RSS

Monday 28 February 2011

အသက်ဝင်လာသော မြန်မာဂန္ထ၀င်ကဗျာလေး(၂)- (လှည်းယဉ်တော်)

စာရေးသူအတွက် တက္ကသိုလ်ကျောင်းသားဘ၀ထဲမှာ အမှတ်တရ ဖြစ်နေဆဲ ကဗျာလေးတွေအများကြီးရှိသည်..။ ဒုတိယနှစ် မြန်မာစာ ကဗျာထဲက မာန်လည်ဆရာတော်ရေးသားသော လက်ဖက်ရည် ကဗျာလေးနှင့် ဦးရာကျော် ရေးသားသော ကျေးလက်အလှကို ဖော်ညွန်းတဲ့ လှည်းယာဉ်တော် ကဗျာလေးတွေက သံစဉ်ထည့် ဆိုရကောင်းသဖြင့် စာရေးသူ နှုတ်ထက်တွင် အခုထိ စွဲထင်နေသေးသည်..။ မှတ်မှတ်ရရပါပဲ..စာရေးသူ တက္ကသိုလ် ကျောင်းသားဘ၀က အမှတ်မထင် ရွတ်ဆိုခဲ့တဲ့ လှည်းယာဉ်တော် ကဗျာလေးကတော့ အသက်ဝင်လာခဲ့သည်ဟုဆိုရပေမည်..။





ယနေ့ခေတ် မြန်မာသံစဉ်များ ပြန်လည်အသက်သွင်းလာတဲ့အချိန်မှာ စာရေးသူ ခရေစီဖြစ်ခဲ့တဲ့ ကဗျာလေးလည်း အသက်ဝင်ရှင်သန်လာတဲ့အတွက် အတိုင်းမသိပျော်ရွှင်မိတာတော့ အမှန်ပါပဲ..။ သီချင်းလေးကို မဖော်ပြခင်- မူရင်းကဗျာစာသားများကို လေ့လာဦးစို့ရဲ့..။ ကဗျာက ဦးရာကျော်ရေးသားတဲ့ လေးချိုးအမျိုးအစားကဗျာလေးဖြစ်ပါသည်.။ မူရင်းကဗျာစာသားကတော့ -
" ပွဲဆင်တော် ပြသပေးရန်မို့ 
လှည်းယဉ်တော် ကြွကြွလေးရယ်နဲ့ 
မမလေးကိုတဲ့ လိုက်ဖို့ ခေါ်။

တချို့ ကချောသနဲ့ 
တို့ တောနယ် ရွာတစဉ်မှာတော့
မြို့ ကျောဖွယ် တန်ဆာဆင်ကြပုံက
အပြာတွင် မဲရောင်ခရမ်းရယ်နဲ့ 
ပ၀ါဆင် ဖဲစောင်မှ ဆန်းတယ်လို့ 
ထာဝစဉ် ပွဲဘောင်ကို မြန်းကြတယ်
ကဲ ပြောင်းခန်းဖေါ်တယ်နော် ကွယ်
လှည်း ဆောင်းပန်းပေါ်။

တူပြိုင်ကာ နှစ်ယောက်တဲပါလို့ 
ချူမြိုင်စွာ ခလောက်ဆွဲတဲ့ပြင်
နောက်လှည်းက ရှေ့လှည်းကိုကျော်
ဟေ့ဟဲ အော်လို့ သောင်းညံကြွေး
ကွေ့ လွှဲချော်လို့  မောင်းပြန်သေး။

တို့ အလျင်
မြို့ အ၀င် သညာဂုဏ်ကြောင့်
သို့ မှပင် မြင်ခါကြုံတော့မယ်လို့ 
ပျို့ သခင် ရင်ပါခုန်တဲ့အောင်
အားအန်ကုန် သိပ်ကွာမဝေးဖို့ 
ကြွားမာန်ဟုန် ထိပ်ကြားကလေးရယ်နဲ့ 
နွားကြန်စုံ ပိဿာပေးတို့ ကို
မိုးမော့က နှေးမှာကြောင့်
ကြိုးလျော့လို့ ပေး။
" ဟူ၍ဖြစ်သည်..။ ကျေးလက်အငွေ့အသက်လေးတွေနှင့် ကျေးလက်ဓလေ့လေးတွေ ထုံမွှန်းနေတဲ့ကဗျာလေးပါ..။ကဗျာကို ဖတ်လိုက်တာနှင့် အသံသာပြီး ချစ်စရာတောဓလေ့ လှည်းယာဉ်တော်အလှနှင့် ကျေးတောသူအလှအပလေးတွေကို မြင်ယောင်အောင် ဖော်ပြနိုင်စွမ်းရှိသည်..။ မြတ်နိုးဖွယ် ကျေးလက်သရုပ်ကို လှစ်ဟပြနေတဲ့ ဤကဗျာလေးကို အခုခေတ်တွင် လင်းခေးလုလင် က တေးသံစဉ်သွင်းပြီး တေးသံရှင် အိအိချွန်က ပုံဖော်သီဆိုအသက်သွင်းထားသဖြင့် ကြည်နူးဖွယ် ခံစားမှုရသကို ပေးစွမ်းသည်ကို သိရှိနိုင်ပေမည်..။ ဤကဗျာလေးမှ ခလောက်သံတချွမ်ချွမ်နှင့် ပြေးလွှားနေတဲ့ နွားကြန်စုံနှင့်ဆင်ယင်တဲ့ လှည်းယာဉ်အလှများအပြင် ကျေးတောသူလေးတွေရဲ့ ပွဲတော်ထွက်အပြင်အဆင်အလှများကိုပါ ကြည်နူးဖွယ်ခံစားရင်း ကျေးလက်ဓလေ့ကို ချစ်မြတ်နိုးတန်ဖိုးထားနိုင်စေရန် ရည်ရွယ်ရင်း အသက်ဝင်လာသော ဂန္ထ၀င်ကဗျာလေးကို တေးရုပ်သံနှင့် ယှဉ်တွဲဖော်ပြလိုက်ပါသည်..။

ကဗျာဆရာ ဦးရာကျော်၏ အသက်ဝင်နေသော
လှည်းယာဉ်တော် တေးကဗျာ ကြည့်ရှုခံစားရန်


ရွှမ်းသိင်္ဃ(တနင်္သာရီ)
( ၂ဂ- ၂-၂၀၁၁)

0 comments:

Post a Comment