RSS

Wednesday 2 March 2011

အသက်ဝင်လာသော မြန်မာဂန္ထ၀င်ကဗျာလေး(၅)- (ဗုံကြီးသံ)






အခုရက်ပိုင်းအတွင်း စာရေးသူ အညာဓလေ့ စာပေများနှင့် မြန်မာရိုးရာဓလေ့တွေအကြောင်းရေးထားတဲ့ စာအုပ်များကို ဖတ်ဖြစ်သည်။အထူးသဖြင့် မြန်မာဂီတဥယျာဉ် စာအုပ်လေးကိုဖတ်ဖြစ်သည်..။ မြန်မာဂီတဥယျာဉ် စာအုပ်လေးကိုဖတ်လိုက်ခြင်းဖြင့် ဆရာဇော်ဂျီ၊ မင်းသုဝဏ်၊ တက္ကသိုလ်ဘဘကြီးတို့က ရွေးချယ်စုစည်းပေးထားခြင်းကြောင့် မြန်မာ့သမိုင်းတလျှောက် ရေးဖွဲ့ခဲ့သော အိုးစည်သံ၊ ဒိုးပတ်သံ၊ ဗုံကြီးသံ၊ ဗြောသံ၊ စည်တော်သံ၊ လှေတော်သံ၊ ကောင်းကင်ကြိုးများအနက် လက်ရွေးစင် အကောင်းဆုံးများကို လေ့လာခွင့်ရခဲ့သည်..။ စာရေးသူအတွက်တော့ များစွာအကျိုးရှိလှသည်..။ သထုံခေတ်၊ သရေခေတ္တရာခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်၊ နှောင်းခေတ်တို့မှ မြန်မာတို့၏ သဘင်ပညာ သမိုင်းချုပ်နှင့် မြန်မာတို့၏ တူရိယာများအကြောင်းကိုလည်း ရှင်းလင်းဖော်ပြပေးထားသည်မို့ စာရေးသူအတွက် ဗဟုသုတရစေသည်..။ ၄င်းနှင့် စပ်လျဉ်း၍ စာရေးသူ အတွက် အညာဓလေ့ကို ဖော်ညွှန်းပြသ ပုံဖော်မြင်ယောင်စေတဲ့ တေးကဗျာကတော့ ဗုံကြီးသံ ကဗျာလေးပါပဲ..။ ရေးဖွဲ့သူကိုတော့ အတိအကျမသိရပေမယ့် ယနေ့တိုင်ရှင်သန်နေဆဲ ဗုံကြီးသံတေးကဗျာ ကတော့ မြန်မာ (အထူးသဖြင့်-အညာဒေသ) ရဲ့ ချစ်စဖွယ် ရိုးရာအမှတ်သင်္ကေတတစ်ခုဟုဆိုရင် မှားမည်မထင်ပါ..။



အညာဒေသဟု ဆိုလိုက်တာနှင့် မိုးခေါင်ရေရှားတဲ့ မြင်ကွင်းကို ပြေးမြင်မိကြပေလိမ့်မည်..။ သို့သော်ငြားလည်း ထိုမြင်ကွင်းတွေကို စိမ်းလန်းသောအသွင်ပြောင်းဖို့ရာ အမျိုးမျိုးကြိုးစားကြရာဝယ် ဒေသဓလေ့တစ်ခု အနေဖြင့် ဗုံသံပေး စည်တီး မြည်ဟီးစေပြီး ဗုံကြီးသံဟစ် မိုးခေါ်ကြရသည်..။( စာရေးသူတို့ဒေသဘက်တွင်မူ မိုးခေါ်လွန်ဆွဲပွဲ ၊ဘုရားကို ရေသပ္ပာယ် ဆုတောင်းမိုးခေါ်တာ နှင့်တခြားဓလေ့များသာရှိသည်..။ဗုံတီးမိုးခေါ်သော ဓလေ့ကို မတွေ့ဖူးပါ..။)
ဗုံကြီးသံ ကြားစဉ် ခဏ အတွင်းမှာပင် အထက်ဝဠာမှ တိမ်တိုက်များ တရွှေ့ရွှေ့ မည်းညိုလာပြီး မိုးစက်မိုးပေါက်အသွင်ပြောင်း ရွာသွန်းဖြိုးစေသဖြင့် တောင်သူဦးကြီးတို့အတွက် စိုက်ပျိုးရေးအတွက် အခက်အခဲတွေပြေပျောက်စေသည်လေ..။
ရိုးရာမပျက် အစဉ်အဆက် တီးခတ်ပြီး ဗုံကြီးသံ တေးကဗျာကို သီကျူးခဲ့ကြခြင်းသည် ကမ္ဘာမှာ မြန်မာ ဟူ၍ ရှိနေသရွှေ့တော့ ဆက်လက် အသက်ဝင်နေဦးမည်သာ..။
ဗုံကြီးသံတေးကဗျာလေးကို မှီး၍ Real Myanmar (Hip Hop) သီချင်းလေးကို ကဗျာချစ်သူတွေ မျိုးချစ်စိတ်ဓာတ် ရှင်သန်ဖို့နှင့် ရိုးရာဓလေ့ကို တန်ဖိုးထားချစ်တတ်ဖို့ ရည်ရွယ်ရင်း သီချင်းစာသားနှင့်အတူ တေးရုပ်သံကို ရေးသားဖော်ပြပေးလိုက်ပါသည်.။ ( စာရေးသူကိုယ်တိုင်က ဗုံရှည်ဗုံကြီးကို တကယ်မမြင်ဖူးသေးတာ ၀န်ခံပါတယ်..။ အညာသား တစ်ယောက်မဟုတ်သော်ငြားလည်း မြန်မာပြည်သားတစ်ယောက် အနေဖြင့် မြန်မာဓလေ့လေးတွေကို မြင်ယောင်သိရှိထားသင့်သည်မို့ အညာဓလေ့ မိုးခေါ် ဗုံကြီးသံတေးကဗျာ အသက်သွင်းထားသော မြန်မာစင်စစ် သီချင်းရုပ်သံကို လေ့လာခံစားကြည့်ပါလို့ စေ့ဆော်ဖော်ပြလိုက်ခြင်းသာ...။)

(သီချင်းစာသားတွင် မြန်မာရှုခင်းအလှ ၊မြန်မာတွေရဲ့မျိုးချစ်စိတ်ဓာတ်၊ စာပေယဉ်ကျေးမှု၊မြန်မာဓလေ့ ထုံးစံ၊ချစ်စရာစရိုက်လေးတွေကို အသေးစိတ် ရေးဖွဲ့ထားတာမို့ သီချင်းလေးကို လေ့လာနားထောင်ကြရင်း ညနေ နေညိုရင် ရိုးရာဓလေ့ ဗုံကြီးသံနှင့်အတူ ယဉ်ကျေးမှုတွေ ထုံမွှန်းနေသည့် ရွှေဘိုကို တမ်းတ မှန်းဆ အလွမ်းပြေနိုင်ပါစေ...)

( မြန်မာ....မြန်မာ....မြန်မာ....)
တကောင်းကစ တည်လာခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှုတွေနဲ့ မြန်မာ့စိတ်ဓာတ်၊ အာရှသမိုင်းမှာဓားထက်ခဲ့တဲ့မြန်မာ ရွှေပြားခက် နန်းဆောင် စိန်ရောင်တောက်နေတဲ့ ပြသာဒ်တွေနဲ့ တောင်အာရှမှာ တန်ခိုးထွားခဲ့တဲ့ ဒုတိယမြန်မာနိုင်ငံတော်ကြီးအကြောင်းကို ရိုးမတောင်တန်းကြီးတွေက ပြောပြနေလိမ့်မယ်။ ထန်းလုံးခံတပ်ကြီးတွေနဲ့ မုဆိုးဘိုရွာကစလို့ မြန်မာအမျိုးသားတွေ စည်းလုံးပြီး မျိုးချစ်စိတ်ဓာတ်နိုးကြားစေခဲ့တဲ့ တတိယမြန်မာနိုင်ငံတော်ကြီးအကြောင်းကို မြန်မာမှု မြန်မာဟန်ပန်တွေကို မေ့ဖျောက်ချင်တဲ့ မင်းတို့အတွက် ရွှေဘိုဗုံသံကြားရင် မြန်မာဆိုတာ မင်းတို့မမေ့ကြနဲ့.....။
ညနေနေညိုရင် ရွှေဘိုကိုလွမ်းမိတယ်.....၊
မင်္ဂလာဗုံရှည်သံ မြန်မာဟန်အသံကြားရမယ်...မြန်မာဟန်ပန် မြန်မာသံတွေကို မချစ်တတ်တဲ့ မင်းတို့အတွက် “ရွှေဘို ဗုံသံတဲ့ဟေ့” မြန်မာမှန်ရင်နားဆင်လှည့် ငါဆိုနေတဲ့ဒီသချင်းကို မြန်မာမစစ်ရင်မင်း နားမထောင်နဲ့...နားထောင်ပြီးမှ နှာခေါင်းရှုံ့မိရင် မင်းသွေးနှောနေတာရှက်ဖို့ကောင်းတယ်....။
အရင်ကဆို တို့ရွှေဘို၊ ရန်ကြီးအောင် ကုန်းဘောင်ခလို့ ဘေးရန်ပြို နာသိင်္ခ ငါးမည်ရမုဆိုးဖို ဖိုလေးဖို တစ်ဖိုဆန်းထ ဦးအောင်ဇေယျ ရာဇ၀င်နန်းစ ပါရမီရှင်မင်းယောက်ျားပဲ ဘုန်းလက်ရုံးတွေ မီးဟုန်းဟုန်းစွဲ၊ ကွဲလွဲနေတဲ့ရွာငယ်တွေကို စုစည်းပြီးတော့ ထန်းလုံးတပ်ကာ တပ်မဟာမှာ စစ်ဘီလူးစီးသလို နိုင်ငံသစ်အတွက် အသက်တွေစွန့်ကြ သံမှုန်စားတိုင်းတစ်ပါးသားမှ တို့ဓားတုံးမယ် သူတို့မှတ်ကြ ရွှေဘိုသားကုန်းဘောင်သမိုင်းကို သွေးနဲ့ရေးပြီး မြန်မာမှန်တိုင်း ဧရာဝတီအတွက်ဆို အသက်စွန့်ဖို့ အဆင်သင့်ဖြစ်ပြီး စိတ်ထဲကညီ ညီညာလို့ ပြည်ခွင်သာကုန်းဘောင်သမိုင်းက ရွှေရောင်လွှမ်းမဲ့ တောင်အာရှ၊ ကမ္ဘာပေါ်မှာ မြန်မာဟေ့ဆို အကုန်ဒူးတုတ်ခဲ့ အတိတ်သမိုင်းကို အတိတ်မှာထားဆို မင်းတို့ခေတ်ရောက်မှမေ့ပြစ်တော့မလား၊ ရာဇ၀င်မှာစာတင်လောက်တဲ့ ကို့သမိုင်းကြောင်းကို ဖျောက်ပြစ်တော့မလား...။
ရှိတ်စပီးယား ပြဇာတ်သိပြီး ဦးပုည ပြဇာတ်အရေးအသားမင်းမေ့ အန်နီမေးရှင်း အရေးအသားတစ်ခုကို ဆဒ္ဒန်ဇာတ်မှာ ရှာရင်မင်းတွေ့ ဗီသိုဘင်၊ မိုးဇက် သိပြီး အလင်္ကာကျော်စွာ စိန်ဗေဒါ မင်းမေ့ (Earing) အီးရားရင်း နဲ့အသံညှိတဲ့ မြန်မာဆိုင်းဝိုင်းကို ကမ္ဘာမှာမင်းတွေ့ ဗီကာဆို၊ ဗန်ဂိုးရဲ့ပန်းချီလက်ရာတွေ ကမ္ဘာကျော်ပေမဲ့ ဦးငွေကိုင် ဆီဆေးတစ်ချပ်တော့ မင်းမမြင်ဘူးရင် ကြည့်စေချင်တယ်... စည်းဝါးညီ ကာရံကိုက်လို့ တော်ဝင်နန်းထိုက်တဲ့ တို့မြန်မာဂီတ ကြေးကြိုး၊ သရေ၊ လေ၊ လက်ခုပ်နဲ့(၇) ပါးသံစဉ် မြန်မာဟန်ပီသ ခန့်ညားလို့အားရစရာ စင်မြင့်ထက် ရုပ်သံသဘင်နဲ့ မြေ၀ိုင်းမှာ ဇာတ်ခုံခင်းလို့ အပျိုတော်သီချင်း ငါရင်ခုံနေဆဲ သင်္ကြန်ချိန်ခါဆို ဆရာမြို့မရဲ့ တူးပို ဒိုးသံ နားထဲစိမ့်ဝင် အောင်ပင်လယ် မန္တလာအလိုက်နဲ့ နန်းတော်ရှေ့ကတို့ကိုကြီး“ တင်” စည်းချက်ညီ မြန်မာအက အလှကို စည်းကမ်းထွင်တဲ့ အမေထွေးလေးနဲ့ အင်းဝခေတ်စာပေအရေးအသား ရှင်လေးပါးလည်း မြင်ရောင်နေဆဲ ဦးရွှေရိုး ဒေါ်မိုးအကနဲ့ ဒိုးပတ်အရိုင်သံ မြိုင်ဆိုင်နေတဲ့ စည်ဗြောသံကြားရင် မြန်မာအလှူပွဲကို ကြည့်ဖို့လှမ်းခဲ့...။
ဂလိုဘယ်လိုက်ဇေးရှင်း ဆိုယဉ်ကျေးမှုချင်း ကူးလူးဆက်သွယ် ခေတ်စနစ်သစ် အရင်းရှင်စနစ်မှာ စစ်မြေမသုံးပဲ လူမျိုးချင်းဖျက်မယ် ပုခက်လွှဲမဲ့အနာဂတ်တွေ လူမျိုးခြားကိုအထင်ကြီးရင်တော့ အမျိုးပျောက်မယ့် အန္တရာယ်မီးပဲ မြန်မာအမျိုးသမီးတွေ ထိန်းသိမ်းကြတော့၊ ရွှေမှန်ကင်းထင်းဖြစ်ရမလို မြန်မာစိတ်ဓာတ်တွေ အောက်တန်းမကျနဲ့ ၊ လူမျိုးခြားစာ ထမင်းဖိတ်ကျွေးပြီး မြန်မာအလှူပွဲမှာ ရေစက်မချနဲ့ ရွှေညာမြေချောင်းရိုးတလျှောက်မှာ စည်ဗျောသံတွေ ညံစီဝေနေ စောရှုပ်ဆန် ငါးခြောက်ထမင်းနဲ့ မြန်မာအလှူပွဲကို မြင်ရောင်ကာနေ အတောမသတ်တဲ့တောဇာတ်ဆိုပြီး ကိုယ့်လူမျိုးကို ပြန်မနှိမ်နဲ့ဟ...၊ တိုက်ပွဲဝင်တို့အဘိုးဓားရဲ့ နယ်ချဲ့သွေးတွေ ပြန်မြင်ကြည့်ကြ၊ ကမ္ဘာအလယ်မှာ မြန်မာလှဖို့ သွေးနဲ့ရေးတဲ့ စုတ်ချက်တွေ ဇာတိမြေသမိုင်းအကြောင်းကို ဧရာဝတီကအသိသက်သေ၊ နေထိုင်ပုံ အ၀တ်အစားစတိုင်တွေ အတုမြင်ကာလေ အကုန်သုံးဆွဲပြီး တခါတလေဆို ကိုယ့်ဟန်ပန်တောင် ဘာလူမျိုးမှန်းစိတ်ထဲတွေးမိ၊ ဒါပေမဲ့ ငါတို့စိတ် မြန်မာဝံသာနု အမျိုးစောင့်တရားလက်ကိုင်ထားပြီး ထိန်းသိမ်းကြပါဆို့။
ညနေ နေညိုရင်ရွှေဘိုကို လွမ်းမိတယ်။
မင်္ဂလာဗုံရှည်သံ မြန်မာဟန်သံ ကြားရမယ်။

ှဗုံကြီးသံကဗျာကို အသက်ဝင်စေသော real myanmar တေးရုပ်သံကြည့်ရှုရန်


ရွှမ်းသိင်္ဃ(တနင်္သာရီ)
၂-၃-၂၀၁၁

(တောင်သူလယ်သမားနေ့အထိမ်းအမှတ်အနေဖြင့် အညာဒေသ တောင်သူမိုးခေါ်ဓလေ့ ဗုံကြီးသံကဗျာလေးကို အမှီပြု ရေးလိုက်ခြင်းသာဖြစ်သည်..။)

0 comments:

Post a Comment