RSS

Tuesday 5 April 2011

သင်္ကြန် အရိပ်အမြွက်



စိတ်ကူးထဲမှာတော့ မြူးကြွနေတာပါပဲ..
တန်ခူးလတဲ့..
တူးပို့..တူးပို့နှင့် နေရာတိုင်း မြူးစို့ မြူးစို့ လှုံ့ဆော်နေသည့်နှယ်..
လုပ်ပြီ..သင်္ကြန်မိုးက တဖြောက် နှစ်ဖြောက်နှင့်
ပိတောက်တွေတောင် အိပ်ယာထကုန်ကြပြီ..။
ငုတွေကလည်း အခိုင်လိုက် အစုလိုက် ယိမ်းကကြ..
လွမ်းစရာလား ပျော်စရာလားတော့ ကွဲကွဲပြားပြား မသိရတဲ့ ရာသီ
သပြေခက်နှင့် ရေစင်သွန်းကြတဲ့ပွဲ
မဏ္ဍပ်တိုင်းမှာ ပျိုမေတစ်စု အတင်းပြောတယ်..
တခဏ ရှောင်ပြေးရကောင်းရဲ့...
ရိပ်သာသွားသလိုလိုနှင့် တအားကဲနေတဲ့ ငနဲကြီး
(ဒီနှစ်တော့) ကျွဲစီးပြီး မဆင်းတော့တဲ့ သင်္ကြန်မင်းက
တွေ့သမျှကို မှတ်ချင်မှတ်ပေဦးတော့ရဲ့..
ပွဲတော်ဆိုတာ နွှဲပျော်ဖို့ပဲလေ..
တွဲခေါ်ရအောင်တော့ မမူးကြေး
ချစ်သူကေသာမှာ ပိတောက်တခက်ပန် အနမ်းပေး
အလကားရလို့ အ၀စားမယ်မကြံလိုက်နဲ့
စတုဒိသာ မုန့်လုံးတွေ ငရုတ်သီးစပ်လို့ ထခုန်ကြပြီ...
အိုးမဲသုတ်တဲ့ ကောင်မလေးကို ပြန်သတိရလာပြန်တယ်..
၃ရက်နှင့် ပိတောက်တွေ အိပ်တန်းပြန်ဝင်သွားမယ့်နေ့
ကွဲရင်လည်းကွဲ လဲရင်လည်းလဲ
ချစ်ရင်လည်းချစ် စွံရင်လည်းစွံ
မျှော်ရင်လည်းမျှော် သင်္ကြန်နှစ်ကူးပွဲတော်တဲ့...။
နှစ်သစ်ကူးဆိုတာ ကျနော့်အတွက် မနှစ်ကထက် သိပ်မထူးတော့ပေမယ့်..
တနှစ်တခါတော့ စိတ်ကူးလေးနှင့်မြူးကြွလာတတ်သည်လေ..။
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၅-၄-၂၀၁၁)
(၂၀၁၁ သင်္ကြန်အမှတ်တရ)

0 comments:

Post a Comment