RSS

Saturday, 31 December 2011

နှစ်သစ်စိတ်ကူး














နှစ်သစ်မှာ……
လေမှာ လွှင့်ပြေး
တိမ်လွှာလေးလည်း ဖြစ်ချင်တယ်..။

နှစ်သစ်မှာ……
ဖြူစင်ပြစ်ကင်း
မြူမှုန်နှင်းလေး ဖြစ်ချင်တယ်..။

နှစ်သစ်မှာ……
စိုပြည်စိမ်းလန်း
သစ်တောတန်းလေး ဖြစ်ချင်တယ်..။

နှစ်သစ်မှာ……
သီးပင်ဝေလင်း
ရွာစိုက်ခင်းလေး ဖြစ်ချင်တယ်…။

နှစ်သစ်မှာ……
မေတ္တာရေလျဉ်
အမေ့ရင်ခွင်ထဲ ခိုလှုံချင်တယ်..။

နှစ်သစ်မှာ……
ပျော်ရွှင်လင်းထိန်
မိသားစုအိမ်ကို ပြန်သွားချင်တယ်..။

နှစ်သစ်မှာ
ငယ်ကချစ်ဖူး
အချစ်ဦးနှင့် အတူ လျှောက်လည်ချင်တယ်…။

နှစ်သစ်မှာ
ကမ္ဘာတွေပတ်လို့
ကဗျာတွေလည်း စပ်ချင်တယ်..။

နှစ်သစ်မှာ…
နှစ်သစ်မှာ….
နှစ်သစ်မှာ…
နှစ်သစ်မှာ…
နှစ်သစ်မှာ…………….
ကမ္ဘာကြီးကောင်းဖို့
မေတ္တာရေလောင်း
ကျွန်ုပ်ဆုတောင်းမယ်…။



ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၀၁၂ နှစ်အကူး အမှတ်တရ)

Tuesday, 27 December 2011

တိမ်ဖမ်းလ



လွှင့်မျောနေတဲ့ ရောင်စုံ တိမ်တိုက်လေးတွေနှင့် နေ၀င်ဆည်းဆာအချိန်အပြီး ရောက်ရှိလာသော လရောင်ဆမ်းသောညလေးအကြောင်းကို ကဗျာဆန်ဆန် ခြယ်မှုန်းဖန်တီးထားတဲ့ သီချင်းလေးပါ...။ နားဝင်ချိုလှသမို့ နားထောင်နေစဉ် တဒင်္ဂအတွင်း လွမ်းဆွေးသလိုလို စိတ်ငြိမ်းချမ်းသွားသလိုလို ခံစားမှုရသလေးဖြစ်စေတာတော့ အမှန်ပါပဲ..။ တရုတ်ရိုးရာသီချင်းဟောင်းလေးကို ပုလွေသံအသာပေး တီးမှုတ်ထားတာပါ..။ Colorful Clouds Chasing the Moon - 彩雲追月လို့ အမည်သိရပါတယ်..။ ပုလွေသံကြားလိုက်တာနှင့် ရွာကို သတိရသလိုလို ဖြစ်လာမှာမို့ ရွာနှင့်ပတ်သက်တဲ့ ခံစားချက်ရသ ကဗျာအစအနလေးတွေ ပြန်လည်တူးဖော်နိုင်မှာ အသေချာပါပဲ...။ သံစဉ်လေး နားထောင်ရင်း စာရေးသူအတွက် အတွေးတစ ၀င်လာလို့ ကဗျာလေးတပုဒ် အမှတ်တရ ရေးဖြစ်မိသည်ပေါ့..။ စာရေးသူ ၅တန်းနှစ်လောက်ကတည်းက နားထောင်ခဲ့ရတဲ့သီချင်းလေးမို့ အမှတ်တရကဗျာလေးနှင့်တွဲဖက်ဖော်ပြလိုက်ပါတယ်..။

တိမ်ဖမ်းလ

လရှေ့မျက်နှာပြင်ဝယ်
အရိပ်ရောင်ရယ်နှင့်
ထိပ်မှောင် မလွှမ်းတဲ့တိမ်
ဆမ်းပပအလင်းရောင်က
ငါ့တို့အိမ်ခေါင်မိုးပေါ်
ဖြန့်ဖြာလို့ရယ် ကျ။

ပလွှားလွှားကတဲ့ တိမ်
ညမှောင်စချိန်
လရောင်ကမမှိန်သမို့
မထိန်တထိန် ဖန်ခုန်ကစားရ
တိမ်ဖမ်းတဲ့လ..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၈-၁၂-၂၀၁၁)


Friday, 16 December 2011

အလည်လွန် နှင်းစက်လေးများသို့ တမ်းချင်း














နှင်းစက်လေးတွေရေ..
နင်လာတာ ကောင်းပါတယ်…
နင်မလာလည်း ကောင်းပါတယ်…။
ဒီနှစ် -နင်ဘယ်ကို အလည်လွန်နေလဲ….
ဒီနှစ်လာတာ နောက်ကျနေတယ်…
နှင်းပျောက်တဲ့ ဆောင်းဆို ပြောရင်တော့
ရာဇ၀င်ရိုင်းတော့မယ်
ဒီဇင်ဘာလလယ်ကျိုးလို့
ခရစ္စမတ်သစ်ပင်တွေ အလှပြိုင်ကြပြီ
အပူချိန်က သုညအောက်ကို မရောက်ချင်ဘူး
လေပါမိုးရော ဇွတ်ပဲတိုက်မနေနဲ့ဦး...။
နှင်းစက်လေးတို့ရေ
မျှော်မိလို့လား
မခေါ်မိလို့လား
မတမ်းတမိလို့လား
ဘယ်ကြောင့် အလာနောက်ကျလဲ မမှန်းဆမိပေမယ့်
တခါတခါ သတိယမိပါတယ်..။
ဆောင်းလေပြည်ကတော့ ဒီနှစ်တော်တော်လေးမြူးကြွတယ်…
ရူးရလွန်းလို့တဲ့ မေဘယ်လ်ရွက်လေးတွေ လူးလဲမြေခပျောက်ကွယ်ပြီ.
ကြွေရတဲ့ အသဲပေါင်းလည်း မနည်းပြီ..
နောက်ထပ် ခွဲခွာရင် အသိပေးခဲ့ပါ..
မည်းနက်တဲ့ နှလုံးသားတွေကို
အခု.. စက္ကန့်ပိုင်းအတွင်း ဖြူရောင်လွင်ပြင်အသွင်ဖန်ဆင်းပေးပါတော့လား..။
နင်အလှတွေကိုငါ့အရှေ့မှာ ဖြန့်ခင်းပေးလိုက်ရင်…
ဘယ်လိုပင်တုန်ချမ်းပါစေ
နင့်ကို လွမ်းတဲ့စိတ်တွေပြယ်စေဖို့
တရေးရေး တစိမ့်စိမ့် မှိန်မှိန်ကြီး ရှုချင်စမ်းရဲ့…။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၁၃-၁၀-၂၀၁၀)

"ငရဲမီးကို ဖရဲသီးလို ချိုတယ်" ထင်တဲ့ "ငါ"
















တစိမ့်စိမ့်တွေးကြည့်
ငြိမ့်ငြိမ့်လေးပါပဲ
တိတ်တဆိတ်ငေးမနေနဲ့..
အတွေးတွေ အငွေ့မပြန်ဖို့
အတွေ့သဏ္ဍာန်လည်း ဆွဲငြိလေဦး
အတွဲအလွဲ အကွဲအပြဲတွေနှင့်
ဘ၀လည်း မည်းသဲခဲ့ဖူးပြီးပြီလေ
အစွဲက အခုထိ မဖြုတ်နိုင်သ၍
ဆုတ်ပြန် ဆန်ပြုတ်တော့ မသောက်မိပါစေနဲ့တဲ့
ဖျောက်ကြည့်မိတဲ့ ငါ
ငါ..ငါ..ငါ..နှင့်
အခါခါပါ ရောချခဲ့ ရမ္မက်
လောဘနှင့် မောဟကဖျက်
သြော်...ပြောမရတော့ ဒေါသကထွက်
လောကမှာ မာနကို မိုးထိမြင့်သေး
မသိလိုက် မသိဘာသာနှင့်နေ
အရှိသာသနာအတွင်းမှာတောင်
အခုလိုစိတ်တွေ အပြင်း
အဖျင်းအကုသိုလ်အဟိတ်တရားနှင့်
စိတ်ထားက ငရဲမီးကို
ဖရဲသီးလို ချိုတယ် ထင်တဲ့ငါ
ကုသိုလ်လို စေတသိက်နှင့်
ယခုလိုဆို ပိုတောင်ဝေးရော့မယ်
ဒီတခါတော့ ဘယ်လိုပဲ ပြောပြော
သံသရာတကြောမှ
အဖန်တစ်ရာမက မနစ်မွန်းရအောင်
ဒိဌအဟုတ်ပြတ်တဲ့
ပဋိစ္စသမုပ္ပတ်ကို လေ့လာ
ဝိပဿနာ အခါခါအားထုတ်
ငါ တရားဖြုတ်ဖို့ပဲ လိုတော့တယ်..။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၆- ၁၂-၂၀၁၁)

Wednesday, 14 December 2011

ရွှေအပတ်စဉ် ချစ်ညီငယ်ဗိုလ်ကြီးများသို့ ဂုဏ်ပြုအမှတ်တရ ကဗျာ
















#ရွှေရည်သွန်းလိုက်ပါရဲ့
ဝေကြည်ရွှန်းမြ ကျက်သရေပို
တက်နေသလို ပခုံးဝယ်
တလုံးကြယ်ပေါ်ထွန်း
ဖော်ညွန်းပြလိုက်ချင်ပြီ
မြူနှယ်ကို ထွင်းပါဘိ
ဇမ္မူဝယ် လင်းသည့်ကြယ်
အဆင်းအတိကြွယ်လေတော့
အလင်းဖြန့် အင်အားသဖွယ်
(အိုကွယ်.ချစ်ညီ)..အပတ်စဉ်ငါးဆယ်…။


#ပီအပြင်ကာ ထည့်ရေးလိုက်ချင်ဘိ
ဒီဇင်ဘာ ၁၄ ရက်ပါကွဲ့
ပြန်တွက်တွေးလိုက်ရင်ဖြင့်
(သြော်.. ရောင်းရင်းတို့ရေ…) ဆွေးရက် တွေးရက်တွေနှင့်
အခုတော့ ကျောင်းဆင်း လေးနှစ် ပြည့်ခဲ့ပြီ..။


#ပတ်ချာလည်ရက်လရွှေ့လေတော့
အရပ်တကာ နယ်ပယ်မရွေး ပါဘူး
အသွယ်သွယ် ဘေးဘယာကင်းဖို့ရည်
ရန်မာန်အစွယ် ရှင်း
တိမ်မှောင်ခွင်းသည့် လမင်းကုဋေ နှယ်
ထွန်းပ မြေကမ္ဘာ အလင်းဝေစည်
ညွှန်းရ ရွှေကဗျာ ထင်းချေပြီ..။

#စဉ်လာညီ အမျိုးတွက်တွေးလို့ရယ်
ရင်မှာတည် ပြည်တိုးတက်ရေးကိုလှ
ဦးထိပ်ဆင်သည်
စိတ်ဘ၀င်ကြည် ပြည် သာယာရေးမို့
ညီညာရေးဖြင့် နှလုံးသားမှာရည်
အပြုံးစကားအလီလီရယ်နှင့်
အစီအရီ ရည်ရွယ်လို့တွေး
(အကျွန်ုပ်..) ချစ်သော ညီငယ်လေးတို့အတွက်
စာကဗျာရေးလို့ ဂုဏ်ပြုလိုက်သည်
ပြည်သူကဖြစ် ပြည်သူ့သားမို့ ပြည်ချစ် သားကောင်း ပီစေသော်ဝ်
ပြည်သူကချစ် ပြည်လည်းချစ်သမို့ ပြည်သူ့ သားကောင်း ညီစေသော်ဝ်
မြေပြင် ရေပြင် ဝေဟင်ထိပ်အထိစိုး ရွှေIntake ရဲ့ အစွမ်းတန်ခိုးလည်း ပြနိုင်စေ
ရာထူးတွေ အဆင့်ဆင့်မြင့် ပြည့်တာဝန်ကျေ
အချစ်ဖူးတွေ အခက်လက်ဝေစည်ပွင့်ဖူးပါစေ…။



အမှတ်တရ-
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၄-၁၂-၂၀၁၁)

Tuesday, 13 December 2011

ရာဇ၀င်မှာမော်ကွန်းထိုး-မြန်မာ့ဂုဏ်ရောင် ဘယ်မညှိုးအောင်-ပြည်အကျိုးဆောင်မယ့် (ချစ်ညီငယ်)လေးဆယ့်ကိုး ဗိုလ်ကြီးများသို့ အမှတ်တရကဗျာ













* လွမ်းဖွယ်ပန်းချီနှယ်

ပန်းချယ်ရီမြေနန်းမှသည်
တစ်လမ်းတစ်နယ်စီ ဝေးခဲ့ရပေမယ့်
အတွေးဝယ် ဆွေးရက်တွေက
(သူငယ်ချင်းတို့ရေ)
သြော်..အခုတော့
လေးနှစ်ပြည့်လေပြီ။

* မြောက်လေပြန်ဝှေ့ ရွက်ကြွေဝဲတော့

ဆောင်းဟေမာန်တွေ့ နှင်းဝေတဲ့အချိန်
အဆင်းတမြမြ မြေမြန်မာအလှနှင့်
ပြည်သူ့ဘ၀ အနေလှလှမှာ
ရန်စွယ်မှန်သမျှ
ကာကွယ်သွေပဖို့ရည်။
(ရောင်းရင်းတို့ရေ)
ကျောင်းဆင်းချိန်မို့ ပျော်ခဲ့ရ
ရက်လတွက်မြောက်ရေကြည့်ရင်ဖြင့်
နှစ်ထောင့်ခြောက်ပါကွဲ့
အပီပြင်ကာငဲ့ မျှော်ခဲ့ရပါတဲ့
ဒီဇင်ဘာဆယ့်ငါးရက်ညဆီ။

* (သြော်..လွမ်းမိပါရဲ့)

အခါတော်မီချယ်ရီပွင့်ဖူးပြန်ရော့မယ်
တာဝန်အလီလီ ကိုယ်စီရယ်နှင့်
(အခုတော့)
ရာထူးတစ်ဆင့်တက်ပြန်တော့တယ်..။
ဘ၀မှာရက်မြတ်ထူးပေမို့
ပွင့်ဖူးလာပုခုံးထက်ကြယ်တပွင့်ပိုခဲ့
အလိုမပြီးတဲ့ လူပျိုကြီးဘ၀ရယ်နှင့်
( သြော်..အခုတော့)
ဗိုလ်ကြီးလည်းဖြစ်ခဲ့ပြီ..။

* အမုန်းတရားတွေဖယ်

ပြုံးစကားတွေဖလှယ်ကြနှင့်
နှစ်ထောင့်တစ်ဆယ်ဒီဇင်ဘာညမှသည်
ရှေ့ဆက်အသစ်ထူးတဲ့
နှစ်ကူးတွေမှာ
ကံသစ်ပွင့်ထူး
ရာထူးတွေအဆင့်ဆင့်မြင့်-ပြည့်တာဝန်ကျေ
အချစ်ပွင့်တွေအခက်လက်ဝေစည်ပွင့်ဖူးပါစေ။

* ပြည်သူကဖွား၊ပြည်သူ့သားမို့

ပြည်သူက ချစ်၊ ပြည်လည်းချစ်သမို့
ပြည်ဖျက်သည့်ပိုး
တိုက်စစ်ထိုးကာ
မြေပေါ်-ရေပြင်-ဝေဟင်စိုး
ရာဇ၀င်မှာ မော်ကွန်းထိုး
မြန်မာ့ဂုဏ်ရောင် ဘယ်မညှိုးအောင်
ပြည်အကျိုးဆောင်မယ့်
(ချစ်ညီငယ် )လေးဆယ့်ကိုး- ဗိုလ်ကြီးတို့ရေ

သည်အတွေးနော် တက်နေလားသို့
ပြည်အရေးမျှော် မြင့်မားအောင်ကြံဆောင်နိုင်ပါစေ”။




ရွှမ်းသိင်္ဃ(တနင်္သာရီ)
(MUCTR- MOSCOW)

( တိုင်းပြည်နှင့်ပြည်သူလူမျိုးကို ချစ်၍ ပြည်သူလူမျိုးက ချစ်သော (ပြည်အကျိုးဆောင်သော)ပြည်ချစ် တပ်မတော်သားကောင်းတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း ချစ်ညီငယ် ၄၉ ဗိုလ်ကြီးအားလုံးကို အမှတ်တရ ဂုဏ်ပြုလိုက်ပါသည်။လိုအင်ဆန္ဒ မှန်သမျှ ပြီးပြည့်ဝပါစေ။)

Tuesday, 24 May 2011

Любящая Мей Мей (ချစ်သော မယ်မယ်)

















Как вы розы цветуют с утра до вечера.
Как солнце, излучаeт, чтобы дать надежду кого-то.
Ваши улыбки приходят ко мне, как лунный свет, сияние вокруг меня день и ночь.
Ваши слова поддержки успокоить меня, как бальзам, дает мне уверенность лучших вещей.
Ваш благочестивой жизнью заставляет вас Пасесеттер, прокладывая пути будущих поколений.
Ваш адвокат выступает в качестве руководства для меня, дали мне смелости, чтобы выглядеть намного выше океанов.
Горные вершины не являются угрозой для меня, потому что вы столп возведен для меня Богом.
Сладкий матери вы благословение ваше поколение, подарок неоценимое значение.
Вы основой для структуры единства вы построили вокруг меня.
Вы пейзаж смирения для меня.
Любить мама, вы воплощение трудолюбия.
Я люблю тебя.


НВЕ ШВАН У
( 19- 1-2011)
(РХТУ - МОСКВА)

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် ပြာသိုလပြည့် နေ့ (၁၉-၁-၂၀၁၁)(အမေများနေ့) လို့ ညီငယ် စည်သူသတိပေး လာပြောမှ စာရေးသူ သိရသည်..။( မြန်မာပြက္ခဒိန်ကို မကြည့်ဖြစ်ကြာပြီမို့ စာရေးသူ မသိခြင်းသာဖြစ်သည်..။) အချိန်ကား မော်စကို စံတော်ချိန် (၆း၄၅) ရှိနေပြီ..။ စိတ်ထဲမှာ ရုတ်တရက်ပင် စာရေးသူ`၏ မယ်မယ်ကို ပြေးမြင်မိသည်..။ သားတစ်ယောက်အနေဖြင့် အမေများနေ့ အမှတ်တရ ဘာမှ မလုပ်ပေးမိသဖြင့် ၀မ်းနည်းစိတ်တွေ တိတ်တဆိတ် ကွန်းခို မိသည်နှင့် တပြိုင်နက် စာရေးသူ ရင်ထဲက တချက် နင့်အောင် ခံစားပစ်လိုက်မိသည်..။ နှုတ်မှလည်း "မယ်မယ်" လို့ အဆက်မပြတ် ရေရွတ်မိလျက်ပင် မယ်မယ့်ရုပ်သွင်ကို မြင်ယောင်ပြီး မွေးကျေးဇူး ကျွေးကျေးဇူး အနှိုင်းမဲ့ အနန္တမေတ္တာ အထုကို ရှိခိုးကန်တော့လိုက်သည်..။
"မယ်မယ် ထာဝစဉ် စိတ်နှလုံးချမ်းမြေ့ ပျော်ရွှင်ကျန်းမာပါစေ"
ည(၉း၀၀)လောက်မှ အဆောင် ဘာသာရေးကော်မတီမှ နှိုးဆော် သမှုဖြင့် အမေများနေ့ စုပေါင်း ဘုရားရှိခိုးခဲ့ကြသည်..။မယ်မယ်ကိုတော့ အဝေးရောက်နေသော်လည်း စိတ်ထဲမှာ အစဉ်မြဲသတိယနေမိသည်ကတော့ အမှန်ပင်..။ဒီလို နေ့ဆို ပိုလို့တောင်လွမ်းလို့ကောင်းတဲ့အချိန်ပေါ့..။ဟိုအတွေး ဒီအတွေး တောင်မြောက်လျှောက်တွေးရင်း မယ်မယ်ရှိတဲ့ တနင်္သာရီအထိ အတွေးက ခြေဆန့်မိသည်..။စာရေးသူ ရဲ့ အိမ်မှာနေစဉ် ခလေးဘ၀ အချိန်တိုင်းမှာ မယ်မယ်ရဲ့စကားလေးတွေအခုထိကြားယောင်နေဆဲပင်..။ အတိတ်တလျှောက်ကို ခြေရာခံမိသလောက်တော့ မယ်မယ်အေးရိပ်မှာနေခဲ့သမျှအချိန်တွေဟာ စာရေးသူအတွက် ပျော်စရာတွေဆောင်ကြဉ်းပေးတဲ့ နေ့ရက်တွေသာ ရရှိခဲ့သည်..။မယ်မယ်လို့ အကျယ်ကြီးအော်ခေါ်လိုက်ရရင်ပဲ ပင်ပန်းသမျှ ကြုံတွေ့သမျှ ဒုက္ခတွေက သုခ အသွင်ပြောင်းသွားပြီး စိတ်အစဉ်ကို အလွမ်းပြေ အပန်းပြေတာတော့ အမှန်ပင်..။ ဘာပဲပြောပြော ..
“အမေ့နှလုံး .အမေ့အပြုံး
အမေ့သံ.အမေ့ဟန်.
အမေ့အသွင်.အမေ့ရင်ခွင်.
အမေ့မျက်နှာ.အမေ့ကဗျာ.
အမေ့နှုတ်ဖျား.အမေ့စကားတွေက.
အမေ့သားအတွက်တော့
အမြင့်ပျံစေမယ့် အတောင်ပံအားတွေပါ.”
လို့ပြောရင် စာရေးသူကို ပိုတယ်လို့ ပြောမလားသိဘူး..။မယ်မယ်နှင့်ပတ်သက်ပြီး စာရေးသူတွင် အမှတ်တရတွေ အများကြီး ရှိခဲ့တာတော့အမှန်ပင်..။ ကျောင်းပိတ်လို့ အိမ်ကို ခဏပြန်တိုင်း - "သားငယ်လေး.. ဘယ်အချိန် ကျောင်းပြီးမှာလဲ..အခု ၁၆တန်း ၁၇တန်း တောင်ရောက်နေပြီ..မပြီးသေးဘူးလား..။မယ်မယ်တို့နှင့် ဘယ်အချိန်မှ အတူပြန်လာနေမှာလဲ.. " စသဖြင့် ခလေးတယောက်အထင်ဖြင့် စာရေးသူရဲ့ဦးခေါင်းအရှေ့ဘက် ပွတ်သပ်ရင်း အဆက်မပြတ် ၀မ်းနည်းသယောင် အနေထားဖြင့် မယ်မယ်မေးလို့ရှိသည်..။ မယ်မယ်အတွက်တော့ အပျော်ဆုံးချိန်ကတော့ ဥသြတွန်ကျူး လတန်ခူးနှင့် ဆီမီးထိန်ထိန် သီတင်းကျွတ်ချိန်တဲ့ဗျ..။ဘာကြောင့်လဲဆိုတော့ သားသမီး အစုံအလင်နှင့်ပြန်တွေ့ခွင့်ရတဲ့ အချိန်မို့ပင်..။ဘယ်နေရာရောက်ရောက် ဘယ်သို့ဖြစ်နေနေ မယ်မယ်နှင့်ဘဘဆီသို့ နှစ်သစ်ကူးချိန်တော့ စာရေးသူတို့မောင်နှမတွေမရောက်ရောက်အောင် ပြန်ကြတော့အမှန်ပင်..။(နိုင်ငံခြားရောက်နေပေမယ့်လည်း စိတ်ကူးနှင့် တော့ အရောက်ပြန်ရသည်ပေါ့)။
အမေအကြောင်းရေးရင်ကုန်နိုင်ဖွယ်မရှိပါ..။ အမေမေတ္တာ..အဖေ့မေတ္တာ ..မောင်နှမဆွေမျိုးတွေရဲ့ မေတ္တာကို အပြည့်အ၀ ရခဲ့တဲ့အတွက် စာရေးသူအတွက်တော့ လူဖြစ်ရကျိုးနပ်သည်ဟု ဆိုရပေမည်..။ လူ့လောကထဲကို အသက်နှင့်ရင်း ဆောင်ကြဉ်းရင်း သားသမီးတွေရဲ့ဘ၀တွေ ကို အဆင့်မြင့်ရောက်သထက်ရောက်အောင် ပို့ဆောင်လမ်းပြပေးခဲ့တဲ့ မယ်မယ့်ကျေးဇူးကို အောက်မေ့သတိယပြီး အမေများနေ့မှာ "ချစ်သောမယ်မယ် " ကဗျာလေးကို မော်စကို ရောက်(အဝေးရောက်)သားတစ်ယောက်အနေဖြင့် မယ်မယ်နှင့်အတူ ကမ္ဘာမှာရှိတဲ့ အမေများကို ဂုဏ်ပြုရေးသားလိုက်ပါတယ်..။(အင်္ဂလိပ်အရေးကို g - talk မှာ အလျင်စလို ရုရှားဘာသာကဗျာ အသွင်ပြန်ရေးလိုက်ရတာမို့ အမှားများနှင့် စကားလုံးအသုံးနှုန်းများမှာ မှားယွင်းကောင်းမှားနေလိမ့်မည်..။ အမေကိုသာ ဦးတည် ရည်ရွယ်ထားသည်မို့ ကဗျာချစ်သူအနေဖြင့် ပြန်လည်ပြင်ဆင်ဖတ်ရှုပေးပါလို့ မေတ္တာရပ်ခံအပ်ပါသည်..။)
အမေများအားလုံး ထာဝစဉ်ပျော်ရွှင်ကြည်နူး စိတ်ချမ်းမြေ့ အပြည့်ဝရပါစေ..
အမှတ်တရ-
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(MUCTR- MOSCOW)


( အမေများနေ့မှာ.ကဗျာချစ်သူများ လည်း- အမေ့ကျေးဇူးကို သိတတ်ရင်း ကျေးဇူးရှင်မေမေအတွက် အမှတ်တရ တစ်ခုခု လုပ်ပေးခွင့်ရပါစေ..)