RSS

Wednesday, 12 December 2012

~~ ဆယ့်နှစ်လ ဆယ့်နှစ်ရက် နှစ်ထောင်ဆယ့်နှစ်မှသည် ကျူးရင့်မော်ကွန်းဖြင့် ထူးတင့်အောင် သမိုင်း တွင်ရစ်စေမည့် ပြည့်အကျိုးဆောင် ချစ်ညီငယ် အပတ်စဉ် ၅၁ ဗိုလ်ကြီးများသို့ ~~




 
 











 နေခြည်ထွန်းသစ်ပါလို့
 ရွှေရည်သွန်းပက်စီခြယ်…
ဘုန်းလှစ်ကယ် အစဉ်မြဲသာသမို့
လက်ဝဲယာ ပုခုံးတစ်ဖက်ချက်မှာလ
သုံးပွင့်ကြယ် လင်းလက်ဖြာ
ညွန်းလျက် စာကဗျာသီပြန်တော့
ရည်သန်စိတ်အားမာန် ဇွဲကိုရင်းလို့
ပြည်မြန်တစ်ခွင် တပါးရန် နွှဲဖြိုခွင်း
အလင်းဖြန့် ပြည့်အားအင်သစ်မို့
သမိုင်းကြောင်းမှာ ကမ္မည်းတွင်ရစ်
သြော်.. ချစ်ညီငယ်  အပတ်စဉ် ငါးဆယ့်တစ်။

အတိတ်ကို တဖန် လွမ်းသမျှ တမ်းတပါလိမ့်
စိန်ပန်းပြာ ချယ်ရီလန်းပါလို့
မြေညီသွယ် အမိမြေစခန်းမှသည်
အသိ အဆွေ အကျွမ်းရယ်နှင့်
တစ်လမ်း တစ်နှယ်စီ ရွက်လွှင့်
လက်ဆင့်ကမ်း တာဝန်တစ်ယောက်တလက်ဝယ်
တွေးရက် ဆွေးရက်ရယ်နှင့်
 (အခုတော့ဖြင့်……..)
အပေါင်းအသင်း ဆွေသဟာတို့ရေ
ကျောင်းဆင်း လေးနှစ် ပြည့်လေပြီ..။

အမှတ်တရရယ်ဖြစ်ရပါဘိ
ဆောင်းနှင်းအလယ် မြူနှယ်ရောယှက်
ကောင်းခြင်းငယ် ဇမ္ဘူဝယ်ထွန်းသစ်ပါတဲ့
ဆယ့်နှစ် ဆယ့်နှစ် သုံးခုထပ် မြတ်လှသည်မို့
တပ်မအစဉ်လာ ဆယ့်နှစ်ရပ်ရယ် ပေါင်းဖက်
မပြတ် ရင်လွှာ ကမ္မည်း ထပ်လောင်းပါလို့
စစ်နည်းအတတ်ဗျူဟာ အဖြာဖြာနှင့်
ပြည်မြန်မာ အဖျက်ရန်ပိုး
တိုက်စစ်ရယ်ထိုးလို့သာဆင်
အမျိုးဘာသာတွင် ကာကွယ် သတိရယ်နှင့်
တို့မြန်မာသာ လာ မထိလေနဲ့
ကမ္ဘာသိအောင် သတ္တိ ထွန်းပြောင်ပြ
မြန်မာ့ဂုဏ်ရောင် ဘယ်မညှိုးအောင်ပ
ပြည်အကျိုးဆောင် ရည်ရွယ်စိတ်ထားရယ်နှင့်
ချစ်ညီငယ်တို့ရေ..
ပြည်သူ့က ဖွား .. ပြည့်သူ့သားရယ်မို့
ပြည်သူကချစ် …ပြည်လည်းချစ်သမို့
ပြည်ချစ် ပြည့်သား  ပြည့်အားအင်မို့
မြေပြင် ရေပြင် ဝေဟင် အောင်လံ မြူးဝင့်
ကျူးရင့် မော်ကွန်းသမိုင်း တံခါးရယ်ဖွင့်လှစ်နိုင်ပါစေ..။

ချစ်ညီလေးတို့ရေ…
သည်အတွေးနော် ဂုဏ်ပြုစကားရယ်နှင့်
ပြည်အရေးမျှော် တက်နေအလားသို့ မြင့်မားတာဝန် ကျေပွန်နိုင်ပါစေ…။

၁၂ရက် ၁၂လ ၂၀၁၂ခုနှစ်… တစ်ယောက်တစ်လက် သုံးပွင့်ကြယ်အဆင့်မှသည်
ရာထူး အဆင့်ဆင့်မြင့်  ပြည်အကျိုးအတွက်  ဆက်လက်ထမ်းရွက်နိုင်ပါစေ..။

ဂုဏ်ပြုခြင်းအမှတ်တရ-

                               ရွှမ်းသိင်္ဃ (တနင်္သာရီ)
                                   (၁၂-၁၂-၂၀၁၂)
                                   (ဆန္ဒပြည့်ဝပါစေ)














Sunday, 25 November 2012

ဆေးပေါင်းခတဲ့ တန်ဆောင်တိုင်ည
















ငွေနှင်းမှုန် ဖျန်းပက်ကြဲ
ပန်းပွင့်ခ၀ဲတို့ ဖူးစချီ
လရာသီ ဗြိ စ္ဆာ မို့ 
 ကြိတ္တိကာ တာရာမင်း
ပြိုင်တူငယ်လင်း..။

နက္ခတ်ငယ် စုစုံညီ
ပုဏ္ဏမီ စန်းလရောင်ဆမ်း
ချမ်းစ တန်ဆောင်ဆောင်းလေညှင်းက
တိုက်ခတ်ဆော်သွင်း။

မြူနှင်းငယ်ခွင်းပါလို့
ကြူသင်းကြ ပန်းမယ်ဇလီ
မှန်းရွယ်ရည် ဘေးဘယာကင်းဖို့
အဖော်တသင်းဖွဲ့ ခူးကာပြုတ်
အဖူးငယ် သုပ်စားခဲ့ကြ
ဆေးပေါင်းတို့ရယ် ခ…။

မောင်ဖုန်းတို့အတွက်မှာဖြင့်
တန်ဆောင်းမုန်းလပြည့်ရက်ရယ်က
ပျော်စရာ လရာသီငယ်မို့
ညအခါအမီ မကုန်ချင်း
တအုပ်တမင်းဖွဲ့ တီးတိုးကစားကြ
သြော်.. ကျီးမနိုးတဲ့ ည..။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၅-၁၁-၂၀၁၂)
(တန်ဆောင်မုန်းလ အတွက် အမှတ်တရ)

Sunday, 28 October 2012

သီတင်းကျွတ်တဲ့ချိန်












ရေလွှာဖြန့်ကာပ
ရွှေကြာရနံ့ဖြာသင်း
စန္ဒာလမင်းရယ်က
ဝင်းပ ထိန်လင်း..။

ရာသီ တူလရယ်မို့
ဝဠာဆီ တိမ်မှောင်ရှင်း
အခါမီ မြူနှင်းရယ်ကျ
မိုးလရယ် ကင်း..။

ဝါလလည်း ကင်းလွတ်
သီတင်းကျွတ်တဲ့ချိန်
အလင်းရယ် တူယှဉ်ထွန်းကြ
ရွှန်းမြရောင်စုံမီးက ထိန်..။

မောင်နှမ မိသားရယ်တို့
ကြည်မြခြယ် အပြုံးချိုမြိန်
ကန်တော့ပန်းရယ် ဆင်လေတော့
ချစ်စရာ့ ငါတို့ အိမ်...။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၈-၁၀-၂၀၁၂  သီတင်းကျွတ်လ အမှတ်တရ ကဗျာ)









Thursday, 4 October 2012

ဆရာ့စေတနာပွင့်ပန်း










~~ ကြင်နာခြင်းများစွာ
အစဉ်လာ မယွင်း ပါတဲ့
ဆရာ့စေတနာပန်း
မြေကမ္ဘာ ထူးတင့်စေဖို့
ဝေဆာကာ ဖူးပွင့်လို့လန်း..။ ~~~

   ရွှမ်းသိင်္ဃ (တနင်္သာရီ)
( အောက်တိုဘာလ ၅ရက်နေ့ ကမ္ဘာ့ဆရာများနေ့ ကို ဂုဏ်ပြုသည်..။)

Tuesday, 25 September 2012

မျှော်ရင်း တမ်းတ ရသော တော်သလင်း လ















ပန်းယင်းမာ ပွင့်ဖြာလန်းဝေတော့
ထက်ကမ္ဘာ တစ်စခန်း တစ်မြေမှ
ချစ်စရာ့ မြန်ပြေ နန်းကိုဖြင့်
ကျွန်ုပ် ရွှမ်းမှာလေဗျ..
မှန်းဆမိချေပြီ…။

မျှော်ရက်တွေကြာရော့ပေါ့
လှော်တက်ကယ်နှင့်
ကွန်ယက်ခြယ် နဂါးလှလှေငယ်တို့
အများအားကျစေ  မာန်ချီသွင်းပါလို့
မြစ်မင်းငယ် နဒီတွင်းမှာလ
လှေပွဲသဘင်ခင်း..။

အဖော်မစုံသူအတွက်မှာဖြင့်
မျှော်ရုံမူ လွှဲလို့ပ
သရဲ တစ္ဆေတသင်းရယ်တို့
ကင်းလွတ်တဲ့လရယ်မို့
ကျွတ်ဘ၀ ရစေဖို့ရည်
ဆုတောင်းခြွေ အမျှတန်းဝေကြ
ခွန်းသရပ် ညရယ်နှင့်
မျှော်ရင်းတမိပါရဲ့
သြော်.. တော်သလင်းလ…။

  ရွှမ်းသိင်္ဃ (တနင်္သာရီ)
( ၂၅- ၉-၂၀၁၂)
(တော်သလင်းလ ခွန်းသရပ်ညသို့ အမှတ်တရ)

Friday, 24 August 2012

အချစ်စစ်













ရေမြေပျက်ပြုန်း 
ကမ္ဘာသုဉ်းလည်း
မဆုံး မြဲတိုင်.. မေတ္တာပြိုင်လို့
မယိုင်မလဲ သစ္စာမြဲမယ်..
ချစ်ရက်တာတွေ ရှည်စေသော်ဝ်.. 
ချစ်မေတ္တာတွေ တည်စေသော်ဝ်..။

  ရွှမ်းသိင်္ဃ (တနင်္သာရီ)
 (၂၄-၈-၂၀၁၂) 






 

Monday, 20 August 2012

ဝါခေါင်လအလှဖွဲ့













ခတ္တာခိုင် လှိုင်ကာထူးလို့
အပြိုင်ဖူးတဲ့ သိဟ်ရာသီ..။

ရှစ်ခွင်ညီ အုံ့မှိုင်းရီသမို့
တိမ်လွှာညီ မည်းမှောင်ချီ..။

ရောင်နီငယ် မခို့တရို့နှင့်
မို့မို့ကယ် ဆွေး ရင်စို့ပြီ..။

တဖောင်ဖောင် ရေတွေကြီး
တလှေကြီး ပျော်ကြစုံညီ..။

ဝဠာဆီ တိမ်ချင်းယှက်လို့
အခါမီ မိုး ပုလဲဆင်သည်..။

ရွှင်ကြည် စိတ်အလှရယ်နှင့်
ဘ၀င်တည် မပစ်ကွာမှန်းရွယ်လို့
မေတ္တာဓာတ်ရယ် ခြုံလွှမ်း။

အဖူးမှာ အငုံဆင့်ပါလို့
လရာသီ ၀ါခေါင်ဦးမှာ
မြူးကြွရွှင်လန်း..။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၀- ၈-၂၀၁၂)
 
( ၀ါခေါင်လ အမှတ်တရ)