RSS

Wednesday, 16 May 2012

အနာဂတ် မြန်မာပြည် အတွက် တွဲလက်များ


ကျူးရင့် မြူးဝင့် ငြိမ်းချမ်းရေးတေးရယ်နှင့်၊

ဖူးပွင့် ထူးတင့် စိမ်းလန်းပန်းဝေ၊
အမိမြန်ပြေ အနာဂတ်အရေး၊
အခါမလပ် ငေးမျှော်၊
အရှေ့တခေါ် မဝေးလှပြီမို့
တွေးပျော်ကာ အတူယှဉ်နွှဲဖို့
(သွေးရင်းညီနောင်ချစ်ဆွေတို့ရေ..)
တွဲလက်တွေ ခိုင်မြဲ။

                                                          ရွှမ်းသိင်္ဃ (တနင်္သာရီ)
    ( ၁၆-၅-၂၀၁၂)

(အနာဂတ် မြန်မာပြည် သီချင်းလေးကို နားထောင်ပြီး ကဗျာ အတွေး ပေါ်လာတာနှင့် အမှတ်တရ ရေးလိုက်ခြင်းသာ ဖြစ်သည်..။ သီချင်းလေးကို http://www.myanmarcelebrity.com/ မှ တဆင့် ဝေငှယူလိုက်သည်..။ ကဗျာ ချစ်သူတို့ သီချင်းလေးကိုလည်း နားထောင်ပြီး ကြည်နူးပျော်ရွှင်နိုင်ပါစေ..။) 

                           အနာဂတ် မြန်မာပြည် ( The Future Myanmar song)



Sunday, 13 May 2012

အေးမြသော မေတ္တာပိုင်ရှင်




ဇမ္ဖူတိုင်းမှာ အဖြေညှိပြရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေရှိကြတယ်။

မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေရှိတယ်။

ချစ်သဒ္ဒါဝေကဲ
ပြည့်တန်ဆာအမေလည်းအမေ
အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်းအမေ
အကြောင်းတရား အခြေမွဲ
သူတောင်းစားအမေလည်း အမေ

သားသမီးတွေ ကြီးပွားစေရာဘို့
စီးပွားအထွေထွေ
စိန်ရွှေပတ္တမြား အိမ်မြေကားနှင့်
ငွေသားအမွေ
ပေးနိုင်မှ အမေမဟုတ်။

ယိုင်နဲ့နဲ့တဲအတွင်း
လှဲအိပ်ခင်းစရာနေရာ တိုးဖယ်ပေးခဲ့
အရိုးဟင်းတစ်ဖဲ့စီဝေ
ထမင်းရည်အတူသောက်
ဗိုက်မှောက်တော့အတူတူ
(ခြင်ထောင်မရှိ ၊ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့)

ခြင်ကိုသွေးလှူအတူတူ
ကြမ်းပိုးသွေးလှူအတူတူ
အပူကိုမျှဝေခံစား
ဒုက္ခကို ပိုမိုလေးနက်စေ။
ပညာအမွေရွှေအိုး
ရိုးသားမှုဂုဏ်သိက္ခာ
မေတ္တာအကြင်နာမှတပါး
အခြားပေးစရာ အထွေထွေမွဲသော်လည်း
အမေဟာအမေပဲလေ။



အရှင်ဇ၀န ( ရွှေပြည်သာ )
 
( ကဗျာလေးကို ကြိုက်လွန်းလို့     အမေများနေ့  အတွက် အမှတ်တရ ဝေငှလိုက်ပါတယ်...။  အမေအားလုံး ထာဝစဉ်နေကောင်းပါစေ...။)


 မနော ရဲ့   အမေ့သံစဉ်တေးရုပ်လွှာ



Saturday, 12 May 2012

မယ်မယ်အတွက် (အမေများနေ့ အမှတ်တရ ဟိုက်ကု ကဗျာများ)





၁)  ချစ်ထုံးရယ်မပြယ်
      မေတ္တာဓာတ်လည်း သွန်းဆင့်ကြွယ်
      သားချစ်သော မယ်မယ်။



၂)   တုနှိုင်းရယ်မရ
      ချစ်ခြင်များလည်း ၀န်းရံခ
       မယ်မယ်ပေးတဲ့ ဘ၀။


 ၃)   ကြင်နာဓာတ်လွှမ်းခြုံ
      ရင်နှင့်ရင်း၍ ချစ်လိုက်ပုံ
      ညွှန်းစာဖွဲ့   မကုန်..။


၎)  ကြင်နာပန်းတို့   ဝေ
     ရင်မှာ နွမ်းသမျှ လျော့ပြေ
     မယ်မယ် ကိုယ်စိတ် ချမ်းမြေ့စေ...။
     
     


       ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၃-၅-၂၀၁၂  အမေများနေ့ အမှတ်တရ--
ကမ္ဘာမှာရှိသော အမေများအားလုံး ထာဝစဉ် နေကောင်းကြပါစေ...။)

အမေများအတွက် အမှတ်တရ...။


 





Monday, 7 May 2012

လမြတ်နွေ ကဆုန်


















ရွှေစကားပွင့်ရယ်နှင့်
မြေသားလည်းတင့်ချိန်
ပွင့်ထိန်ထိန် ပန်းအင်ကြင်းတို့
ရနံ့ထုံသင်းကြည်
ရာသီမှာ အခါပြိဿ
'ဗျာဒိတ်ပြ ဖွားမြင်၊
ဗောဓိပင်၊ စံဝင် နိဗ္ဗာန်နန်း'ရယ်ဟု
စိတ်မှာမှန်းရွယ် နောင်ရှည်ထွန်းဖို့သာသနာ
ညောင်ရေသွန်းသည့် အစဉ်အလာကိုလေ
ရင်မှာ မြတ်တရားရယ်နှင့်
မပြတ်ပွားကာ ဆင်ခြင်ကြသည်မို့
မြင်မြင်သမျှ အလှရယ် ၀င့်ပါဘိ
အဖူးအပွင့်အငုံအစုံစုံ
အို .. လမြတ်နွေ ကဆုန်…။

     ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၅-၅-၂၀၁၂ ကဆုန်လပြည့်နေ့  ဗုဒ္ဒနေ့  အမှတ်တရ)


Thursday, 3 May 2012

မြန်မာလို လှစေဖို့















အနုဝယ် အယဉ်ဆင့်
 အမြင်မှာ တကယ်တင့်ပါဘိ 
အပင့်မျက်လွှာ အကြည့်မယ်
 ငြိတွယ်မိရပါလိမ့် 
အို.. အမိ မြန်မာမလေးရယ်..။
 ဆံထုံးနက်မှောင် ကေသာကြော့သွယ်နှင့်
 အပြုံးတစ်ချက်မောင် ကြွေရှာရော့မယ် 
ပန်းချီကဗျာ စုဖွဲ့ကြပေမယ့် 
အနုအသွဲ့ ကြွယ် လှသထက်လှသမို့ 
လက်မှိုင်လို့ ရယ်ရှုံး..။ 
နဂိုယဉ် အလှဆုံးသူတွေရယ် 
ဘယ်လိုပင် အနောက်တကြော သူတွေသို့ 
အားကျကာ မ၀တ်ချင်စမ်းပါနဲ့
 မြန်မာအလှ ကမ္ဘာပြဖို့ရာ 
ပါးပြင်မှာ သနပ်ခါးတင် ခြယ်မှုန်း 
ရင်ဖုံး မှာ ချိတ်ထဘီဆက်ပါလို့ 
အမျိုးချစ်မြန်မာမရယ်ဟု 
အိနြေ္ဒ ရွှေနှင့် မလဲနိုင်ပါဘု
 အစဉ်လာဂုဏ်ရောင်သွေးရယ်နှင့် 
 မြင်သူတကာငေး ငေးရအောင်ပါ့ 
အလှဂုဏ် မြင့်တင်ပေး။ 


 ရွှမ်းသိင်္ဃ (တနင်္သာရီ) 
(၄-၅-၂၀၁၂)






Monday, 16 April 2012

သင်္ကြန်အိပ်မက် .. သင်္ကြန်ဆုတောင်း














သက္ကရာဇ်ကို ဖြို
နှစ်သစ်ကို ကြိုလိုက်ချင်ပါရဲ့
မမိုက်ဖို့ အတွေးရယ်မှာ
အဆွေး အိပ်မက်ဝယ်
ရေတစ်စက်နှင့်
ပိတောက်တစ်ခက်တောင် မချန်ခဲ့
ရှာကြံပြီး လွမ်းရပါလိမ့်
သြော်.. ဟို အတိတ်က အတာသင်္ကြန်..။

မနက်ဖန်ဆို နှစ်ဟောင်းက ဆုတ်ထွက်
နှုတ်ဆက်ပေါ့ နှစ်သစ်ဆီ
အချစ်စစ် တပွေ့တလီရယ်နှင့်
အမေ့မြန်ပြည် တကြောမှာလေဗျ
တောရော မြို့ပါ မကျန် လူသိန်းသန်းတို့
အတူ ငြိမ်းချမ်းစေဖို့ရည်
ကိန်းဂဏန်း ဗေဒင် ယတြာ မရောယှက်
စိမ်းလန်း မြေတခွင် မြန်မာ ထွန်းသစ်ဖို့
(အပေါင်းသင်း ဆွေသဟာ တို့ရေ…)
စာကဗျာ ညွန်းလျက် ဆုခြွေလိုက်ပြီ…။



ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၆- ၄ - ၂၀၁၂)

(ကဗျာ ချစ်သူတို့ နှစ်သစ်မှာ အိပ်မက်လေးတွေ အကောင်ထည်ဖော်နိုင်ပါစေ..။ )

Saturday, 14 April 2012

သင်္ကြန်ကဗျာ သင်္ကြန် အလွမ်း











တောင်လေ မမြူး
ပိတောက် မဖူးလည်း
စိတ်ကူးလေးနှင့် ရူးရသည်.. မြူးကြွပြီ..။

ဥသြ မတွန်ကျူး
ငုရွှေ မဖူးလည်း
တန်ခူးတေးနှင့် မြူးကြွသည် ထူးပပြီ..။

မိုးဝဠာ တင့်လျှမ်း
ဧပြီဆန်းရင်
သင်္ကြန်ကို မှန်း ....တမ်းတရသည် .. လွမ်းရပြီ..။

နေရောင် မထိုး
တိမ်မှောင် မိုးသည်း
ရွာသွန်းသည့်မိုး
သင်္ကြန်မိုးဟု .. သတ်မှတ်ရသည် မှတ်ရပြီ..။

ရွှေပြည်တော်လည်းဝေး
အပြင်ကမ္ဘာ ငေးလည်း
ရင်မှာကွယ်.. အတွေးနှင့် ..အဆွေးနှင့်...။

ကျွန်ုပ်နှင့် နှစ်သစ်ကူး
(မနှစ်ကထက်) သိပ်မထူးလည်း
စိတ်ကူးလေးနှင့် မြူးရသည်... ထူးရပြီ..။


ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၄- ၄- ၂၀၁၂)
(သင်္ကြန် အကြတ်ရက် အမှတ်တရ)

(ကဗျာချစ်သူတို့ ပျော်ရွှင်ကြည်နူး မင်္ဂလာ နှစ်သစ်ကူးဖြစ်ပါစေဗျ...။