RSS

Sunday, 28 October 2012

သီတင်းကျွတ်တဲ့ချိန်












ရေလွှာဖြန့်ကာပ
ရွှေကြာရနံ့ဖြာသင်း
စန္ဒာလမင်းရယ်က
ဝင်းပ ထိန်လင်း..။

ရာသီ တူလရယ်မို့
ဝဠာဆီ တိမ်မှောင်ရှင်း
အခါမီ မြူနှင်းရယ်ကျ
မိုးလရယ် ကင်း..။

ဝါလလည်း ကင်းလွတ်
သီတင်းကျွတ်တဲ့ချိန်
အလင်းရယ် တူယှဉ်ထွန်းကြ
ရွှန်းမြရောင်စုံမီးက ထိန်..။

မောင်နှမ မိသားရယ်တို့
ကြည်မြခြယ် အပြုံးချိုမြိန်
ကန်တော့ပန်းရယ် ဆင်လေတော့
ချစ်စရာ့ ငါတို့ အိမ်...။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၈-၁၀-၂၀၁၂  သီတင်းကျွတ်လ အမှတ်တရ ကဗျာ)









Thursday, 4 October 2012

ဆရာ့စေတနာပွင့်ပန်း










~~ ကြင်နာခြင်းများစွာ
အစဉ်လာ မယွင်း ပါတဲ့
ဆရာ့စေတနာပန်း
မြေကမ္ဘာ ထူးတင့်စေဖို့
ဝေဆာကာ ဖူးပွင့်လို့လန်း..။ ~~~

   ရွှမ်းသိင်္ဃ (တနင်္သာရီ)
( အောက်တိုဘာလ ၅ရက်နေ့ ကမ္ဘာ့ဆရာများနေ့ ကို ဂုဏ်ပြုသည်..။)

Tuesday, 25 September 2012

မျှော်ရင်း တမ်းတ ရသော တော်သလင်း လ















ပန်းယင်းမာ ပွင့်ဖြာလန်းဝေတော့
ထက်ကမ္ဘာ တစ်စခန်း တစ်မြေမှ
ချစ်စရာ့ မြန်ပြေ နန်းကိုဖြင့်
ကျွန်ုပ် ရွှမ်းမှာလေဗျ..
မှန်းဆမိချေပြီ…။

မျှော်ရက်တွေကြာရော့ပေါ့
လှော်တက်ကယ်နှင့်
ကွန်ယက်ခြယ် နဂါးလှလှေငယ်တို့
အများအားကျစေ  မာန်ချီသွင်းပါလို့
မြစ်မင်းငယ် နဒီတွင်းမှာလ
လှေပွဲသဘင်ခင်း..။

အဖော်မစုံသူအတွက်မှာဖြင့်
မျှော်ရုံမူ လွှဲလို့ပ
သရဲ တစ္ဆေတသင်းရယ်တို့
ကင်းလွတ်တဲ့လရယ်မို့
ကျွတ်ဘ၀ ရစေဖို့ရည်
ဆုတောင်းခြွေ အမျှတန်းဝေကြ
ခွန်းသရပ် ညရယ်နှင့်
မျှော်ရင်းတမိပါရဲ့
သြော်.. တော်သလင်းလ…။

  ရွှမ်းသိင်္ဃ (တနင်္သာရီ)
( ၂၅- ၉-၂၀၁၂)
(တော်သလင်းလ ခွန်းသရပ်ညသို့ အမှတ်တရ)

Friday, 24 August 2012

အချစ်စစ်













ရေမြေပျက်ပြုန်း 
ကမ္ဘာသုဉ်းလည်း
မဆုံး မြဲတိုင်.. မေတ္တာပြိုင်လို့
မယိုင်မလဲ သစ္စာမြဲမယ်..
ချစ်ရက်တာတွေ ရှည်စေသော်ဝ်.. 
ချစ်မေတ္တာတွေ တည်စေသော်ဝ်..။

  ရွှမ်းသိင်္ဃ (တနင်္သာရီ)
 (၂၄-၈-၂၀၁၂) 






 

Monday, 20 August 2012

ဝါခေါင်လအလှဖွဲ့













ခတ္တာခိုင် လှိုင်ကာထူးလို့
အပြိုင်ဖူးတဲ့ သိဟ်ရာသီ..။

ရှစ်ခွင်ညီ အုံ့မှိုင်းရီသမို့
တိမ်လွှာညီ မည်းမှောင်ချီ..။

ရောင်နီငယ် မခို့တရို့နှင့်
မို့မို့ကယ် ဆွေး ရင်စို့ပြီ..။

တဖောင်ဖောင် ရေတွေကြီး
တလှေကြီး ပျော်ကြစုံညီ..။

ဝဠာဆီ တိမ်ချင်းယှက်လို့
အခါမီ မိုး ပုလဲဆင်သည်..။

ရွှင်ကြည် စိတ်အလှရယ်နှင့်
ဘ၀င်တည် မပစ်ကွာမှန်းရွယ်လို့
မေတ္တာဓာတ်ရယ် ခြုံလွှမ်း။

အဖူးမှာ အငုံဆင့်ပါလို့
လရာသီ ၀ါခေါင်ဦးမှာ
မြူးကြွရွှင်လန်း..။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၀- ၈-၂၀၁၂)
 
( ၀ါခေါင်လ အမှတ်တရ)





Monday, 13 August 2012

သွေးစွန်း နှင်းဆီ
















 
ရိုးတံငယ်သစ် 
ရွက်ထစ်ထစ်ပိုင်းရယ်နှင့်
အခက်သစ်ကိုင်းဖူးမှာ
ဝိုင်းလျက်ကယ်..ဆူး..။

အဖူးမှာ အငုံငယ်ဆင့်
ထုံသင့်ရနံ့ဦးကိုဖြင့်
တပ်မက်ရင့်ကျူး
အရူးမူး နမ်းမိပြန်တော့
သွေးစက်ထွက်..စူး။ 


ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၃-၈-၂၀၁၂)

(နှင်းဆီ ချစ်သူ သို့ အမှတ်တရ)
                     



Friday, 3 August 2012

ရွှေရင်ခုန်လို့ လွမ်းလှပြီ















ပန်းနုရောင် နှုတ်ခမ်းသွေးရယ်နှင့်
အနမ်းလေးပေးခဲ့ဖူးပြီ..။


အလှမ်းဝေးမယ်မှန်းကြိုသိရင်ဖြင့်
ငိုမိမယ့် အဖြစ်သနဲ့ငယ်
ချစ်ရက်ကယ် မဆွေးချင်ပြီ..။


အတွေးပင်လယ် ရေယဉ်ကြောမှာ
မျှောချင် မျှောပါစေတော့
အပြောကျယ် ဘ၀တောမှာဖြင့်
(တွေးရက် ဆွေးရက်ရယ်နှင့်)
သြော်.. ရွှေရင်လည်း မောလှပြီ..။


သဘောရယ်ဖြူ မနောတူရင်ဖြင့်
ရင်ချင်းအပ် အသဲ နှစ်လွှာထပ်လိုက်ချင်ဘိ
အနာဂတ် ပြန်ဆုံမယ့်ရက်ကိုလေဗျ..
ရွှေရင်ခုန်လို့ လွမ်းလှပြီ..။



ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၃-၈-၂၀၁၂)

( အဝေးရောက်ချစ်သူ များသို့ အမှတ်တရ...)