RSS

Thursday 31 March 2011

ခေးအော့စ်(Chaos) သံစဉ်



ကျနော့်ရင်ခွင်မှာ ရှင်သန်နေတဲ့ အနာဂတ်စိုက်ခင်းလေးမှာ
ပြိုကျဖို့ ငိုရတဲ့ အဖြစ်မျိုးကိုတော့ မခြွေချချင်တော့ဘူး
အလင်္ကာနှင့် ရောသမဖျော်ထားတဲ့ ကဗျာအိမ်လေးမှာလည်း
အကြင်နာမိုးတွေ ကြွေကျနေစေတော့မယ်
တဖြည်းဖြည်း ရေချိုးပြီးတက်လာတဲ့ နေမင်းကြီးကိုကြည့်ရင်း
စိတ်ညစ်မှုတွေဖျောက်ထားတဲ့ နံနက်ခင်းမှာ
ငှက်ကလေးတွေကို တေးဆိုခိုင်းမယ်...
မြက်ခင်းလေးတွေပေါ်မှာ ကျောခင်းရင်း ညဘက်မှာ ကြယ်တွေရေတွက်ကြမယ်
စိတ်ကူးတွေကိုရွက်လွင့်ရင်း မျှော်လင့်ချက်တွေနှင့် အသက်ဆက်ကြမယ်
မျှော်ရင်းလင့်သွားခဲ့တဲ့ အချိန်တွေကို နှမြောနေမယ့်အစား
နွေဦးကောင်းကင်မှာ အနာဂတ်ရာသီအတွက်
အိပ်မက်လှလှလေးတွေ ရေးကြမယ်
နှင်းဆီပွင့်တထောင်လည်း လက်ဆောင်မပေးချင်တော့ဘူး
စကားလုံးတစ်သောင်းလည်း မလုံလောက်တော့ ရင်ထဲမှာပဲ ငုံထားမယ်
ယုံတော့ယုံတယ်နော်
ပုံပြင်ဟောင်းတွေထဲ မပျော်ဝင်တော့ရင်
အနမ်းတပွင့်နှင့်အလွမ်းတစ်စက် ဆုခြွေမယ်...
မင်းကို ချစ်တာထက်ပိုတယ်..
လိုအပ်ရင်ထပ်ပြောဦးမယ်...
သေချာကြည့် ...ရင်ထဲမှာ အချစ်သံစဉ်နှင့် မြူးကြွနေတဲ့ နှလုံးသားလှလှရှိတယ်။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
၂၆-၁၁-၂၀၀၉



0 comments:

Post a Comment