RSS

Monday 28 February 2011

အသက်ဝင်လာသော မြန်မာဂန္ထ၀င်ကဗျာလေး(၂)- (လှည်းယဉ်တော်)

စာရေးသူအတွက် တက္ကသိုလ်ကျောင်းသားဘ၀ထဲမှာ အမှတ်တရ ဖြစ်နေဆဲ ကဗျာလေးတွေအများကြီးရှိသည်..။ ဒုတိယနှစ် မြန်မာစာ ကဗျာထဲက မာန်လည်ဆရာတော်ရေးသားသော လက်ဖက်ရည် ကဗျာလေးနှင့် ဦးရာကျော် ရေးသားသော ကျေးလက်အလှကို ဖော်ညွန်းတဲ့ လှည်းယာဉ်တော် ကဗျာလေးတွေက သံစဉ်ထည့် ဆိုရကောင်းသဖြင့် စာရေးသူ နှုတ်ထက်တွင် အခုထိ စွဲထင်နေသေးသည်..။ မှတ်မှတ်ရရပါပဲ..စာရေးသူ တက္ကသိုလ် ကျောင်းသားဘ၀က အမှတ်မထင် ရွတ်ဆိုခဲ့တဲ့ လှည်းယာဉ်တော် ကဗျာလေးကတော့ အသက်ဝင်လာခဲ့သည်ဟုဆိုရပေမည်..။





ယနေ့ခေတ် မြန်မာသံစဉ်များ ပြန်လည်အသက်သွင်းလာတဲ့အချိန်မှာ စာရေးသူ ခရေစီဖြစ်ခဲ့တဲ့ ကဗျာလေးလည်း အသက်ဝင်ရှင်သန်လာတဲ့အတွက် အတိုင်းမသိပျော်ရွှင်မိတာတော့ အမှန်ပါပဲ..။ သီချင်းလေးကို မဖော်ပြခင်- မူရင်းကဗျာစာသားများကို လေ့လာဦးစို့ရဲ့..။ ကဗျာက ဦးရာကျော်ရေးသားတဲ့ လေးချိုးအမျိုးအစားကဗျာလေးဖြစ်ပါသည်.။ မူရင်းကဗျာစာသားကတော့ -
" ပွဲဆင်တော် ပြသပေးရန်မို့ 
လှည်းယဉ်တော် ကြွကြွလေးရယ်နဲ့ 
မမလေးကိုတဲ့ လိုက်ဖို့ ခေါ်။

တချို့ ကချောသနဲ့ 
တို့ တောနယ် ရွာတစဉ်မှာတော့
မြို့ ကျောဖွယ် တန်ဆာဆင်ကြပုံက
အပြာတွင် မဲရောင်ခရမ်းရယ်နဲ့ 
ပ၀ါဆင် ဖဲစောင်မှ ဆန်းတယ်လို့ 
ထာဝစဉ် ပွဲဘောင်ကို မြန်းကြတယ်
ကဲ ပြောင်းခန်းဖေါ်တယ်နော် ကွယ်
လှည်း ဆောင်းပန်းပေါ်။

တူပြိုင်ကာ နှစ်ယောက်တဲပါလို့ 
ချူမြိုင်စွာ ခလောက်ဆွဲတဲ့ပြင်
နောက်လှည်းက ရှေ့လှည်းကိုကျော်
ဟေ့ဟဲ အော်လို့ သောင်းညံကြွေး
ကွေ့ လွှဲချော်လို့  မောင်းပြန်သေး။

တို့ အလျင်
မြို့ အ၀င် သညာဂုဏ်ကြောင့်
သို့ မှပင် မြင်ခါကြုံတော့မယ်လို့ 
ပျို့ သခင် ရင်ပါခုန်တဲ့အောင်
အားအန်ကုန် သိပ်ကွာမဝေးဖို့ 
ကြွားမာန်ဟုန် ထိပ်ကြားကလေးရယ်နဲ့ 
နွားကြန်စုံ ပိဿာပေးတို့ ကို
မိုးမော့က နှေးမှာကြောင့်
ကြိုးလျော့လို့ ပေး။
" ဟူ၍ဖြစ်သည်..။ ကျေးလက်အငွေ့အသက်လေးတွေနှင့် ကျေးလက်ဓလေ့လေးတွေ ထုံမွှန်းနေတဲ့ကဗျာလေးပါ..။ကဗျာကို ဖတ်လိုက်တာနှင့် အသံသာပြီး ချစ်စရာတောဓလေ့ လှည်းယာဉ်တော်အလှနှင့် ကျေးတောသူအလှအပလေးတွေကို မြင်ယောင်အောင် ဖော်ပြနိုင်စွမ်းရှိသည်..။ မြတ်နိုးဖွယ် ကျေးလက်သရုပ်ကို လှစ်ဟပြနေတဲ့ ဤကဗျာလေးကို အခုခေတ်တွင် လင်းခေးလုလင် က တေးသံစဉ်သွင်းပြီး တေးသံရှင် အိအိချွန်က ပုံဖော်သီဆိုအသက်သွင်းထားသဖြင့် ကြည်နူးဖွယ် ခံစားမှုရသကို ပေးစွမ်းသည်ကို သိရှိနိုင်ပေမည်..။ ဤကဗျာလေးမှ ခလောက်သံတချွမ်ချွမ်နှင့် ပြေးလွှားနေတဲ့ နွားကြန်စုံနှင့်ဆင်ယင်တဲ့ လှည်းယာဉ်အလှများအပြင် ကျေးတောသူလေးတွေရဲ့ ပွဲတော်ထွက်အပြင်အဆင်အလှများကိုပါ ကြည်နူးဖွယ်ခံစားရင်း ကျေးလက်ဓလေ့ကို ချစ်မြတ်နိုးတန်ဖိုးထားနိုင်စေရန် ရည်ရွယ်ရင်း အသက်ဝင်လာသော ဂန္ထ၀င်ကဗျာလေးကို တေးရုပ်သံနှင့် ယှဉ်တွဲဖော်ပြလိုက်ပါသည်..။

ကဗျာဆရာ ဦးရာကျော်၏ အသက်ဝင်နေသော
လှည်းယာဉ်တော် တေးကဗျာ ကြည့်ရှုခံစားရန်


ရွှမ်းသိင်္ဃ(တနင်္သာရီ)
( ၂ဂ- ၂-၂၀၁၁)

အသက်ဝင်လာသော မြန်မာဂန္ထ၀င်ကဗျာလေး (၁)- (ပန်းပန်လျက်ပဲ (ခ) ဗေဒါပန်း)

စာရေးသူ အခုလို ခေါင်းစဉ်မပေးခင်ကတည်းက ကဗျာလေးတွေကို သံစဉ်သွင်း လိုက်ပြီ ဆိုရင်ပဲ သီချင်းကဗျာလေးအဖြစ် အသက်ဝင်လာပြီလို့ သိရပေမည်..။မူလ အစကပင် ကဗျာမည်သည် သီချင်း၏ အခြေခံ ရေသောက်မြစ်တစ်ခုသာဖြစ်သည်ဟု အားလုံးသိပြီးသားပင်..။ ကဗျာ အားလုံး သီချင်းမဖြစ်နိုင်သလို သီချင်းအားလုံးက ကဗျာ မဖြစ်နိုင်ပါ ဟု ယူဆရင်လည်းရသည်..။ ဒါပေမယ့် အသံသာသော ကဗျာလေးများ.. ၊ လူကြိုက်များသောကဗျာလေးများ..၊သံစဉ်သွင်းလို့ကောင်းတဲ့ ကဗျာလေးများသာ သီချင်းအသွင်ပြောင်း ပြန်ခံစားကြည့်သည့်အခါ အလွန်နားဝင်ချိုသော သီချင်းလေးတွေဖြစ်လာသည်က အမှန်ပင်..။သီချင်းအသွင် ပြောင်းလိုက်ခြင်းအားဖြင့်လည်း တေးဂီတ သံစဉ်နှင့်အတူ ကဗျာပါ အချက်အလက်များကို ပိုမိုခံစားခွင့်ရပြီး ကဗျာ၏ ဆိုလိုရင်းကိုလည်း ပိုမိုမြင်သာစေသည်ဟု ယူဆရပေမည်..။



သီချင်းအသွင်ပြောင်းလိုက်ခြင်းဖြင့် အသက်ဝင်လာသော ကဗျာလေးတွေကို စာရေးသူ ခံစားဖော်ပြပါမည်..။ပထမဦးဆုံးဖော်ပြချင်သော ကဗျာလေးကတော့ ဂန္ထ၀င်ကဗျာဆရာကြီး ဆရာဇော်ဂျီ၏ ဗေဒါလမ်း ကဗျာစုထဲမှ "ပန်းပန်လျက်ပဲ" ကဗျာလေးပါ..။ဤကဗျာလေးကို ဆရာဇော်ဂျီက ၁၉၆၀ခုနှစ်ထုတ် အိုးဝေ magazin မှာ ရေးခဲ့တာပါ..။ ကဗျာရဲ့ မူရင်းစာသားလေးကတော့...
" ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း
ဆင်းရလဲ မသက်သာ
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့ အလာ၊ ဗေဒါမ အတွေး
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး
ဆောင့်ခဲ့လည်း မသက်သာ
နောက်တစ်ချီ ဒီတစ်လုံးက ဖုံးလိုက်ပြန်ပါ
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ
တစ်လံကွာ လှိုင်းအကြွ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက ဘဲထွက်လို့လာ
ဘဲအုပ်မှာ တစ်ရာ နှစ်ရာ၊ မဗေဒါ တစ်ပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ "

ကဗျာလေးကို ဖတ်ခြင်းဖြင့် ဘ၀အနိမ့်အမြင့် အတက်အကျ လောကဓံတရားကို ဘယ်လိုပဲကြုံကြုံ အံကိုခဲ မာန်ဇွဲနှင့် ဆက်လက်ရပ်တည်ဖို့ ခွန်အားပေးနေတဲ့ ပြယုဂ်ကို သိသိသာသာ မြင်ယောင်အောင်ရေးဖွဲ့ထားသသည်ကို သိနိုင်ပေသည်..။ နောက်ပိုင်း ဤကဗျာကိုမှီး၍ ခေတ်ဟောင်းရုပ်ရှင် ဇာတ်ကားအသွင်ဖြင့် ပန်းပန်လျက်ပဲ ကဗျာကို ဆက်လက်အသက်သွင်းခဲ့ကြသည်..။၎င်းဇာတ်ကားတွင် ယင်းကဗျာကိုပဲ စန္ဒရားချစ်ဆွေက တေးသံစဉ်အသွင် အသက်သွင်းပြီး မင်းသမီး ဒေါ်ကြည်ကြည်ဌေးက စတင်သီဆိုခဲ့သည်..။ ဤသို့ဖြင့် ကဗျာလေးမှာ အားမာန်တက်ဖွယ်ရသမှ တဆင့် တက်ပြီး ဂရုဏာသက်ဖွယ်ရသကိုပါ ထပ်ဆင့် ခံစားနိုင်အောင် အသက်ဝင် ပေးစွမ်းနိုင်ခဲ့သည်..။ကဗျာချစ်သူတို့ ပြန်လည်ခံစား အားမာန်ရစေဖို့အလို့ငှာ အသက်ဝင်နေသော ဂန္ထ၀င်ကဗျာသံစဉ်တေးအသွင် သီဆိုထားတာလေးကို .နောက်ပိုင်း နီနီဝင်းရွှေ သီဆိုပြီး မျိုးသန္တာထွန်း သရုပ်ဖော်ကထားတဲ့ ရုပ်သံလေးကို ဖော်ပြပေးလိုက်ပါတယ်.။ကဗျာချစ်သူတို့ ခံစားနားဆင်ရင်း အားအင်အသစ်တွေ ရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်..။



အသက်ဝင်နေသော ဆရာဇော်ဂျီ၏ ပန်းပန်လျက်ပါ ကဗျာကြည့်ရှုခံစားရန်


ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၄-၂-၂၀၁၁)