RSS

Wednesday 2 March 2011

နှလုံးသားထဲမှာ ကဗျာပန်းပွင့်ဖူးစေသော မော်စကို(မိတ်ဆက်)



(အဆောင်အရှေ့ဘက် မျက်နှာစာ မော်စကို အလှတစ်နေရာ)


စာရေးသူ - မော်စကို ကို ၂၀၀၈ စက်တင်ဘာ ၉ ရက်နေ့ စရောက်ခဲ့သည်။ အခုဆို ၃နှစ်ပြည့် လုပြီပေါ့ ။ အရင်ကတော့ မော်စကိုမှာ နေပြီး ပညာဆက်သင်ရမယ်ဆိုတော့ ပျော်တာပေါ့။ သို့ပေမယ့် မတူညီတဲ့ဓလေ့ထုံးစံ ၊ ဓလေ့စရိုက်၊ ရာသီဥတု - (အထူးသဖြင့်- ကွဲပြားခြားနားသော ဘာသာစကား ) စသောအခက်အခဲများကို ဧကန်တွေ့နိုင်တာကြောင့် မလာခင်ကတော့ တွေးကြောက်မိသေးသည်လေ။ အမှန်ပြောရရင် - ရောက်စမှာ ရုရှားစကား နဲနဲ ပဲ ပြောတတ်သေးသည်၊ ဒီကိုမရောက်မီ ရုရှားဘာသာစကားကို မြန်မာမှာ ၆ လ လေ့လာခဲ့ပါတယ်။သဒ္ဒါ အပိုင်း ကောင်းကောင်း နားလည်ပေမယ့် အပြော အပိုင်းတွင် စကားအသံဝဲ သဖြင့် ရုရှားစကားကို နားလည်သော်လည်း တခြားသူ နားလည်အောင် ပြန်မပြောနိုင်ခဲ့ပါ။
သို့သော် ရုရှားစာ၊ ရုရှားကဗျာတွေတော့ကောင်းးကောင်းရေးနိုင်ခဲ့သည်လေ။
မော်စကို အစရောက်စဉ်တုန်းက ရုရှားလူမျိုးတစ်ယောက်နှင့် စကားပြောတဲ့အခါ စာရေးသူ ကောင်းကောင်းပြန်ပြောနိုင်သော စကားနှစ်ခွန်းရှိသည်။အဲဒီစကားတွေကတော့ - ဟုတ်တယ်(да) နှင့် မဟုတ်ဘူး(нет) ပါပဲ။နောက် အသုံးများသော စကားတွေက တော့ это – что это – сколько стоит это ?– можно – пожалуйста – спасибо – здравствуйте – как дела ? စသောစကားတွေပါပဲ။
အခုတော့ မော်စကို မှာ နေထိုင်ရတာ အစစအရာရာ အဆင်ပြေပါတယ်(ချမ်းတာနှင့်အိမ်လွမ်းတာက လွှဲရင်ပေါ့။) အမှန်ပြောရရင် မော်စကိုမြို့ ဟာ ရှေးဟောင်းယဉ်ကျေးမှုအနုပညာများစုစည်းရာ..၊ပြတိုက်များစုစည်းရာနေရာဖြစ်သလို ရပ်ကွက်အခြား သစ်တောတန်းများနှင့်သဘာဝ အလှထိန်းသိမ်းစုစည်းရာ မြို့ပြတစ်နေရာသာဖြစ်သည်..။မြို့ပြအင်္ဂါရပ်နှင့်ညီညွတ်သလို သဘာဝအလှတရားတွေကို စုဆောင်းသိုမှီးရာမြို့ကြီးမို့ မြို့ရဲ့နေရာတော်တော်များများ ဘယ်နေရာကြည့်ကြည့် အလှတွေ ခညောင်းနေသဖြင့် မော်စကိုအလှတွေဟာ စာရေးသူအတွက်တော့ ကဗျာလေးများသာ ဖြစ်တော့သည်လေ..။
နွေဦးပေါက် မိုးတွေအုံ့မှိုင်းရင်လည်း အလွမ်းကဗျာတွေအဖြစ်အသွင်ပြောင်းမိတယ်..။နွေရာသီ အပန်းဖြေ ရေကူးရင်းလည်း ပျော်စရာကဗျာလေးတွေစီမိတယ်..။ဆောင်းဦးရွက်ကြွေရင်လည်း မေဘယ်လ်ရွက်ကြွေအလှကို ခံစားရင်း ကဗျာစိတ်ကူးတွေ ထူးသစ်စေပြန်တယ်.။ ဆောင်းရာသီ နှင်းတွေဖြန့်ကျဲ ချိန် သုညအောက် အနုတ်၂၈-၂၉ံC ဖြစ်သွားအောင် အပြင်မှာ ချမ်းနေသော်လည်း ရင်မှာတော့အလွမ်းတွေ တပွေ့တပိုက်နှင့် ကဗျာတွေကို မျိုးစေ့ချထုဆစ်မိပြန်သည်လေ..။လွမ်းသမျှ- ဆွေးသမျှကို အသွင်ပြောင်းရေးချလိုက်တော့ စာရေးသူအတွက်တော့ မော်စကိုနှလုံးသားကဗျာလေးတွေဖြစ်လာသည်ပေါ့..။
ရာသီတိုင်း အလွမ်းတွေ အဆွေးတွေ အတွေးတွေ ပေးစွမ်းသော နှလုံးသားထားက မော်စကို ကဗျာလေးတွေကို အမှတ်တရ အနေဖြင့် မြန်မာလိုတွေး ရုရှားလို အသွင်ပြောင်းရေးထားတာလေးတွေကို လက်စွမ်းပြလိုက်ပါတယ်.။(ကဗျာမာန်ပြတယ်လို့မထင်စေချင်ပါ..) ။ကာရန်ညီတာရော..ကာရန်မညှိတာရော ရှိကောင်းရှိလိမ့်မယ်...။ကဗျာဖတ်နေရင်းက အမှားယွင်းများစွာတွေ့ကောင်းတွေ့ပါလိမ့်မယ်..။စာရေးသူ အနေဖြင့် ဘာသာစကားလေ့လာမှု အားနည်းချက်များသာဖြစ်တယ်..။ မော်စကို မှာ နေထိုင်သမျှ ကာလပတ်လုံး အမှတ်တရများမို့ အမှားယွင်းများကို ပြင်ဆင် ဖတ်မှတ် အကြံပြုပေးစေချင်ပါတယ်..။

ကဗျာချစ်သူအားလုံး ကဗျာဆန်ဆန် ကာရန်လှလှ ပျော်စရာဘ၀နှင့်
ပျော်စရာ မနက်ဖြန်များစွာကို ဖြတ်သန်းခွင့်ရပါစေဗျ..။
အမှတ်တရ-
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(НВЕЙ ШВНН У - РХТУ)
MUCTR -MOSCOW

0 comments:

Post a Comment