RSS

Saturday, 23 November 2013

အပြုံးယှဉ်ပြိုင် လတန်ဆောင်တိုင်

















မြူမှုန်ငယ်ခ၊ဆောင်းဝင်ညနှင့်
လှပစုံညီ၊နက္ခတ်စည်ချိန်
ကြည်လင်ပျံ့ခင်း၊တိမ်မှောင်ရှင်းပြီး
သက်ဆင်းနှင်းဆမ်း၊ ခ၀ဲပန်းနှင့်
ပွင့်လန်းထုံကြည်၊မယ်ဇလီပွင့်ကာ
ရာသီလည်းတင့်၊ ရနံ့လွှင့်၍
ထပ်ဆင့် ခြယ်မှုန်း၊ လတန်ဆောင်မုန်း။

အလှူရေစက်၊ မကွာမပျက်
သွန်းဆက်လက်မြတ်၊ ကုသိုလ်ထပ်ဖို့
ထင်ဟပ်မေတ္တာ၊မြတ်စေတနာဖြင့်
သဒ္ဒါစိတ်ရင်း၊ ကထိန်ခင်းကြ၊
ဝေမျှဒါန၊ ပျော်ရွှင်ကြသည်
ဆီမီးလည်းမြိုင်၊ရနံ့လှိုင်၍
သင်းကြိုင်ပျံ့ဖုံး၊အလှဆုံးမို့
အပြုံးယှဉ်ပြိုင်၊ လတန်ဆောင်တိုင်…။

    ရွှမ်းသိင်္ဃ(တနင်္သာရီ)
     (၁၇-၁၁-၂၀၁၃) 
  (တန်ဆောင်းမုန်းလ အမှတ်တရ)

Sunday, 27 October 2013

သည်ဝါကျွတ်ရင်ဖြင့်

















အတင်းတကယ် တကျော့ကျော့
သတင်းကြွယ် လွတ်နေကြတဲ့
(အရပ်ထဲမှာလေ...)
အဖျင်းကွယ် ရွတ်ခဲ့သမျှ
အခုတော့..သီတင်းလည်း ကျွတ်လေပြီ...။

တစ်ပူ နှစ်ပူ ဆင့်လာသမျှ
(တူ တူမတွေ အလယ်မှာလေ)
ကလူ ကမြူ ဖြစ်ပျက်ခဲ့ရပြီ..။
ရက်လနှစ်တွေ ရှိပါစေတော့
တစ်သက်မက ချစ်တစ်လှေဝေလို့
လှစ်ဟ ချစ်ဂဟေ ဆက်စို့ကွဲ့
အပြစ်ခြွေလျက် ချစ်ပိုမို
ကျူထိုထို တဲစုတ်ထဲ လုံးထပ် နေရ နေရ
တူနှစ်ကိုယ် ပဲပြုတ်ဆွဲ သုံးနပ် စားရ စားရ
လူပျို အပျို  ဘ၀ ဒုက္ခပွဲကိုလေ အဆုံးသတ်ချင်ပြီ..။

လောကီရေးရာ အဖြာဖြာမှာဖြင့်
တောမှီတွေးကာ ဘာဝနာကိုလည်း
အခါခါ သတိချပ်မိပြန်တော့
တဏှာ တဏှာ အရှိ တတ်သိရင်
စာ ကဗျာ မငြိ ပြတ်မိပါလိမ့်
ကပ်ငြိ အချစ်ဇောငယ်က
တစ်သက်မှာ တခါ ကျော့မော့လာသမို့
မပျက်စွာ ဒီဝါ ကျွတ်မှာတော့
အပြစ်ဖဲ့ တစ်ယောက်စကားရယ်ကြောင့်
အချစ်မဲ့ ဖောက်ပြား မတွေးဘဲ
(လူကွယ်ရင်လေ)
လစ်ခဲ့.... နှစ်ယောက်သား မဝေးရအောင်
အချစ်တွေ ပိုတိုးပေးဖို့
ခိုးပြေးစို့လေး...။

   ရွှမ်းသိင်္ဃ (တနင်္သာရီ)
    (၂၇-၁၀-၂၀၁၃)
 (ကဗျာချစ်သူ လူပျိုကြီး အပျိုကြီးများအတွက် ၀ါကျွတ်ဟာသကဗျာ)











သီတင်းကျွတ်ချိန်










အထက်ဝဠာ၊လမင်းသာပြီ
ယှက်ဖြာဆီမီး၊ထွန်းညှိပြီးရင်
ကြီးမြတ်ကော်ရော်၊ပူဇော်ကန်တော့မည့်
ဝါကင်းလွတ်သည့်၊
သီတင်းကျွတ်ချိန် ရောက်ခဲ့ပြီ..။

သစ်သီးရယ်စုံ၊ မုန့်စုပုံပြီး
ထုံကြည်သွန်းဖြန့်၊မေတ္တာဓာတ်ဖြင့်
လေးမြတ် ရင်မှာ၊ ဂါရ၀ချီ
ဆရာမိဘ၊ လေးစားသမျှကို
ကုသိုလ်ရဖို့၊ကန်တော့ကြပြီး
အပြစ်ဟူသမျှ ၊ကျေပါစေကြောင်း
ဆုမွန်တောင်းသည်၊
ကောင်းမြတ်စဉ်လာ တစ်ရပ်တည်း..။
  

     ရွှမ်းသိင်္ဃ(တနင်္သာရီ)
     ( ၁၉-၁၀-၂၀၁၃) 




Sunday, 22 September 2013

ခေါသရပ်မုန့်



 














ကောက်ငချိတ် မြေပဲလောင်းလို့
အုန်းနို့ဆောင်း ကျိုရအောင် ။
ရွှေခဲရောင် ဓနိ သကြားဆမ်း
နှမ်းဖတ်ကယ် ဖျန်း။

ကြံသကာ အနှစ်အခဲရယ်သို့
မှန်စွာ တသက်စွဲရအောင်
မာန်ပါပါ အားပျိုးလို့
တအားထိုး ကော် ဗျတ် ခွဲထုတ်
ကျုပ်တို့.. ခေါသရပ်ပွဲမုန့်။


ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၂-၉-၂၀၁၃)
(ခေါသရပ်အကြိုနေ့ အမှတ်တရ)

Friday, 20 September 2013

~~ မျှော်ရင်းတမ်းတ ခေါတရပ်ည~~











နေခြည်သွန်းခ၊တော်သလင်းတည့်
မျှော်ရင်းတမ်းတ၊ခေါတရပ်ညကို
မှန်းဆမြင်ယောင်၊ လွမ်းရိပ်ဆောင်လျှင်
တောင်စဉ်ဝန်းရံ၊မြစ်ပေါင်းခြံပြီး
ပန်းမာန်ထုံစီ၊သင်းဖြာကြည်သည့်
တနင်္သာရီသို့၊ရည်ရွှယ်မျှော်မှန်း၊
(ကျွန်ုပ် )ရွှမ်း ..လွမ်းသည်…။

တိမ်မြူသက်ဆင်း၊ တော်သလင်းတည့်
ကောက်ညှင်းငချိတ်၊ ခွဲကာကြိတ်၍
နှစ်အိတ်တစ်မူ၊ ကောက်ဖြူယူကာ
ရေဆူအောင်လုပ်၊ရောကာပြုတ်ပြီး
ထုတ်ထားသီးသပ်၊မီးမရပ်ခင်
အထပ်ထပ်ထိုး၊အုန်းနို့အိုးကို
ဆင့်တိုးလောင်းထား၊ ဆားသကြားနှင့်
ထိုးသားကျက်ရင်၊မြေပဲဆင်၍
အမြင်မှာလှ၊ အနံ့ရသော်
ပေါ်က နှမ်းဖြူး၊ အုန်းကြော်လူးရင်
တင့်ထူးရသာ၊ရနံ့ကယ်ဖြာလျက်
မယ်မယ်ထိုးလုပ်၊ခေါတရပ်မုန့်ကို
ဖက်ထုပ်ငယ်တွေး၊ အဆွေးပြေရုံ
တလုတ်ကယ် လွေးလိုက်ချင်သည်..။

ဖူးပွင့်ထုံ တောအထပ် အလှရယ် မှန်းပါလို့
ထူးတင့်စုံ  ခေါတရပ်ညငယ်ကို လွမ်းလှချည်လေး..။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၀-၉-၂၀၁၃)
(တော်သလင်းလပြည့်ကျော် ၄ရက်နေ့မှာ ကျရောက်မယ့် တနင်္သာရီ ခေါတရပ်ပွဲကို  ကြိုဆို ဂုဏ်ပြုသည်)

လမြတ်တော်သလင်း
















ပန်းဝတ်လွှာ ယင်းမာတို့
သင်းဖြာတဲ့  အခါမီ
တိမ်မိုးငယ်စီ
နေခြည်ငယ်ဖြာ မြူခြေလျော့ဆင်း
ရေကြည်ဝယ်သာ ပူဝေသွတ်သွင်း
မြစ်တွင်းမယ် လှေတော်ငယ်ခင်း
လမြတ်တော်သလင်း..။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၉-၉-၂၀၁၃)
(တော်သလင်းလပြည့်နေ့ အမှတ်တရ)

Sunday, 15 September 2013

နှစ်သစ်ဧည့်သည်

















ဧည့်သည်လာမယ်တဲ့
ချစ်စရာအကောင်းဆုံးနှင့်
လက်ရာ အကောင်းဆုံး ချက်ထားတယ်..။

အသိဟောင်း အတွက်မို့
ငါးပိထောင်းတစ်ခွက် တော့ သုပ်ထားတယ်..။

အကြော်အလှော် အရွက်ကယ်နှင့်
ငါးကြော်လည်း အချဉ်ချက်ထားတယ်..။

သုံးထပ်ကယ် ၀က်သားရယ်နှင့်
ကြက်သားမှာ မျှစ်ချဉ်ရောပါလို့
လက်ဖျားခါ ချက်ချင်ဇောရယ်က
ပေါများလှ သပြန်…။

ဧည့်လာရင် ရွှမ်းဆရာ ပျော်ရပြီမို့
ဧည့်ပြန်ရင်ဖြင့် ရွှမ်းဆရာအဖို့မှာ
လွမ်းစရာများရယ်ကျန်…..။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၆-၁-၂၀၁၃)