RSS

Thursday 31 March 2011

ပိတောက်ကဗျာ



ပိတောက်တဲ့..
ရင်းရင်းနှီးနှီးပါပဲ...။
ငယ်ငယ်ဘ၀ ဧပရယ်လမှာဆုံခဲ့ကြတယ်..။
မာန်အထုနှင့်
နွေပူဒဏ်ကို အန်တုလို့
အစုလိုက် အပြုံလိုက်နှင့် ဖူးကြ..။
မိုးနည်းနည်းဖြန်းတာနှင့်
များများလန်းချင်တဲ့သူ
ဖလမ်းဖလမ်းထလို့ပေါ့
အခုတော့
ကေသာတလျှောက်မှာ သူ စံမြန်းချေပြီ..။
ဖူးပွင့်ဝေတော့
တပြုံးပြုံးနှင့်
အတုံးအရုံး အလုယက်
အပြိုင်ဆိုင်ခူးကြ..ဆွတ်ကြ..ပန်ကြ..ကြည်နူးကြ..။
ကြွေကျ မြေခတော့
ဖုန်တလုံးလုံးနှင့်
ပွင့်ဖတ်လေးတွေ ပစ်ပယ်ချ အဖြစ်ရယ်မလှတဲ့ ဘ၀..။
တစ်နှစ်တခေါက်တော့ရောက် ရောက်လာတတ်တယ်..။
သင်္ခါရသဘောနှင့် လူ့မနောကို သိအောင်ဖော်ညွန်းပြဖို့တဲ့..။
သြော်...နှစ်လည်းပြောင်းတော့မယ်..
ကျနော်တယောက် ချစ်သူကေသာမှာ ပိတောက်လေးပန်ဆင်ပေးမိတယ်..။
ချစ်သူက ဘာမှမပြောဘူး..ပြုံးလို့..။
ကျနော်တော်တော် လန့်သွားတယ်..။
ပိတောက်ကတော့ တိုးတိုးလေး သတိပေးသယောင် ပြောလိုက်တယ်..
"ကောင်လေး ..မင်း ..အသက်တစ်နှစ်ကြီးပြန်ပြီ" တဲ့..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၀၁၀ သင်္ကြန် အမှတ်တရ)

0 comments:

Post a Comment