RSS

Friday 4 March 2011

အသက်ဝင်လာသော မြန်မာဂန္ထ၀င်ကဗျာလေး (၆)- (ဆွမ်းအုပ်နီနီ (ခ) ဥပုသ်စောင့်)



စာရေးသူ ငယ်စဉ်အချိန်တွေမှာ အများဆုံး ရင်းနှီးထိတွေ့ခွင့်ရခဲ့တဲ့ ကဗျာလေးတွေကတော့ ဆရာကြီး မင်းသုဝဏ်ရဲ့ကဗျာလေးတွေနှင့်ပါ..။ သူငယ်တန်းမတက်ခင် မူကြိုကျောင်းသားဘ၀တွေမှာ စတင်ရင်းနှီးရွတ်ဆိုခဲ့တဲ့ ကဗျာလေးတွေအကြောင်း ပြန်တွေးရင်း မြန်မာယဉ်ကျေးမှုဓလေ့တွေကို ဖော်ညွှန်းနေသော ဆရာကြီး မင်းသုဝဏ်ရဲ့ ဥပုသ်စောင့် အမည်ရှိသော ခလေးကဗျာလေးကို ပြန်သတိယမိသည်..။ သားအမိ အပြန်အလှန်ပြောဆို ကြတဲ့ ပုံလေးကို မြင်ယောင်စေပြီး ဥပုသ်နေ့မှာ ဆွမ်းအုပ်ကြီးကိုရွတ်ရင်း ဘုန်းကြီးကျောင်းသွားဖို့ ပြင်ဆင်ပုံကိုလည်း ဖော်ပြနေသယောင်ရှိသည်..။ ဤကဗျာလေးကို အများအားဖြင့် ဥပုသ်စောင့် အမည်အစား ဆွမ်းအုပ်နီနီ ဟု လူသိများသည်..။ ဤကဗျာလေးသည် အသံသာပြီး ရွတ်ဆိုရလည်း ကောင်း ချစ်စရာလည်း ကောင်းသည်မို့ စကားပြောတတ်စအရွယ်မှ လူလတ် လူကြီးဖြစ်သည့်တိုင် အမှတ်ရ ရွတ်ဆိုနေကြသည်ကို တွေ့ရသသည်မို့ ဤကဗျာလေးသည်လည်း မြန်မာနှလုံးသည်းပွတ်မှာ စွဲထင်နေဆဲ (အသက်ဝင်နေဆဲ) ကဗျာ တစ်ပုဒ်ဖြစ်သည်ဟု စာရေးသူ ထင်ပါသည်..။ ငယ်မူပြန်သည်ဟု ဆိုစေဦးတော့ စာရေးသူလည်း ဤကဗျာလေးကို ရွတ်ဆိုရင်း သရုပ်ဆောင်ခဲ့သော ခလေးဘ၀ကာလများသို့ တခါတလေ ရောက်ရောက်သွားတတ်သည်..။ ခန္ဒာတွေသာ တရွေ့ရွေ့ အိုဟောင်းလာခဲ့ကြပြီ..။သို့သော်ငြားလည်း ၁၉၄၀ခုနှစ် ဆရာ မင်းသုဝဏ်ရေး မောင်ခွေးဖို့ ကလေးကဗျာများ စာအုပ်ထဲက ဥပုသ်စောင့် (ဆွမ်းအုပ်နီနီကဗျာ) လေးကတော့ မြန်မာကလေးဝန်းကျင်နှင့် မြန်မာကဗျာချစ်သူတို့နှလုံးသားမှာ အသစ်သစ်နှင့် ဆက်လက်ရှင်သန်နေဆဲပါ..။


ဆွမ်းအုပ်ဟု ဆိုလိုက်တာနှင့် အခုနောက်ပိုင်းကလေးတွေက မမြင်ဖူးကြတော့ အထူးဆန်းဖြစ်ကြတာအမှန်ပါ..။အခုခေတ်တွင် ဆွမ်းအုပ်နှင့် ဆွမ်းပို့ ဓလေ့ လေးကတော့ တော်တော်လေးရှားသွားပါပြီ..။ ဆွမ်းအုပ်ဆို ဘာလဲဟင် လို့ ခလေးလေးကမေးလာသည့်တိုင် အဲဒါ ဆွမ်းအုပ်လို့ခေါ်တယ်ကွဲ့ ဟုဖြေနိုင်ဖို့ အိမ်ခန်းအတွင်း အလှဆင် ပန်းပုပြရုပ်လေးအသွင်ဖြင့်သာ ထားရှိကြတော့သည်..။ ခေတ်တွေဘယ်လိုပင်ပြောင်းလာပါစေ ဆွမ်းအုပ်အလှနှင့် မြန်မာဓလေ့ကို ဖော်ညွန်းနေတဲ့ ကဗျာလေးကတော့ ဆက်လက်တည်ရှိနေဦးမည်သာ..။ ကဗျာလေးကို မှီး၍ တေးသီချင်းပုံစံပြောင်းခဲ့လာကြရာ အခုဂီတခေတ်ရေစီးကြောင်းတွင်လည်း DJ Remix ပုံစံလေးနှင့် မြူးမြူးကြွကြွလေး ပြန်လည်အသက်ဝင်လာတာကို တွေ့ရသည်..။ မည်သို့ပင်ဆိုစေ ကဗျာလေးကို အသက်သွင်းကြသည်ဆိုရာဝယ် မူလရှိရင်း စာသားလေးတွေရဲ့အလှကို ထိန်းသိမ်းရင်း ဆက်လက်၍ မြန်မာ့ယဉ်ကျေးမှုကို ပိုမိုထင်ဟပ်ပေါ်လွင်အောင် ထပ်ဆင့်လုပ်ဆောင်ရွက်ရာလည်းရောက်သည်လေ..။ မူရင်းအဓိပ္ပာယ်ကို မပျောက်ပျက်စေဘဲ ဆက်လက် အသက်ဝင်အောင် လုပ်ဆောင်သင့်သည်ဟု အကြံပြုရင်း စာရေးသူတို့ ခလေးဘ၀မှာ ခရေစီဖြစ်ခဲ့တဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ ဥပုသ်စောင့် မူရင်းကဗျာစာသားလေးတွေနှင့်အတူ ခလေးလေးရဲ့ ချစ်စရာသီဆိုထားတဲ့ရုပ်သံလေးနှင့် ယနေ့ခေတ် DJ music အသွင် ပြန်လည်ဆန်းသစ်ထားတဲ့ သြရသနှင့် နန်းဆုရတီစိုးတို့ သီဆိုပုံလေးတွေကို နားဆင်နိုင်ဖို့ စာရေးသူ ပို့စ်စာမူ အောက်တွင် ဖော်ပြပေးလိုက်ပါသည်..။( အသက်ဝင်လာသော မြန်မာဂန္ထ၀င် ခလေးကဗျာ တပုဒ်ဖြစ်သည့် ဥပုသ်စောင့် ခေါ် ဆွမ်းအုပ်နီနီ ကဗျာလေးကို နားဆင်ရင်း ကဗျာချစ်သူတို့ အပြစ်ကင်းတဲ့ အတိတ်ခလေးဘ၀ဆီသို့ တကျော့ တဖန်ပြန်ပြောင်း အလွမ်းပြေ ပျော်ရွှင်နိုင်ကြပါစေ..။)
" ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန်မနက် ကျောင်းထွက်မယ်
မောင်လည်းလိုက်မယ် ချန်မထားနဲ့
အမေသွားတော့ ပျင်းလှတယ်
ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့ရင်
ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ်
မောင်မဆော့ပေါင် စိတ်ပုတီးနဲ့
ဘုန်းတော်ကြီးလို နေပါ့မယ်
လိုက်မယ် လိုက်မယ်။"







http://sandarlamin.multiply.com/video/item/123/123မှ ခလေးလေးရဲ့ ချစ်စဖွယ်သီဆိုဟန်ရုပ်သံလေးဖြစ်သည်..။



သြရသနှင့် နန်းဆုရတီစိုးတို့၏ ဆွမ်းအုပ်နီနီ DJ Music နားဆင်ရန်


ရွှမ်းသိင်္ဃ(တနင်္သာရီ)
၎-၃-၂၀၁၁

1 comments:

ဦးစားကြီး said...

ကျေးဇူးတင်ပါတယ်ဗျာ။ ၀ိုင်းစုတို့ ပြန်ဆိုတာကတော့ တကယ်စိတ်ပျက်စရာပါပဲ။ စာသားတွေလည်း မှားနေတယ်

Post a Comment