
တိမ်လွှာတိမ်မျှင်ကရုတ်ကရက်မယ်
ရှုပ်ယှက်ခတ်နေတဲ့ ဆောင်းခိုငှက်ငယ်
ဟောင်းလို့ ကြွေလွှင့်သွားတဲ့ ရွက်ဝါလေးလား
လေဟုန်စီးလွှား ဟိုဒီလွှင့်ပါးလိုက်ဖို့ပဲကောင်းတယ်
ရေကြည်ရာ မြက်နုရာထွက်ခွာသူက ထွက်ခွာ
ဝေးလေကောင်းလေဆိုသူကဆို
အိမ်ကထွက်ပြေးရင်းက အိမ်ကိုလွမ်းတတ်လာခဲ့ပြီ
သည်လူမရှိမှ သည်လူတန်ဖိုးကို နားလည်ကြမှာ သဘာဝပါ
ဘ၀ကခဏတာဆိုပေမယ့်
ခဏတာ တဒင်္ဂလေးပဲဖြစ်ဖြစ်
အမေ့ရင်ခွင်ထဲပြန်ခိုခွင့်လေးပေးရင်.......
ငယ်ချစ်ပုံပြင်လေး ကြားနာချင်ရချင်သလိုလို
မြက်ခင်းစိမ်းနှင့် အနာဂတ် ကောင်းကင်ကို ဦးတည်လို့
တခါတခါလည်း တိမ်လွှာအနောက် မှာ ပြေးပုန်းတမ်းကစားခဲ့သေးတယ်..
ဘ၀ဘ၀တဲ့
နောင်တတွေ တလှေ တပိုက်ကြီးနှင့်
အနေအထိုင်မတတ်
ဟိုစပ်စပ် ဒီစပ်စပ်
မိုးတလုံး လေတလုံး
ထိသမျှရွှေ
လောကကြီးက ဟားတိုက်တာမှ အလိုက်ကန်းဆိုးမသိတဲ့ အဖြစ်
သင်္ခါရနယ်ပယ်မှာ အခုထိ အမှတ်မရှိ စိတ်လွတ်ကိုယ်လွတ် ရုန်းချင်ရုန်း
ွှအချစ် အမုန်း အပြုံး တဏှာရမ္မက်တွေ ဖုံးသထက်ဖုံး
တရားနှလုံးကို ဘယ်တော့လောက် အသုံးချရမှန်းမသိသေးသမျှတော့
အရှုံးကြီးရှုံးနှင့် မဆုံးတဲ့ခရီးတွေ ဆက်နေရဦးချေရဲ့....
ဆက်ရန်ရှိသေးတဲ့ ဘ၀တွေထဲ
ပြောလိုက်သေးတယ်.....
မှိတ်တလှည့် လက်တလှည့် လင်းတလှည့် မှောင်တလှည့်
တိတ်တဆိတ်ကြွေရင်တောင်
တစိတ်စိတ်နှင့် မြေကမ္ဘာရဲ့ရင်မှာ တရိပ်ရိပ် လင်းချင်သေးရဲ့...။
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၉- ၅-၂၀၁၁)
0 comments:
Post a Comment