Sunday, 22 September 2013
Friday, 20 September 2013
~~ မျှော်ရင်းတမ်းတ ခေါတရပ်ည~~
နေခြည်သွန်းခ၊တော်သလင်းတည့်
မျှော်ရင်းတမ်းတ၊ခေါတရပ်ညကို
မှန်းဆမြင်ယောင်၊ လွမ်းရိပ်ဆောင်လျှင်
တောင်စဉ်ဝန်းရံ၊မြစ်ပေါင်းခြံပြီး
ပန်းမာန်ထုံစီ၊သင်းဖြာကြည်သည့်
တနင်္သာရီသို့၊ရည်ရွှယ်မျှော်မှန်း၊
(ကျွန်ုပ် )ရွှမ်း ..လွမ်းသည်…။
တိမ်မြူသက်ဆင်း၊ တော်သလင်းတည့်
ကောက်ညှင်းငချိတ်၊ ခွဲကာကြိတ်၍
နှစ်အိတ်တစ်မူ၊ ကောက်ဖြူယူကာ
ရေဆူအောင်လုပ်၊ရောကာပြုတ်ပြီး
ထုတ်ထားသီးသပ်၊မီးမရပ်ခင်
အထပ်ထပ်ထိုး၊အုန်းနို့အိုးကို
ဆင့်တိုးလောင်းထား၊ ဆားသကြားနှင့်
ထိုးသားကျက်ရင်၊မြေပဲဆင်၍
အမြင်မှာလှ၊ အနံ့ရသော်
ပေါ်က နှမ်းဖြူး၊ အုန်းကြော်လူးရင်
တင့်ထူးရသာ၊ရနံ့ကယ်ဖြာလျက်
မယ်မယ်ထိုးလုပ်၊ခေါတရပ်မုန့်ကို
ဖက်ထုပ်ငယ်တွေး၊ အဆွေးပြေရုံ
တလုတ်ကယ် လွေးလိုက်ချင်သည်..။
ဖူးပွင့်ထုံ တောအထပ် အလှရယ် မှန်းပါလို့
ထူးတင့်စုံ ခေါတရပ်ညငယ်ကို လွမ်းလှချည်လေး..။
ရွှမ်းသိင်္ဃ
(တနင်္သာရီ)
(၂၀-၉-၂၀၁၃)
(တော်သလင်းလပြည့်ကျော် ၄ရက်နေ့မှာ ကျရောက်မယ့် တနင်္သာရီ ခေါတရပ်ပွဲကို ကြိုဆို ဂုဏ်ပြုသည်)
Sunday, 15 September 2013
နှစ်သစ်ဧည့်သည်
ဧည့်သည်လာမယ်တဲ့
ချစ်စရာအကောင်းဆုံးနှင့်
လက်ရာ
အကောင်းဆုံး ချက်ထားတယ်..။
အသိဟောင်း
အတွက်မို့
ငါးပိထောင်းတစ်ခွက်
တော့ သုပ်ထားတယ်..။
အကြော်အလှော်
အရွက်ကယ်နှင့်
ငါးကြော်လည်း
အချဉ်ချက်ထားတယ်..။
သုံးထပ်ကယ်
ဝက်သားရယ်နှင့်
ကြက်သားမှာ
မျှစ်ချဉ်ရောပါလို့
လက်ဖျားခါ
ချက်ချင်ဇောရယ်က
ပေါများလှ
သပြန်…။
ဧည့်လာရင်
ရွှမ်းဆရာ ပျော်ရပြီမို့
ဧည့်ပြန်ရင်ဖြင့်
ရွှမ်းဆရာအဖို့မှာ
လွမ်းစရာများရယ်ကျန်…..။
ရွှမ်းသိင်္ဃ
(တနင်္သာရီ)
(၆-၁-၂၀၁၃)