Friday, 24 August 2012
Monday, 20 August 2012
ဝါခေါင်လအလှဖွဲ့
အပြိုင်ဖူးတဲ့ သိဟ်ရာသီ..။
ရှစ်ခွင်ညီ အုံ့မှိုင်းရီသမို့
တိမ်လွှာညီ မည်းမှောင်ချီ..။
ရောင်နီငယ် မခို့တရို့နှင့်
မို့မို့ကယ် ဆွေး ရင်စို့ပြီ..။
တဖောင်ဖောင် ရေတွေကြီး
တလှေကြီး ပျော်ကြစုံညီ..။
ဝဠာဆီ တိမ်ချင်းယှက်လို့
အခါမီ မိုး ပုလဲဆင်သည်..။
ရွှင်ကြည် စိတ်အလှရယ်နှင့်
ဘ၀င်တည် မပစ်ကွာမှန်းရွယ်လို့
မေတ္တာဓာတ်ရယ် ခြုံလွှမ်း။
အဖူးမှာ အငုံဆင့်ပါလို့
လရာသီ ၀ါခေါင်ဦးမှာ
မြူးကြွရွှင်လန်း..။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၀- ၈-၂၀၁၂)
( ၀ါခေါင်လ အမှတ်တရ)
Monday, 13 August 2012
Friday, 3 August 2012
ရွှေရင်ခုန်လို့ လွမ်းလှပြီ
ပန်းနုရောင် နှုတ်ခမ်းသွေးရယ်နှင့်
အနမ်းလေးပေးခဲ့ဖူးပြီ..။
အလှမ်းဝေးမယ်မှန်းကြိုသိရင်ဖြင့်
ငိုမိမယ့် အဖြစ်သနဲ့ငယ်
ချစ်ရက်ကယ် မဆွေးချင်ပြီ..။
အတွေးပင်လယ် ရေယဉ်ကြောမှာ
မျှောချင် မျှောပါစေတော့
အပြောကျယ် ဘ၀တောမှာဖြင့်
(တွေးရက် ဆွေးရက်ရယ်နှင့်)
သြော်.. ရွှေရင်လည်း မောလှပြီ..။
သဘောရယ်ဖြူ မနောတူရင်ဖြင့်
ရင်ချင်းအပ် အသဲ နှစ်လွှာထပ်လိုက်ချင်ဘိ
အနာဂတ် ပြန်ဆုံမယ့်ရက်ကိုလေဗျ..
ရွှေရင်ခုန်လို့ လွမ်းလှပြီ..။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၃-၈-၂၀၁၂)
( အဝေးရောက်ချစ်သူ များသို့ အမှတ်တရ...)
Labels:
အချစ်ကဗျာများ
Wednesday, 1 August 2012
မြတ်သော လ၀ါဆို
ပြုံးလျက်ကယ် အတူယှဉ်ဖူးပါလို့
ဘုန်းလှစ် ပုန်းညက်ပွင့်ရယ် သင်းချို
သန္ဒေ တောထွက် အမှတ်သားငယ်နှင့်
ဓမ္မစက်ဟောခဲ့ လမြတ်ဝါဆို..။
သည်ချိန်ခါရောက်ရင်ဖြင့်
စေတနာ သဒ္ဒါ ရွှင်ကာလန်းသမို့
ရွှေကြာညို အသွင်ဆန်းရယ်နှင့်
ဝါဆိုသင်္ကန်းကပ်ကြသကို..။
ဒုက္ခငယ် သံသရာစက်ကွင်းရယ်မှ
မြန်မကွာ လက်ငင်း
ချက်ချင်း ကင်းခွာစေဖို့
မှန်းကာဆ လှမ်းကြွချီ
မဂ်နိဗာန်ဆီ
အဓိဌာန်တည် စိတ်ရည်မှန်းလို့
သည်စခန်း သည်သာသနာ သည်ဝါတွင်းမှာလ
ညီညာကာ ပေါင်းစု နွှဲတူသမို့
အလှူဒါန်း မြတ်ကုသိုလ် အထိုထိုရယ်နှင့်
သြော် .. မြတ်သော လ၀ါဆို..။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂-၈-၂၀၁၂)
( ၀ါဆိုလပြည့်နေ့ (ဓမ္မစကြာ အခါတော်နေ့) အမှတ်တရ)
Saturday, 28 July 2012
ကံဇာတ်ရေးတဲ့ ယဉ်ကျေးခြင်း အနုပညာ
ချမ်းမြေ့စွာ ကြည်နူးခြင်းဘဝ
စိုးရွံ့စွာ ခြောက်လန့်ခြင်းဘဝ
နာကျည်းစွာ မုန်းတီးခြင်းဘဝ
ငြိမ်းချမ်းတဲ့ဘဝ
စိမ်းလန်းတဲ့ဘဝ
သူစိမ်းဆန်တဲ့ဘဝ
ကဗျာဆန်တဲ့ဘဝ
မဟာဆန်တဲ့ဘဝ
လူမသိ သူမသိ ဘဝ
ပြဇာတ်လား ဟာသလားမှန်းတောင် မသိတဲ့ဘဝ
သေချာတာက ငိုကြွေးခြင်းနှင့် အဆုံးသတ်ကြတာများတဲ့ဘ၀တဲ့..။
ငြိစွန်းမိရင် ရုန်းမထွက်ဖို့ခက်မှန်းသိတဲ့ ဘဝ
အချက်ပြထားရင်းက လောကပင်လယ်ထဲ
ညင်ညင်သာသာလေး လွှင့်စင် သက်ဆင်းခဲ့ကြတယ်..
ကမ္ဘာ့အမှောင်မိုက်ဆုံး ညတစ်ညမှာ
အထီးကျန်ခြင်းကင်းတယ်လို့သာပြောကြတဲ့
လူလူသူသူ ပြုံးရီဖို့တောင် အချိန်မရှိတဲ့ ဘ၀တွေကြား
မော်တပ်တပ်ထားသမျှ သွက်သွက် ခြေလှမ်းတွေနှင့်
တက်လိုက် ဆင်းလိုက် လျှောချလိုက်နှင့် ခရီးဆက်ကြတယ်..။
ပြောလို့ မဆုံးသေးခင်ပဲ .. ငိုလိုက်ကြတာ
မိုးဘယ်အချိန်ရွာမယ်ဆိုတာ မခန့်မှန်းနိုင်ပေမယ့်
တဖြည်းဖြည်း လူရိပ် လူကဲ ကြည့်တတ်လာတယ်..
ကံဇာတ်ချရာ ဈာန်ဝင်ရင်းက
ဘယ်ဝင်ညာထွက် သွေးထွက်အောင်မှန်ဖို့ရာ
ယုံကြည်မှု ၁ရာခိုင်နှုန်းတောင် ရှိဖို့ နည်းလာတော့
တခါတလေ...
ဘေးစကားလည်း နားယောင်ချင်မိတယ်..။
ကျန်းမာစွာ ပျော်ရွှင်ခြင်း
အဆင်ပြေစွာ ပျော်ရွှင်ခြင်း
အောင်မြင်စွာ ပျော်ရွှင်ခြင်း
ရဲရင့်စွာ ပျော်ရွှင်ခြင်း
ဆန္ဒပြည့်စွာ ပျော်ရွှင်ခြင်း
ပြီးပြည့်စုံစွာ ပျော်ရွှင်ခြင်း
သူ့တပါးမျက်ရည်များ
သူ့တပါးကြေကွဲမှုများ
သူ့တပါး ရှုံးနိမ့်မှုများ
သူ့တပါး ဦးခေါင်းတွေပေါ် ခြေစုံနင်းခတ်ပြီးမှ
ပျော်ရတာကိုမှ ပျော်ရွှင်ခြင်းတဲ့လား..
နောက်ဆုံးတော့လည်း
ကြေးစည်ထုလို့ ခွေးအူသံကြားမှ
မာနတွေ ချ .. နောင်တတရားတွေအကြား လူးလိမ့်ဖို့ စေ့ဆော်ပြန်ရော
အငွေ့သက်လေးက လွတ်လပ်စွာ ပျံသန်းဖို့တောင် အားအင်ချိရတဲ့အဖြစ်..
လေပွေထဲ ဘယ်သို့ဘယ်မျှ လွှင့်မျောဦးမယ်မသိ..။
ကိုယ်ဘာသာ ကိုယ် လက်ညွန်းငေါက်ငေါက် ထိုးရင်း
တောက်...တစ်ချက်ခေါက်ပြီး ဆုံးမတတ်လာတယ်..။
ဘယ်လောက်ထိလဲဆိုတော့........
မြေကြီးပေါ် ကျကြွေတဲ့ ရော်ရွက်ဝါလေးကိုတောင်
တက်နင်းဖို့တောင် ၀န်လေးမိနေလေရဲ့..။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၈-၇-၂၀၁၂)
Labels:
အမှတ်တရ ခံစားချက်ကဗျာလေးများ
Thursday, 26 July 2012
ဝါဆိုလ အလွမ်း
ညှို့ဖွဲ့မာန်တိမ်လွှာငယ်
မိုးဝသန် ၀ါဆိုဦးရယ်မို့
မြူးနွဲ့ဟန်ကြည်။
မြေနုနု ကြွကြွ
ဖွဖွလေးရယ် မိုးစက်ကြွေ
တိုးထွက်နေ မှိုဖြူပွင့်ငယ်နှင့်
ပျိုမြစ်ငယ် ၀ါးနုဖူးမျှစ်တို့
ထူးတင့်လို့စည်..။
မြေလွှာအထက်လမ်းမှာဖြင့်
နေရာတကာ ပွင့်လန်းပါဘိ
ရွှေပန်းငွေပန်းရယ် လင်း
သွယ်သွယ်ရနံ့ငယ်နှင့်
မွှေးပျံ့လို့သင်း။
ရာသီလရယ်နှင့်
အခါမီသမျှ မိုးခိုငှက်ပုံသို့
မိုးညိုရင် စိုးစိတ်ရယ်ဖိုမိသနဲ့
အကြိမ်ကြိမ် လွမ်းစိတ်ရယ်ပိုရပါတဲ့
စခန်းဌာနီ လှမ်းကွာလှသည်မို့
တမ်းတမိပြန်ရင်ဖြင့်
(အို..ဘယ့် ၀ါဆိုငယ်)
မှန်း ဆ စိတ်တင်း...။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၆-၇-၂၀၁၂)
(၀ါဆိုလ အမှတ်တရ - ကဗျာလေးနှင့် ရာစုရဲ့ ၀ါဆို သီချင်းလေးကို ဖော်ပြပေးလိုက်ပါသည်..။ ခံစားနားဆင်ရင်း ၀ါဆို လွမ်းစိတ်များ ပြေလျော့နိုင်ပါစေ...။)






