမ်းမောအောင် ဖန်တီးနိုင်စွမ်းတာက တသြတည်း သြ နေတဲ့ ဥသြငှက်လေးတွေရဲ့ အသံပါပဲ..။သို့ပြင်တည်းမဟုတ်..ကျေးလက်မြို့ပြမကျန် သင်္ကြန်ဒိုးသံက တူးပို့တူးပို့နှင့် ရာသီနှင့်အလိုက် မြူးကြွကချင်စရာ နွေဦးသင်္ကြန်သရုပ်ကို လှစ်ဟနေသည်ပဲလေ..။
ကဲ..ဘာလိုလိုနှင့် ဒီနေ့… သင်္ကြန်အကျနေ့တဲ့..။ မြန်မာပြည်သင်္ကြန်နှင့် ဝေးကွာခဲ့ရတာ ၃နှစ်တောင်ရှိခဲ့ရောပေါ့..။ ဒီနှစ် သင်္ကြန်မင်းက ရေချမ်းအိုးကိုပိုက် သိန္ဒောမြင်းလျက် လူပြည့်ကို အလည်လာမယ်တော့ သိရတယ်..။ အတာသင့်တဲ့ သူတွေက အတာစာကျွေး ဦးခေါင်းဆေးမင်္ဂလာပြုကြ အလှူလုပ်ကြရတာ ဓလေ့တစ်ခုပဲလေ..။ အတာစာဟု ဆိုလိုက်တာနှင့် သင်္ကြန်ထမင်း၊ ရွှေရင်အေး၊ သာကူ၊ မုန့်လက်ဆောင်း(မုန့်ဖားလောင်း)၊ မုန်းလုံးရေပေါ်တို့ကို မြင်ယောင်ကြမှာပါလေ..။ အဲဒီထဲမှာမှ - မုန့်လုံးရေပေါ်က တကယ့်ကို သင်္ကြန်ပုံရိပ် သင်္ကြန်ကဗျာနှင့် ကင်းလွတ်၍ မရသော သင်္ကြန် အစားစာပါပဲ..။ ဆန်နှင့် အဓိကလုပ်ပြီး ဒေသအလိုက် မုန့်လုံးထဲ ထန်းလျက် ၊ ကြံသကာထည့်လုံးကြသည်..။ရေပေါ်လာတဲ့ မုန့်လုံးကိုမှ အုန်းသီးနှင့် အပေါ်ကဖြူးစားကြသည်..။ တချို့ဒေသမှာက မုန့်လုံးထဲ အုန်းသီးသကြားကျိုကိုထည့်ပြီး ရေပေါ်လာတဲ့မုန့်လုံးကြီးကို ကျိုထားတဲ့ အုန်းနို့နှင့် စားကြသည်လေ..။ဒါကတော့ တကယ့်ရှယ် ပါ..။ တခါတလေတော့လေး သူငယ်ချင်းတွေ နောက်ပြောင်ကျီစယ်လိုသဖြင့် ငရုတ်သီးထည့်လုံးတာလည်း ရှိသည်လေ..။
စကားတွေကြောင်းနေရင်းက စာကတော်တော်များနေပြီ..။ စာရေးသူ အဓိကရေးချင်တာက သင်္ကြန်နှင့်ဆက်စပ်ပြီး ဓလေ့တစ်ခုအသွင် သင်္ကြန်အစားစာဖြစ်တဲ့ မုန့်လုံးရေပေါ်နှင့် ပတ်သက်တဲ့ကဗျာလေးကို သံစဉ်သွင်းထားတဲ့ သင်္ကြန်သီချင်းလေးကို ဖော်ပြချင်တဲ့ သဘောပါ..။ မူလကဗျာကတော့ စာရေးသူတို့ ငယ်စဉ်ကတည်းက သိပြီးသားဖြစ်သော မုန့်လုံးစက္ကူကပ် ကဗျာလေးပါ..။ အခုနောက်ပိုင်းတွင် ဆရာဦးသော်ဇင် စုဆောင်းလေ့လာထားတဲ့ ကျေးလက်တောရွာ တေးကဗျာထဲတွင် ထပ်ဆင့်လေ့လာနိုင်သည်လေ..။ တော်ဝင် နန်းမထိုက်တဲ့ ကဗျာ မဟုတ်ပေမယ့်လည်း ကျေးလက်သဘာဝ စရိုက်လေးတွေ ထုံမွှန်းနေသည့် ကဗျာလေးဖြစ်သည်မို့ ဘယ်အချိန်ချိန်ရွတ်ရွတ် ဘယ်အချိန်ဆိုဆို တကယ့်ကို ပျော်ရွှင်ကြည်နူးမှုပေးစွမ်းသည်မို့ ..ကဗျာလေးနှင့်အတူ ကဗျာသံစဉ်သွင်းဆို အစပျိုးထားတဲ့ မုန့်လုံးစက္ကူကပ် သီချင်းလေးကို သင်္ကြန်အမှတ်တရအနေဖြင့် ဖော်ပြပေးလိုက်ပါသည်..။(တချို့ကလည်း သံသရာလည်ပုံတို့ လုံးချာပတ်လည် နေတာတို့ကို မုန့်လုံးစက္ကူကပ်သည့်သဘောနှင့်ခိုင်းနှိုင်းပြောဆိုလေ့ရှိသည်ကို မကြာခဏ ကြားဖူးသည်...။)

ကဲကဗျာလေးကို ပြန်လည်ခံစားရင်း ခလေးဘ၀ သင်္ကြန်ကိုပြန်လည်တမ်းတ အလွမ်းပြေကြစို့ရဲ့..။

မုန့်လုံးကို စက္ကူကပ်ပါလို့၊ ကြာကလပ်နဲ့ ဆွမ်းတော်တင်၊ ပလ္လင်ပေါ်ကမျောက်ကလေး၊ ဆင်းတဲ့လို့ပြေး၊ ဂျာအေး။
ဂျာအေးကို သူ့အမေရိုက်ပါလို့၊ မှောင်မိုက်မှာငို။ ကိုလူပျိုထရံပေါက်က၊ ခြေထောက်ကိုဆွဲ…တွဲလွဲ။
တွဲလွဲရယ်နေပါဦး၊ မိုးတောင်ကချုန်း၊ မုန့်လုံး။ ……….၊



ဂရေဟမ်ဆိုထားသော မုန့်လုံးစက္ကူကပ် သင်္ကြန်သီချင်း




ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၀၁၁ သင်္ကြန်အကျနေ့ အမှတ်တရ)

(ကဗျာချစ်သူတို့ အားလုံး နှစ်သစ်မှာ ပျော်ရွှင်ကြည်နူး အောင်မြင်မှုတွေ အဆက်ဆက် ဆွတ်ခူးနိုင်ပါစေ…။)

Wednesday, 13 April 2011

မြူးကြွစိတ်ထိန်း တရားနှင့် မှိန်းတော့မယ့် သင်္ကြန်



အစဉ်အလာမပျက်ပါဘူး
သြော်..ရင်မှာ နှစ်သစ်..
ခေတ်အဆက်ဆက် အသစ်သစ်ထွန်း
စာကဗျာတွေလည်း မပျက်မကွက်ညွန်းလာမိ
ဘ၀င်မှာမချိနိုင်ဘူး
ရင်လွှာမှာ တွယ်ငြိ
မင်္ဂလာရှိပါတဲ့ အို ချစ်သောနှစ်သစ်ငယ်..။
အပြစ်မပြောရက်လေတော့
တစ်နှစ်မှာ တစ်ရက်ပွင့်
တရက်ပဲတင့်ခွင့်ရတဲ့ ပိတောက် တခက်နှယ်
တယောက် တသက်ချစ်မယ်စိတ်ကူး
သိပ်မြူးလို့ သိပ်ရူးခဲ့ရတဲ့ ဖြစ်ခဲ့ဖူးတော့
(ဒီနှစ်တော့ကွယ်) စိတ်ကူးနှင့် မြူးရမယ့် သင်္ကြန်ရယ်
ထူးပလို့ ရူးမထနိုင်တော့လည်း
မြူးကြွလာစိတ်မဟာကို ထိန်း
ရိပ်သာမှာ တရားနှင့်မှိန်းရအောင်ရည်
သိမ်းယာမကာ ပုလင်းကို ခွဲ
မိန်းမငယ် အတင်းဆွဲရင်တောင်
လှည့်ပြင်ယောင် မကြည်တော့ဘု
ရည်သန်စိတ် ပြင်းရယ်နှင့်
ဒီသင်္ကြန်တော့ကွယ်..အတင်း ရုန်းပြီး
ဘုန်းကြီးပဲ ၀တ်တော့မည်..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၀၁၁-သင်္ကြန်အကြိုရက် အမှတ်တရ)

Saturday, 9 April 2011

သင်္ကြန်အလွမ်း





နွေဦးဂိမာန်တကွေ့ရောက်ပေါ့
လေရူးအချိန်တန်ဝှေ့နေရစ်လေ
မြေသက်ကြွေ ရော်ဝါရွက်တို့
အခါခါလှစ်ပါ လို့
ပင်ယံမြင့် ရွက်နုသစ်ဝေ
သင်္ခါရသဘောပေမို့
မြင်ပါရ မနော မကျနိုင်ဘူး
အလှပြိုင်ဖူးကြ နွေပန်းပွင့်တွေ
လျှမ်းတင့်ဝေ ရွှမ်းတို့မြေမှာလ
ဖျန်းပက်ရေ သင်္ကြန်ပွဲတော်ကို
အဖန်ဖန်နွှဲပျော်ခဲ့ရပုံမှာလေ
ရေစင်အေးအေးရယ်နှင့်
ရွှေဘ၀င်အတွေး-ဆွေးမိသည်က
အို....၀ါရွှေပိတောက်ပန်းတို့ရယ်
အခါနွေလ နှစ်သစ်တခါဆန်းပြန်ပြီမို့
ဆွေးမပြေ မော်စကိုနန်းမှသည်
ဝေးတမြေ မြန်ပြည်(ပြေ) စခန်းသို့
တမ်းတမိပြီလေ.....
(သြော်ကွယ့်)..ရွှမ်း.... မှန်းဆလို့ ....လွမ်း...။


ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၁၀-၄-၂၀၁၁)

လွမ်းမိပြန်ပြီ ချစ်မြန်ပြည်



တိမ်လွှာမို့မောက် ၊တဖြောက်ဖြောက်နှင့်
ဗွက်ပေါက်အောင်မျိုး၊လမ်းတွေဆိုးလိမ့်
နှင်းမိုးကရွာ၊ ထီးမပါတော့
စွယ်တာဦးထုပ်၊အမြန်ထုတ်ရုံ
မလုံတလုံ ဆံစပုံထွက်
အတွေးနှယ်ယှက်ကာ
လွမ်းမိပြန်သည် မြန်မာပြည်။

သို့ပင်သည်ခါ၊မြန်ပြည်မှာကား
ရာသီမိဿ၊ကြယ်စိတြလင်း
ရွက်ဟောင်းကကြွေ၊ညွန့်ဖူးဝေသမို့
နွေဦးဂိမာန်၊ခါတော်သင်္ကြန်ဝယ်
ပိတောက်လည်းခူး၊ ပျော်ရွှင်မြူးရက်ကို
စိတ်ကူးနှင့်ရေး၊ပြန်ပြောင်းတွေးမိတော့သည်..။

သို့နှယ်သို့ခါ၊ နွေအခါလို့
ဆိုပါသော်လည်း၊ နှင်းမစဲမို့
တွဲလဲတွဲခို၊ နှင်းပွင့်ပျိုနှင့်
အပင်အိုထက်၊ တွယ်ကာဆက်နေ
ပန်းသို့ဝေစို၊ မော်စကိုမြေ၀ယ်
အသွယ်သွယ်ငေး
ကြိမ်ကြိမ်ဆွေးငို
ရင်မှာထားသို
လွမ်းစိတ်ပိုပြီ..ချစ်မြန်ပြည်..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၉-၄-၂၀၁၁)
( နှင်းမိုးတွေရွာသော နွေဦးပေါက်ရာသီနေ့ အမှတ်တရ)

အိမ်ပြန်ချိန်သို့ ...လွမ်း



ပြက္ခဒိန်အရတော့ နွေဦးပေါက်ရာသီလို့သာ သိရတယ်..
အပူချိန် သုညအောက် ရောက်နေတယ်
နှင်းက မိုးလို တဖွဲဖွဲနှင့်ရယ်
လမ်းတလျှောက် ဗွက်ပေါက်တဲ့ မြို့ကြီး
နာလန်ထစ ဆောင်းသစ်ပင်ပျိုတို့လည်း
နှင်းပွင့်နှင်းခက်နှင့် တွဲလဲခိုလို့
တောင်ပိုင်းက ပျံလာတဲ့ ဆောင်းခိုငှက်တွေတောင်
မိုးစိုလို့ ငိုမဲ့ ငိုမဲ့ ဖြစ်ချေပြီ..။
နွေက ဆောင်း လား
ဆောင်းက နွေလား
နွေက မိုးလား ...ခန့်မှန်းလို့တော့ မရ
တိမ်တွေက တနိမ့်နိမ့်ပြိုကျ
နွေဦးပေါက် နှင်းမိုးတွေကျဲဖြန့်ခင်း
လက်ကျန်နှင်းခဲကို နှင်းမိုးက ဖျော်လိုက်တဲ့သဘော
သေချာသိလိုက်တာကတော့
မနက်ဖြန် နေသာမယ်
ရေဆာရင် သောက်ဖို့ ရေဗူးထည့်ရမယ်..။
အိုက်စပ်အိုက်စပ် သံစဉ်ကြားလာရင်
အထုတ်တွေပြင်
လက်ဆောင်တသီကြီးနှင့်
ပြန်နေကြ ကျောင်းပိတ်အိမ်ပြန်ချိန်ကို လွမ်းတယ်..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၉-၄-၂၀၁၁)