RSS

Sunday 3 April 2011

ရင်ခုန်တတ်လာတဲ့ ကမ္ဘာမြေကြီး


ရာသီနှင့်မမျှ သစ်ပင်တွေ အိုသထက်အို ငိုသထက်ငိုကြတယ်..
မိဝေးဖဝေး သားပျောက်တေးတွေ ဆိုညည်းကြ
ဒီနှစ်မှာ မိတ်ဆုံစားပွဲလုပ်ဖို့ ခွန်အားမရှိတော့တဲ့ စမ်းချောင်းလေးတွေ
ကမ်းပါးတွေ တဖြည်းဖြည်း မျက်နှာပျက်ပျက်လာတယ်..
စိတ်ညစ်ရတဲ့ ၀ါးဖောင်လေးတွေရဲ့ ဖြစ်အင်
ဟိုမှာ ဒီမှာ နားခိုဖို့ တနေရာစာတောင်မရှိတော့တဲ့ ငှက်ကလေးတွေရယ်..
အိပ်လို့မရတဲ့ ငါးကလေးတွေလည်း ကုန်းပေါ်တက်ပြေးခဲ့ရတဲ့ည..
ပူလွန်းလို့တဲ့..ကမ္ဘာ မြေကြီးရဲ့ ရင်ခုန်သံ တကြိမ် နှစ်ကြိမ် ကြားလိုက်ရတယ်..
တခါတည်းမှာပဲ ..ပျော်ရွှင်ခြင်းဟာသလုပ်ကွက်တွေက ကြေကွဲဖွယ်ပြဇာတ်လေးဖြစ်သွားခဲ့ရတယ်..
ကဗျာတပုဒ်ဖတ်ဖူးတယ်....
" မြေကြီးကို တီစားတော့
တီကောင်ကို ငါးစားတယ်။
ငါးကို လူစားတယ်
ငါးကို လူစားတော့
လူကိုမြေကြီးစားတယ်
လူကိုမြေကြီးစားတော့
မြေကြီးကို တီစားပြန်တယ်တဲ့
"
သံသရာကြိုးဝိုင်းထဲမှာ အပြန်အလှန် လက်ခမောင်းခတ်ကြ
အနိုင်အကြဲ အပြိုင်ဆိုင်နွှဲကြနှင့်
အချိန်အခါမဟုတ် မိုးတွေရွာလာတယ်..
ဆောင်းမှာ ပိတောက်ပွင့်လိုပွင့်နှင့်
ကမောက်ကမနှင့် ယောက္ခမကို အကိုခေါ်လို့ခေါ်
မျက်နှာပြောင်တဲ့ တောင်တန်းတွေ ကတုံးကြီးဖြစ်လာတယ်..။
ဆောင်းဝတ်လွှာတောင် နည်းနည်းနှင့် များများပါးလာပြန်တယ်..
စိမ်းလန်းခြင်းတွေ မရှိတော့ရင် ကမ္ဘာကြီးလည်း နောက်ထပ်ရှိုက်ကြီးတငင် ငိုကြွေးလိမ့်မယ်...။
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၃-၄-၂၀၁၁)

0 comments:

Post a Comment