RSS

Monday, 17 February 2014

ပွင့်ပေါက်လဲနှင့် ထမနဲပွဲ














နှင်းမှုန်ငယ်ကျဲ

နှင်းခဲရယ် အရည်ပျော်

တစ်မျှော်တစ်ခေါ် ပွင့်ပေါက်လဲ

ခက်တံထက် ရဲ..။


ရာသီလပွဲ

ချွေးရွှဲအောင် တူပြိုင်နွှဲ

တပို့တွဲ နှင့် ထမနဲ

အားစိုက်မာန်ခဲ…။

 ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၇-၂-၂၀၁၄)
 (တပို့တွဲလ အမှတ်တရ)

Saturday, 18 January 2014

ပြာသိုလ သင်္ကေတ



ဆောင်းလပြာသို၊ပန်းခွာညိုတို့
နှင်းစို ဖြန့်ခင်း၊ရနံ့သင်း
ခင်းသည်လေ့…သင်းသည်လေ့..။

 ပွင့်ပန်းဝတ်ရည်၊ ချိုမြကြည်၍
သယ်ချီပျားစု၊ အိမ်အုံပြုသည်
စုသည်လေ့ …ပြုသည်လေ့..။

နက္ခတ်ဖုသျှ၊ လမကာရ
သော်တာယှဉ်ညွန်း၊ ထွက်ပေါ်ထွန်းသည်
ညွန်းသည်လေ့… ထွန်းသည်လေ့…။

ရဲစိတ်အားမာန်၊ ဇွဲစိတ်သန်ဖြင့်
ခုန်ကျော်မြင်းခင်း၊ သဘင်ကျင်းသည်
ခင်းသည်လေ့.. ကျင်းသည်လေ့…။

သည်လ သည်ခါ၊ ရာသီသာ၍
ပြာရီဖျော့ဖျော့၊ ဆောင်းလေသွတ်ချိန်
ကန်တော့မာတာ၊ ဂုဏ်ရှိန်လွှာကို
စိတ်မှာရည်ရွယ်၊ မေတ္တာကြွယ်သည်
ရွယ်သည်လေ့ …ကြွယ်သည်လေ့…။

      ရွှမ်းသိင်္ဃ(တနင်္သာရီ)
      ( ၁၈-၁-၂၀၁၄)
 (ပြာသိုလ အမှတ်တရကဗျာ)

Thursday, 2 January 2014

အိမ်အပြင်ဘက်က နှစ်သစ်ကူးည




 အချိန်ကို လေယာဉ်လုပ်
 အတွေးစိတ်ကူးတအုပ်ကို အဖော်ပြုပြီး
 သက္ကရာဇ်တွေ နောက်ပြန်ဆုတ်ချင်တယ်..။

 လုပ်သင့်တာတွေ လုပ်ဖို့
 လုပ်ချင်တာတွေ လုပ်ဖို့
 နောင်တတရားတွေ ခါးမှာချိတ်လို့
 အမှားဆိုတာ မရှိရလေအောင်
 အသိကို သတိလေး ထည့်ထည့်ကျွေးရင်း
 နုနုရွရွ လူ့ဘ၀လေးကို ပြန်ဆေးခြယ်ချင်တယ်..။

တစ်နှစ်ပြီးတစ်နှစ်
ဂဏန်းလေးတွေ ချိန်းသွားကြတာ
သိပ်မသိသာလိုက်ဘူး..။
ဇရာလက်ဆောင် တဲ့
မှန်ကြည့်မိတိုင်း
ဆံပင်ဖြူတွေ ထိုးထောင် ထိုးထောင်နှင့်
လျစ်လျူရှုထားတဲ့ ကဗျာတစ်ပုဒ်ကို
ဘာသာပြန်ပြနေတယ်...။

အဓိပ္ပာယ်ရှိတဲ့ နေ့ရက်တွေ
အဓိပ္ပာယ်မဲ့နေတဲ့ နေ့ရက်တွေ
အလွမ်းတွေ.. အဆွေးတစ်လှေ...
ပြေးရင်း လွှားရင်းနှင့် မျှော်လင့်ချက်တွေပဲ
ခြေရာခံ လိုက်ရှာနေမိတယ်...။

 တစ်ချိန်..
 နောက်တစ်နှစ်...
 နောက်တစ်နှစ်..
 သေချာ မရေရာတဲ့ အနာဂတ်တွေအတွက်
 ခန္ဒာကို ချချကျွေးရင်း
 အဆုံးမရှိမှန်းသိရက်နှင့်
 အလျားလိုက်ကူးခတ်လျက်
 ရေစုန် ရေဆန် လေထန်ချင်ထန်
 မုန်တိုင်းရှိမှန်းသိနေတာတောင် ကမ်းမကပ်နိုင်သေးတဲ့အဖြစ်မျိုးနှင့်
 ဘယ်လောက်ထိ သရုပ်ဆောင်ရမယ်မှန်းမသိတဲ့
 ခပ်ငန်ငန် တေးတစ်ပုဒ်ကို
 ရူးရူးမူးမူး သီကြွေးခဲ့တာ
 အခုဆို နှစ်သစ်တကြိမ်ကူးပြန်ပြီကိုး..။


 အိမ်ပြင်ဘက်ကို ထွက်ပြေးရင်း
 အိမ် ကို လွမ်းလွမ်းမိနေတယ်..။
 လက်ကျန်  သိက္ခာ တွေ သွန်းလောင်းထားတဲ့ မာနကို လျော့အောင်
 တစ်စက်ချင်း သွန်ချပစ်ဖို့ စိတ်ကူးထားတယ်။
 အိမ်ထဲကို ပြန်ဝင်ဖို့ အားအင်တွေ မွေးရမယ်
 အခုလောလောဆယ်တော့
 နှစ်သစ်နေရောင်ခြည်ရဲ့ အနွေးဓာတ်ကို ရယူဖို့
 ဒီတစ်ညတော့ အိမ်အပြင်မှာ ရှိနေဦးမယ်..။


    ရွှမ်းသိင်္ဃ (တနင်္သာရီ)
        (၁-၁-၂၀၁၄)
 (နှစ်သစ်ကူးည အမှတ်တရကဗျာ)









နှစ်သစ်ဟိုက်ကုကဗျာလေးများ













(၁) ရွှေရည်သွန်းကာချ
      ဝေကြည်ရွှန်းမြ နှစ်ကူးမို့
      အချစ်ဦးသို့...လွမ်း..။ (၂၀၀၇- တောဝက်နှစ်)


(၂) ဆောင်းလေညှင်းသွဲ့သွဲ့
     နှင်းတဖွဲ့ဖွဲ့  ပွင့်ဝေစည်
     နှစ်သစ်ကူးလေပြီ..။  ( ၂၀၀၈- ကြွက်နှစ်)
    


 (၃) ဟောင်းနွမ်းရွက်ဝါကြွေ
     ဆောင်းပန်းပွင့်လွှာ ဖူးစည်ဝေ
     နှစ်သစ်ကူးပြီလေ...။ (၂၀၀၉- နွားနှစ်)


   (၄) ဆောင်းဟေမာန် တကျော့
       မြောက်ပြန်လေနှင့် ရွက်ကြွေတော့
       နှစ်သစ်ကူးပြီပေါ့..။ (၂၀၁၀- ကျားနှစ်)


     ရွှမ်းသိင်္ဃ (တနင်္သာရီ)
   
  (နှစ်အလိုက် ဆုရကဗျာများကို အမှတ်တရ ဖော်ပြခြင်းဖြစ်ပြီး ကြွက်နှစ်အတွက် ကဗျာမူရင်းကိုမူ မမှတ်မိတော့ပါ..။)




   

နှစ်သစ်အတွက် ကဗျာ












ကြယ်ရောင်စုံလင်းလက်
မိုးထက်ဝဠာ အလင်းဖြာ
သော်တာ အလင်းပြ
လှစ်ဟကဗျာ ပွင့်ဖူးစည်
ချစ်ရကမ္ဘာ နှစ်ကူးပြီ..။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
 (၂၀၀၅ခုနှစ် (ခွေးနှစ် ) - NHK ဒုတိယဆုရ ကဗျာလေး)

Friday, 20 December 2013

ရွှေပြည်မျှော်မှန်း ပိုလွမ်းသည့်လ












မြူမှုန်ငွေနှင်း
ဖြန့်ကာခင်း၍
သဇင်ပန်းမင်း ပွင့်လန်းတဲ့ လ...။

ဆောင်းလရာသီ
အခါမီသမို့
နှင်းရည်ပက်ဖျန်း ချမ်းသည့်လ..။

အနေထားအရ
ရေမြေခြားနေလည်း
ဆောင်းလေဆွတ်ဖျန်း
နှင်းပန်းပွင့်ချိန်
သဇင်ပွင့်ချိန်မို့
ပင်ယံမှာတင့်
အလှတွေဆင့်ကြ
သည်လ သည်မွန်
လနတ်တော်ဝယ်
ရွှေပြည်မျှော်မှန်း ပိုလွမ်းသည့်လ..။

    ရွှမ်းသိင်္ဃ(တနင်္သာရီ)
    (၂၀-၁၂-၂၀၁၃)
 (နတ်တော်လ အမှတ်တရ ကဗျာ)

 

Friday, 13 December 2013

~~ ပြည့်အားအင်သစ် အပတ်စဉ် ၅၂ ~~ (ချစ်ညီငယ် ဗိုလ်ကြီးများအတွက် ဂုဏ်ပြုကဗျာ)






 ရွှေဘုန်းရယ်တင့်ပါလို့
 ပုခုံးထက်မှာက
သုံးပွင့်ကြယ် လှစီခြယ်..။

ဘ၀င်မှာ ပျော်မဆုံးပြီမို့
အစဉ်သာပြုံး ကြိုဆီးမိပါရဲ့
ဗိုလ်ကြီးအဖြစ် ငါ့ညီငယ်..။

အမှန်တကယ် အသက်နှင်းပါလို့
ရန်အစွယ် စစ်ခွင်းကာပ
ချစ်ခြင်းဖွဲ့ အမုန်းများဖယ်..။

ပြည်ထောင်ပြု စိမ်းလန်းဖြာဖို့
ညီနောင်တစ်စု ငြိမ်းချမ်းစွာဖြင့်
ညီညာကာ ပြည်သာယာရေးကိုလ
တွေးမျှော်လျက် အမြဲယှက်ရွယ်
တွဲလက်ငယ်အစဉ် ဆက်ပါလို့
ခင်မပျက် မြန်ပြေ တနံတလျားမှာဖြင့်
ရွှေကြယ်စင် နေတနှုန်းအလား
ပခုံးဝယ် ကျရာဝန်တာ ထမ်းပါလို့
အပြုံးမပျက် ရန်မာန်တားကြတဲ့
ပြည့်ချစ်သားပင် စစ်မှန်သမို့
ပြည့်တွက်အားအင်သစ် ဖြစ်ရန်ရည်ရွယ်
(ချစ်ညီငယ် ငါးဆယ့်နှစ်တို့ရေ)
နှလုံးသားမှာဖြင့် ပြည့်ကာကွယ်လို့
(ပြည်မြန်မာအတွက်လေ) အပြုံးများစွာလည်း…သယ်…။

                  ရွှမ်းသိင်္ဃ(တနင်္သာရီ)
                     (၁၁-၁၂-၂၀၁၃)
( ၁၁-၁၂-၂၀၁၃တွင် ရာထူးတစ်ဆင့်တိုးမြှင့်ခဲ့သော ကျနော်၏ ဂါဒီယမ် ချစ်ညီငယ် ၂ယောက်နှင့်အတူ အပတ်စဉ် ၅၂ကျောင်းဆင်း ညီငယ်ဗိုလ်ကြီးများသို့ ဤကဗျာဖြင့် ကြိုဆိုဂုဏ်ပြုပါသည်..။ ပြည်သူက မွေးဖွား၊ ပြည်သူ့သားမို့၊ပြည်သူကချစ်၊ ပြည်လည်းချစ်ပြီး ပြည့်အင်အားဖြစ်၊ ပြည်သူချစ်သော တပ်မတော်သားပီသစွာ ပြည့်အကျိုးကို ကျရာကဏ္ဍမှာ အရင်ကထက် ပိုမိုပြီး ထမ်းရွက်နိုင်ပါစေ…။ ရာထူးအဆင့်ဆင့် မြင့်တက် ၊စိတ်ဓာတ်ခွန်အား ရင့်ကျက်ပြီး တာဝန်ကျေသည်ဆိုသော စကားလုံးထက်ပိုသော ကောင်းမြတ်သည့် စေတနာ၊ဇွဲ၊လုံ့လများစွာဖြင့် နိုင်ငံ့နှင့် လူမျိုး အကျိုး၊ဘာသာ သာသနာအကျိုးကို သည်ထက်မက သယ်ပိုးထမ်းဆောင်နိုင်သော သားကောင်းရတနာလေးတွေ ဖြစ်ပါစေကြောင်း ဆန္ဒပြု ဆုတောင်းပေးပါတယ်..။ချစ်ညီငယ်တို့ ဘေးဘယာ ဝေးကွာ ကျန်းမာ ရွှင်လန်းကာ လိုရာဆန္ဒအားလုံး ပြည့်ဝပါစေ..။)