
သီချင်းအသွင်ပြောင်းလိုက်ခြင်းဖြင့် အသက်ဝင်လာသော ကဗျာလေးတွေကို စာရေးသူ ခံစားဖော်ပြပါမည်..။ပထမဦးဆုံးဖော်ပြချင်သော ကဗျာလေးကတော့ ဂန္ထ၀င်ကဗျာဆရာကြီး ဆရာဇော်ဂျီ၏ ဗေဒါလမ်း ကဗျာစုထဲမှ "ပန်းပန်လျက်ပဲ" ကဗျာလေးပါ..။ဤကဗျာလေးကို ဆရာဇော်ဂျီက ၁၉၆၀ခုနှစ်ထုတ် အိုးဝေ magazin မှာ ရေးခဲ့တာပါ..။ ကဗျာရဲ့ မူရင်းစာသားလေးကတော့...
" ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း
ဆင်းရလဲ မသက်သာ
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့ အလာ၊ ဗေဒါမ အတွေး
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး
ဆောင့်ခဲ့လည်း မသက်သာ
နောက်တစ်ချီ ဒီတစ်လုံးက ဖုံးလိုက်ပြန်ပါ
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ
တစ်လံကွာ လှိုင်းအကြွ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက ဘဲထွက်လို့လာ
ဘဲအုပ်မှာ တစ်ရာ နှစ်ရာ၊ မဗေဒါ တစ်ပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ "
ကဗျာလေးကို ဖတ်ခြင်းဖြင့် ဘ၀အနိမ့်အမြင့် အတက်အကျ လောကဓံတရားကို ဘယ်လိုပဲကြုံကြုံ အံကိုခဲ မာန်ဇွဲနှင့် ဆက်လက်ရပ်တည်ဖို့ ခွန်အားပေးနေတဲ့ ပြယုဂ်ကို သိသိသာသာ မြင်ယောင်အောင်ရေးဖွဲ့ထားသသည်ကို သိနိုင်ပေသည်..။ နောက်ပိုင်း ဤကဗျာကိုမှီး၍ ခေတ်ဟောင်းရုပ်ရှင် ဇာတ်ကားအသွင်ဖြင့် ပန်းပန်လျက်ပဲ ကဗျာကို ဆက်လက်အသက်သွင်းခဲ့ကြသည်..။၎င်းဇာတ်ကားတွင် ယင်းကဗျာကိုပဲ စန္ဒရားချစ်ဆွေက တေးသံစဉ်အသွင် အသက်သွင်းပြီး မင်းသမီး ဒေါ်ကြည်ကြည်ဌေးက စတင်သီဆိုခဲ့သည်..။ ဤသို့ဖြင့် ကဗျာလေးမှာ အားမာန်တက်ဖွယ်ရသမှ တဆင့် တက်ပြီး ဂရုဏာသက်ဖွယ်ရသကိုပါ ထပ်ဆင့် ခံစားနိုင်အောင် အသက်ဝင် ပေးစွမ်းနိုင်ခဲ့သည်..။ကဗျာချစ်သူတို့ ပြန်လည်ခံစား အားမာန်ရစေဖို့အလို့ငှာ အသက်ဝင်နေသော ဂန္ထ၀င်ကဗျာသံစဉ်တေးအသွင် သီဆိုထားတာလေးကို .နောက်ပိုင်း နီနီဝင်းရွှေ သီဆိုပြီး မျိုးသန္တာထွန်း သရုပ်ဖော်ကထားတဲ့ ရုပ်သံလေးကို ဖော်ပြပေးလိုက်ပါတယ်.။ကဗျာချစ်သူတို့ ခံစားနားဆင်ရင်း အားအင်အသစ်တွေ ရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်..။
အသက်ဝင်နေသော ဆရာဇော်ဂျီ၏ ပန်းပန်လျက်ပါ ကဗျာကြည့်ရှုခံစားရန်
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၄-၂-၂၀၁၁)
0 comments:
Post a Comment