RSS

Saturday 28 July 2012

ကံဇာတ်ရေးတဲ့ ယဉ်ကျေးခြင်း အနုပညာ













ချမ်းမြေ့စွာ ကြည်နူးခြင်းဘဝ
စိုးရွံ့စွာ ခြောက်လန့်ခြင်းဘဝ
နာကျည်းစွာ မုန်းတီးခြင်းဘဝ
ငြိမ်းချမ်းတဲ့ဘဝ
စိမ်းလန်းတဲ့ဘဝ
သူစိမ်းဆန်တဲ့ဘဝ
ကဗျာဆန်တဲ့ဘဝ
မဟာဆန်တဲ့ဘဝ
လူမသိ သူမသိ ဘဝ
ပြဇာတ်လား ဟာသလားမှန်းတောင် မသိတဲ့ဘဝ
သေချာတာက ငိုကြွေးခြင်းနှင့် အဆုံးသတ်ကြတာများတဲ့ဘ၀တဲ့..။
ငြိစွန်းမိရင် ရုန်းမထွက်ဖို့ခက်မှန်းသိတဲ့ ဘဝ
အချက်ပြထားရင်းက လောကပင်လယ်ထဲ
ညင်ညင်သာသာလေး လွှင့်စင် သက်ဆင်းခဲ့ကြတယ်..
ကမ္ဘာ့အမှောင်မိုက်ဆုံး ညတစ်ညမှာ
အထီးကျန်ခြင်းကင်းတယ်လို့သာပြောကြတဲ့
လူလူသူသူ ပြုံးရီဖို့တောင် အချိန်မရှိတဲ့ ဘ၀တွေကြား
မော်တပ်တပ်ထားသမျှ သွက်သွက် ခြေလှမ်းတွေနှင့်
တက်လိုက် ဆင်းလိုက် လျှောချလိုက်နှင့် ခရီးဆက်ကြတယ်..။
ပြောလို့ မဆုံးသေးခင်ပဲ .. ငိုလိုက်ကြတာ
မိုးဘယ်အချိန်ရွာမယ်ဆိုတာ မခန့်မှန်းနိုင်ပေမယ့်
တဖြည်းဖြည်း လူရိပ် လူကဲ ကြည့်တတ်လာတယ်..
ကံဇာတ်ချရာ ဈာန်ဝင်ရင်းက
ဘယ်ဝင်ညာထွက် သွေးထွက်အောင်မှန်ဖို့ရာ
ယုံကြည်မှု ၁ရာခိုင်နှုန်းတောင် ရှိဖို့ နည်းလာတော့
တခါတလေ...
ဘေးစကားလည်း နားယောင်ချင်မိတယ်..။
ကျန်းမာစွာ ပျော်ရွှင်ခြင်း
အဆင်ပြေစွာ ပျော်ရွှင်ခြင်း
အောင်မြင်စွာ ပျော်ရွှင်ခြင်း
ရဲရင့်စွာ ပျော်ရွှင်ခြင်း
ဆန္ဒပြည့်စွာ ပျော်ရွှင်ခြင်း
ပြီးပြည့်စုံစွာ ပျော်ရွှင်ခြင်း
သူ့တပါးမျက်ရည်များ
သူ့တပါးကြေကွဲမှုများ
သူ့တပါး ရှုံးနိမ့်မှုများ
သူ့တပါး ဦးခေါင်းတွေပေါ် ခြေစုံနင်းခတ်ပြီးမှ
ပျော်ရတာကိုမှ ပျော်ရွှင်ခြင်းတဲ့လား..
နောက်ဆုံးတော့လည်း
ကြေးစည်ထုလို့ ခွေးအူသံကြားမှ
မာနတွေ ချ .. နောင်တတရားတွေအကြား လူးလိမ့်ဖို့ စေ့ဆော်ပြန်ရော
အငွေ့သက်လေးက လွတ်လပ်စွာ ပျံသန်းဖို့တောင် အားအင်ချိရတဲ့အဖြစ်..
လေပွေထဲ ဘယ်သို့ဘယ်မျှ လွှင့်မျောဦးမယ်မသိ..။
ကိုယ်ဘာသာ ကိုယ် လက်ညွန်းငေါက်ငေါက် ထိုးရင်း
တောက်...တစ်ချက်ခေါက်ပြီး ဆုံးမတတ်လာတယ်..။
ဘယ်လောက်ထိလဲဆိုတော့........
မြေကြီးပေါ် ကျကြွေတဲ့ ရော်ရွက်ဝါလေးကိုတောင်
တက်နင်းဖို့တောင် ၀န်လေးမိနေလေရဲ့..။


ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၈-၇-၂၀၁၂)


0 comments:

Post a Comment