RSS

Thursday, 30 May 2013

တတြာမဇ္ဈတ္တာကောင်းကင်အောက်က နှလုံးသား















အကြင်နာတွေ အလွှဲ အမှား
မိုးလား ..နွေလား မကွဲပြားတဲ့ရာသီအောက်မှာ 
အလွမ်းပန်းချီကားတွေပဲ..တသသ ဆေးခြယ်နေမိခဲ့တယ်..။
အခုတော့လည်း.......
တိမ်ဖြူမျှင် တစ်စစာမျှ ပေါ့ပါးလွန်းတဲ့ ရင်ခုန်သံမျိုးမှာ
အကြည့်တစ်ခုတည်းနှင့် ရင်တွင်း လှုပ်ရှားမှု အဖြစ်ပျက်ကို သိနေခဲ့တယ်...
မာယာကို ၀ှက်ဖဲ တစ်ချပ်လို  လိုသလို အသုံးချလို့မှ
တုန်လှုပ်အောင် မစွမ်းဆောင်နိုင်မှန်း သိရင်တော့
အစကတည်းက အဆုံးသတ်သင့်တဲ့ ပြဇာတ်တစ်ပုဒ်
ဒရမ္မာလို့သာ အကန့်အသတ် မရှိ ကြေကွဲ ထောက်ချောက် ထပ်ထပ်ချပေမယ့်
ပြကွက်က ဟာသ ဆန်လွန်းနေတယ်..
အတိတ်မှာ အချစ်တွေ စိမ်းစိမ်းစိုစို ပျိုးပေးခဲ့သမျှ
မြတ်နိုးခြင်း အရိပ်အယောင်လေး တစ်စက်မျှတောင် မသမ်းခဲ့တဲ့ အပြစ်
တန်ဖိုးထားခြင်း တွေ ချချ ကျွေးရမှာ ရှက်ကြောက်လေရဲ့
ရှောင်ခွာပြီးကာမှ ပြန် ရစ်နှောင်ဖို့ ခက်တယ်ဆိုတာ
သီအိုရီအရရော လက်တွေ့ပါ လက်ခံထားပြီးသား ပု စ္ဆာမှာ
အကြောင်းပြချက်တွေ ကျေနပ်အောင် မရှင်းပြနိုင်သေးဘူး...။
နှုတ်ခမ်းပေါ်မှာ အပြုံးငွေ့တွေ အတင်း ဖန်တီးနေပေမယ့်
မျက်ဝန်းထဲမှာ နှလုံးသားထဲက ရွာသွန်းနေတဲ့ နောင်တမျက်ရည်တွေ စုဖွဲ့နေတယ်..
သနားခြင်း အသင်္ချာ ...  ချစ်ခြင်း ကုဋေကုဋာ ပေးခဲ့ပြီးသား
ချစ်ကြည်မှု တွယ်ငြိမှု နာကျည်းမှုမဲ့တဲ့ ငြိမ်းချမ်းရေး ကောင်းကင်အောက်ရောက်မှ
ကရုဏာမိုးရေတစ်ပေါက်မျှ သွန်းဖြာဖို့ ဘယ်လိုပဲ တောင့်တ နေနေ
မလျော်ကန် မသင့်မြတ်တဲ့ အမုန်းတိမ်တိုက်လေးတမှုန်တောင် စ မပျိုးခဲ့ဘူး...။
တခါတရံ  ဘေးလေ ဖျန်းလို့ မင်းကို လွမ်းချင်လွမ်းပါစေ..။
အချစ်တွေ မိုးခေါင်လွန်းတဲ့ ရပ်ဝန်းကိုတော့ ကိုယ် မလှမ်းဝံ့တော့ပြီ..။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၃၀-၅-၂၀၁၃)


Monday, 27 May 2013

ပန်းပျိုးသူရဲ့ ဒဏ္ဍာရီ











ကိုယ့်ပျိုး ကိုယ်စိုက်
ကိုယ်စိတ်ကြိုက်
ကိုယ်ထိုက် ကိုယ်ဖန်
ကိုယ် မပန်လည်း
သဏ္ဍာန် သွင်ဆန်း
အကြင်ပန်းကား
ပွင့်လန်း ဝေသော်
မိုးကိုမျှော်လင့်
မိုးမြင့်တက်ရုံ
ကိုယ့်ရင်အုံကို
ခြေစုံတွန်းကန်
ဒဏ်ရာကျန်အောင်
အတန်တန် ဖျက်ခြွေ
ကိုယ့်အသည်းမြေကို
တော်လှန်လိုသည်။


ကိုယ်စိုက် ကိုယ့်ပန်း
ကိုယ်မနမ်းရက်လည်း
ပင်ထက် ရော်ရင့်
နေခြည်သင့်၍
လေပြေဆင့်က
ပွင့်ဖတ် ဆွတ်ကြေ
တစ်စစီခြွေမှ
နောင်တ တစ်လှေ
မျက်ရည်ဝေလျက်
ကိုယ့်အသည်းမြေမှာ
(တဖန်)ကြွေခ ရှာသည်။


ကိုယ်ပျိုး ကိုယ်စိုက်
ကိုယ်စိတ်ကြိုက်
ကိုယ်ထိုက် ကိုယ်ဖန်
ကိုယ် မပန်လည်း
ပင်ယံနေနေ
ကိုယ်မခြွေခဲ့
ပင်အောက်ရောက်ရောက် 
ကိုယ်မကောက်ချင်လည်း
အသင်ကြွေပန်း မြေထက်လမ်းမှာ
လှမ်းဆင့် နင်းချေ
မဖြစ်စေဖို့
ကောက်ငင် ရေဆေး 
သိမ်းထားပေးသည်
မွှေးရနံ့ ဝေေ၀ .. မဝေေ၀
ကိုယ့်အသည်းမြေမှာ 
(အစဉ်) အိပ်စက်စေသတည်း..။

 ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၇-၅-၂၀၁၃)

Saturday, 25 May 2013

ညောင်ခြေရင်း ရေစင်ခင်းချိန်












လုမ္ပနီ ရွှေအင်ကြင်း
ထုံကြည်ကြည် မြေတခွင်သင်းပါဘိ
ပြည့် ရနံ့ အဆင်း
မွှေးဖြာ ပျံ့ပျံ့သင်း။

 မြေကမ္ဘာ သာသနာလင်း
ဝေေ၀ဆာ သေချာ အမှောင်ခွင်းဖို့
ဗောဓိညောင်ခြေရင်း  
သွန်းဖြာ ရေစင်ခင်း။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၄-၅-၂၀၁၃)
                    

     (ကဆုန်လပြည့် ဗုဒ္ဓနေ့ အမှတ်တရ)

Sunday, 28 April 2013

နှစ်ဆန်း ပွင့်ပန်း





ငုဝါငယ် ရွှေအင်ကြင်း
မြေသင်းရနံ့ ဖယောင်းဝါစီ
ပြာညီညီ ကြောင်မြီးပန်းနှင့်
ကျီးကန်းဆီ ပင်ကပ်စွဲ
ထပ်ထပ်တွဲ လက်တံရှည်
လက်ပံပွင့်က နီ။

ပန်းကံ့ကော် ပွင့်ဖြူ သခွတ်
ကညွတ် မြေဇာ စကားဝါပန်း
သပြေပါလန်း သက်ကယ်စီ။ 

နှစ်လွှာညီ 
စွယ်တော်ပန်းရယ်နှင့်
အပြာ အနီ စိန်ပန်းပွင့်ပေါက်
တစ်နှစ်တစ်ခေါက် ပိတောက်ဝါလျှမ်းကြရင်
တို့ရွှေမြန်မြေနန်းမှာဖြင့်
ချစ်စရာ နှစ်သစ်ဆန်း….။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၇-၄-၂၀၁၃)
(နှစ်ဆန်းတစ်ရက်နေ့ အမှတ်တရ)

Wednesday, 24 April 2013

ပျိုနှင်းဆီသို့….



















တဒင်္ဂတွင်း
ရင်ဝကိုခွင်းလို့
ချက်ချင်းစူးနစ်ဝင်
ဆူးတစ်- မြင်လည်း
ချစ်ချင်မိတယ်.. ပျိုနှင်းဆီ…။

ပန်းချီတောင် လက်မှိုင်ရှုံး
အနီရောင် ပြစ်ဒဏ်ထုံးနှင့်
အမုန်းတွေပဲ ဖယ်သုံးလို့
အပြုံးငယ် ခြယ်မှုန်းလိုက်ရင်
နင်သာ အလှဆုံးပါ .. ပျိုနှင်းဆီ..။

အို ..အပျိုနှင်းဆီ..
တဒင်္ဂတွင်း
ရင်လွှာကိုထွင်း
အသက်ပါခင်းလို့
ကိုယ့်ကိုယ်တွင်းမှသည်
ယိုဆင်းသွေးစက်
မြေလွှာထက်သို့
သက်ဆင်းသည့်တိုင်
မပျက်ယွင်း မေတ္တာ
ချစ်မြဲ ချစ်နေဦးမှာပါ…ပျိုနှင်းဆီ...။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၄-၄-၂၀၁၃)

Sunday, 14 April 2013

ဂိမာန်နွေ ..သင်္ကြန်ရေ... မြန်မြေစိမ်းလန်း














ဂိမာန်နွေ သင်္ကြန်ရေ မြန်မြေစိမ်းလန်း
မာန်ဖြေသိန်းသန်း အေးချမ်းစွာ၊
ရန်ပြေငြိမ်းချမ်း ဘေးမသမ်းပါ၊
လန်းဖြာ ကျန်းမာ ပန်းပမာသို့၊
ဝမ်းသာ ကမ်းလာ မြန်းမကြာတွဲ၊
နှစ်ဖြာလက် မကွာယှက် ခိုင်မြဲ၊
ကမ္ဘာပျက်တိုင် မယိုင်မလဲ။

မပွင့် တပွင့်  ပိတောက်ပွင့်ချိန်
ပင်ဆင့် ပင်ရင့် ပင်မြင့်ခက်နွယ်
တင့်တင့်တယ်တယ် မြူးစုံဝင့်လို့
ဖူးငုံလင့် စုပုံဆင့် ပွင့်စီခြယ်။
 
ပြည်တကျော့ ညီညွတ်ခြင်းရယ်က
အဆင်းကြွယ် သတင်းမယ် ပန်းနှယ်သို့မှန်း
လှမ်းရွယ်စို့ ရွှေပြည်ထောင်
အဆွေ ညီနောင်တို့ရေ
ကမ္ဘာမြေ တလျှောက်မှာဖြင့်
(တို့မြန်မာမျိုးဂုဏ်ရယ်..)
ညွန်းမလောက် ထွန်းတောက်တင့်လျှမ်း။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၄-၄-၂၀၁၃)
(သင်္ကြန်အကျနေ့ အမှတ်တရ)