RSS

Saturday 13 April 2013

ကိုယ့်ရေ ကိုယ်လောင်း အဝေးရောက်သင်္ကြန်



















တူးပို့…တူးပို့.. တူးပို့နှင့်
မြည်သံစွဲ အလင်္ကာတွေ ပိုတောက်ပတဲ့နေ့
မြို့မငြိမ်းတစ်ယောက် အသက်ပြန်ရှင်လာတယ်…။
ရွှေအိုရောင် လွှမ်းခြုံထားတဲ့ လမ်းတွေ နွေခေါင်ခေါင် ရေထဲမျောလို့
မျက်နှာသစ်ဖို့ မိုးတစ်စက်တောင် မဖျန်းချင်နေပါစေ
ရာသီအမီ ပိတောက်တွေ နှိုးကြွကြပြီ…
နောက်ကျောကွဲအောင် ပူတဲ့ နွေနေလည်း မမှုဘူး…
လက်ကြားမှာ ဟိုယိမ်း ဒီယိမ်းနှင့် ရေပူအိုးထဲ ခုန်ဆင်းသွားတဲ့ မုန့်လုံး
ပူလွန်းလို့တဲ့ ထမင်းကို ရေစိမ်လို့ သရက်သီးသုပ်နှင့် စားကြပြန်ရော…
ခံစားချက်တွေ မှော်သွင်းထားတဲ့ သံချပ်တွေ ပြန်ကြားရပြီတဲ့
မြန်မာဓလေ့ ခပ်ပါးပါး သင်္ကြန်တေးသံက ခပ်များများ ပျံ့လို့ နှံ့လို့
ပျော်လည်း ပျော်.. မော်လည်း မော်…သရော်လည်း သရော်နှင့်
 မျက်စိစာတွေ ကျွေးရင်း ကျွေးရင်း ရင်ခုန်သံတွေ ပွက်ထွက်လာတယ်...
ယိမ်းသမလေးတွေ လှချက်က အိပ်မက်ထဲထိ ဆွဲခေါ်နိုင်စွမ်းရှိတယ်..။
တစ်နှစ်ပြီးတစ်နှစ်နှင့် ဒီလို အိပ်မက်တွေ မက်ခဲ့တာ ၆နှစ်တောင် ပြည့်ရော့မယ်..။
အလွမ်းတွေနှင့် စိတ်ကူးယဉ်ရတဲ့ သင်္ကြန်ဝေး ၀ဋ်ကြွေး ဘယ်တော့ကျွတ်မယ်မသိဘူး..။
ဗွမ်းကနဲတဲ့ .. သင်္ကြန်ရေအေးလိုက်ပုံက ငုတ်တုတ်တောင် မေ့သွားလောက်တယ်..။
လောင်းမယ့်သူ မရှိလို့ ကိုယ့်ရေ ကိုယ်လောင်း
နှစ်ဟောင်းကို စွန့်လို့ နှစ်သစ်ကိုပြောင်းလိုက်တယ်….။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၃-၄-၂၀၁၃)
 (သင်္ကြန်အကြိုနေ့ အမှတ်တရ) 
(ကဗျာချစ်သူတို့ ပျော်ရွှင် ကြည်နူး မင်္ဂလာနှစ်သစ်ကူးဖြစ်ပါစေ....။)

0 comments:

Post a Comment