RSS

Friday 1 April 2011

ဧပရယ်လ်လမ်းခွဲ



နေရောင်အလာတောင် မစောင့်တော့ဘူး
လက်ကျန်နှင်းကြွင်းလေးတွေက
လူမသိ သူမသိ ပြေးထွက်သွားကြတယ်..
တကယ်တော့ ရွက်ကြွေတာ နောက်ကျလွန်းခဲ့တယ်..
ဥသြတွေ သတိပေးမှ သိလိုက်ရတဲ့အဖြစ်..
ကျောင်းတံခါးတွေပိတ်လို့ အိမ်ဝေးသူတွေ နှုတ်ဆက်ချိန်
ကြုံရင်ကြုံသလို ထထနမ်းတတ်တဲ့ လေရူးက တမှောက်
သြော် ..ပိတောက်ကလည်း ရောက်လာပြန်ပြီရောလား..
နေဝေးလ နှင့် စိတြမင်းသမီးတို့ မျက်နှာချင်းဆိုင်ကြမယ့်ည
တမ်းတမိပြန်တော့ ရေပြွတ်နှင့် ဆော့ကစားတဲ့ ခလေးဘဝ
ရွာဦးဘုန်းကြီးစာချပေးတဲ့ နီတိကျမ်းတွေ အခုထိ အလွတ်ရသေးတယ်..
ယုံရမှာလားတော့ မသိတော့ဘူး...
ဧပရယ်လ် ရယ်..
ပိတောက်ဆို တခက်ပဲပန်မယ်
တယောက်ကို တသက်ပဲချစ်မယ်ဆိုတာလေ..
ပုံပြင်လား..ကဗျာလား...၀တ္ထုလား...
သေချာတာကတော့
ဟာသ တခန်းရပ်မဟုတ်ဘူး..
ရင်ခုန်သံတွေ တသက်လုံး ရပ်တန့်သွားစေတဲ့
အခန်းဆက် ကျမ်းတစ်စောင်ဆိုတာကိုတော့..
အခုမှသိလိုက်ရပြီ..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
၁-၄-၂၀၁၁

0 comments:

Post a Comment