RSS

Wednesday 2 March 2011

အသက်ဝင်လာသော မြန်မာဂန္ထ၀င်ကဗျာလေး(၄)- (တစ်ကျော့ နှစ်ကျော့ တေးကိုသီ)








စာရေးသူ ငယ်ဘ၀အချိန်များထဲမှ အမှတ်တရ ဖြစ်ဖွယ်နေ့လေးများစွာကို ဝေလီဝေလင်း အာရုဏ်ဦးအချိန်လေးတွေနှင့် စတင်ထိတွေ့ခဲ့ရသည်..။ ကြက်ဖတွန်ချိန် မယ်မယ် ဆွမ်းချက်ထချိန်ရောက်ပြီဆိုတာနှင့် စာရေးသူတို့ တအိမ်သားလုံးလည်း အိပ်ယာနိုးကြသည်..။ ရေခပ်သူက ခပ်ကြ ၊ အမှိုက်လှည်းသူက လှည်းကျင်းကြ ၊ စာရေးသူနှင့် အမငယ်က ပုံမှန် ပန်းကောက်ထရသည်..။(ပန်းခူးသည်ဟု ဆိုရင် မှန်သည်.။) ပန်းခူးရင်းဖြင့် မမသင်ပေးတဲ့ ကဗျာလေးတပုဒ်ကတော့ ယနေ့အထိ အမှတ်ရနေဆဲ..။ ဆိုမိတိုင်းလည်း ငယ်ဘ၀ ပျော်စရာအချိန်လေးတွေကို ပြန်သတိယအလွမ်းဖြေမိပေသည်..။ ဤကဗျာလေးက ဆရာကြီး မင်းသုဝဏ်ရဲ့ "ပန်းသည်" အမည်ရှိ ကဗျာလေးပါပဲ..။ မူရင်းကဗျာစာသားလေးတွေကတော့-

"မောင်လေးရေ ၊ ထပါတော့
ရောင်နီလာလှပေါ့။
တစ်ကျော့ နှစ်ကျော့ တေးကိုသီ
ငှက်ကြား နှုတ်ပလီ။
တောင်ဆီနားက ခရေပန်း
ပင်အောက် ကြိုင်လို့လန်း။
ဗန်းလေး ယူခဲ့မောင်လေးရယ်
သွားကောက်ချေစို့ကွယ်။
ပန်းသည် လုပ်စို့ တပြုံးပြုံး
ပန်းတွေ တကုံးကုံး။ ။
"
ဤကဗျာလေးကို ရွတ်မိသည်နှင့် မြူနှင်းလေးတွေရယ်..အရှေ့ဘက်ကောင်းကင်မျက်နှာစာမှ ရောင်နီဖြန့်ကျက် အလင်းရောင်ဖြာကျ ထွက်ပေါ်လာတဲ့ နေ၀န်းလေးရယ်..အသံတစာစာနှင့် အိပ်တန်းကနိုးထလာတဲ့ ငှက်ကလေးရဲ့တေးသီသံလေးတွေရယ်..နံနက်ခင်းရောင်နှီအောက်မှာ လေပြေ တရှိုက်မှာ သင်းပျံ့လာတဲ့ ပန်းရနံ့လေးတွေရယ်..ပျော်ရွှင်ဖွယ် မောင်နှမ ဘ၀လေးတွေရယ်... ထင်ဟပ်ပေါ်လွင် မြင်ယောင်စေတဲ့ ခလေးကဗျာလေးဟု မှတ်ယူခံစားခွင့်ရမည်မှာ ဧကန်ပင်။
ဤကဗျာလေးကို ခလေးကဗျာဟုဆိုသော်ငြားလည်း နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ပျောက်ပျက်သွားစရာ မရှိဟု စာရေးသူ ထင်ပါသည်..။ကဗျာကောင်းတပုဒ်မည်သည် ကဗျာချစ်သူတို့ ရင်ထဲ အထိ ထိုးဖောက်ဝင်ရောက်နေရာယူစွမ်းရှိရပါမည်..။ သို့အတွက်ကြောင့် ဤကဗျာလေးသည်လည်း ကဗျာကောင်းတပုဒ်ဖြစ်သည်နှင့်အညီ ဘယ်အချိန် ဘယ်နေရာရောက်ရောက် ဘယ်သက္ကရာဇ်သို့ ဆိုက်ဆိုက် ကဗျာချစ်သူတို့ရင်ထဲမှာ တည်မှီနေသ၍ ဆက်လက် ရှင်သန် အသက်ဝင်နေဦးမည်ဟု စာရေးသူထင်ပါသည်..။
ဤကဗျာလေးနှင့် စပ်လျဉ်း၍ စာရေးသူတို့ ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ တစ်ကျော့ နှစ်ကျော့ တေးကိုသီ ခေတ်ဟောင်းရုပ်ရှင်ကို ပြန်ပြီးသတိရမိသည်..။ ရုပ်ရှင်ထဲတွင် ၀င်းဦး ၊တင်တင်မြ၊ ချိုပြုံးတို့ အဓိကသရုပ်ဆောင်ထားပြီး မောင်နှမညီနှမမေတ္တာဘွဲ့ ဇာတ်လမ်းလေးလို့ ထင်ပါသည်..။ ဇာတ်လမ်းထဲမှာ တင်တင်မြက သူ့ချစ်သူဝင်းဦးကို ညီမဖြစ်သူချိုပြုံးကလုယက်ခြင်းခံရခဲ့သည်..။တချိန်တည်းမှာပဲ သူဟာမွေးစားသမီးလို့ သိလိုက်ရတယ်.. အမေရင်းကိုလိုက်ရှာပြီးတွေ့တော့လည်း နှင်ထုတ်ခံခဲ့ရသည်.။. ညီမဖြစ်တဲ့ချိုပြုံးကလည်း တဘက်သတ်ချစ်ကြိုက် ၀င်းဦးကို အတင်းရအောင်ယူခဲ့ပြီး ၀င်းဦးရဲ့ တုံ့ပြန်ချစ်ခြင်းကို မရသဖြင့် အစ်မဖြစ်သူကို ဒေါကန်အပြစ်ပြောသည်..။အဆင်မချော ဘ၀င်မောတော့ ညီမဖြစ်သူရဲ့အမုန်းကိုပါ ထပ်ဆင့်ရခဲ့သေးသည်..။.. ချစ်သူလည်းရှုံး၊ မိဘလည်းမဲ့၊ မွေးစားအိမ်ကညီမရဲ့ချစ်ခြင်းကိုလည်းမရတဲ့ တင်တင်မြက ဒီသီချင်းလေးကို နောက်ဆုံးဇာတ်ဝင်ခန်းမှာ ဆိုသွားတာပါ။ဂီတလုလင်မောင်မောင်ကိုက သံစဉ်ဖော်ထားသော တစ်ကျော့ နှစ်ကျော့ တေးကိုသီ သီချင်းအစမှာပဲ ဤပန်းသည်ကဗျာလေးကို အစချီထားပြီး အောက်ပါအတိုင်း တင်တင်မြက ဆက်ဆိုထားသည်ကို ဂရုဏာသက်ဖွယ် ခံစားလေ့လာနိုင်သည်..။( အဆိုတော်များ လက်ဆက်ကမ်းသီဆိုကြရင်း ယနေ့အထိနောက်ဆုံးသီဆိုထားသည့် မြန်မာမိုနိုတေးသံရှင် ရွှေယမင်းဦး၏ သီဆိုဟန်နှင့် သီချင်းလေးကို ခံစားကြည့်ပါစို့ရဲ့.။.ပို့စ်၏ အောက်ဆုံးတွင် တေးရုပ်သံကြည့်ရှုနိုင်သည်..။)

"ကျွန်မတို့ငယ်ငယ် အမိရယ်အဖရယ်ဘ၀၀ယ်စုံစုံညီ

ချစ်သဒ္ဓါလောင်း မေတ္တာအပေါင်း

ချစ်ကြောင်းကုန်စင်သည်.. ချစ်ကြောင်းကုန်စင်သည်

တစ်မိတစ်ဝမ်းချမ်းမြလျှမ်းပ ဘယ်သူ့မှ မမျှမဝေ

ရလေလိုလေ ဖြစ်ခဲ့မိပါသည်….

သစ္စာအမြဲ မရမနေအထိသာ…

မေတ္တာ အသည်းမျှဝေကြည့်ကာ သိရတာ စာနာပြီ..

အဖြစ်ဇာတ်နမူ စုံလင်..မမေ့သည်

အချစ်ငတ်သူတွေ တစ်ပုံတပင်တွေ့ရပါပြီ

ချစ်တတ်သူဆွေ ဂုဏ်အင်္ဂါကပဲ

အသည်းတွေ…ခွဲဝေ… ပေးနိုင်ရပါမည်

မေတ္တာယူတော့ မေတ္တာပေး

တေးအဓိပ္ပာယ် အသွယ်သွယ်ထူးတလီ

ကျေးဇူးတင်ရပါစေမည်" .. ဆိုတဲ့အပိုဒ်ရယ်.. နောက်တစ်ပိုဒ်က..

"ကျွန်တော်တို့ ကျွန်မတို့လေ..

ချစ်လေသူကို.. ချစ်လေသူကို..

ကိုယ်ကတဖန် ပြန်လည်ချစ်တတ်ကြပါစေအတည်…

ဘ၀တေးဆိုလျှင် ခဏလေးမဆိုချင်

ကျော့ကျော့လွင်မှ အသွင်လှပါလေမည်

သို့သော်လည်း… မုန်းတေးတစ်ခါကျော့လျှင်

ချစ်တေး တစ်ခါနှစ်ခါ.. သုံးခါလေးခါ..

အခါခါကျော့စေချင်ပါသည်.. အခါခါကျော့စေချင်ပါသည်.."


မည်သို့ပင်ဆိုစေကာမူ တစ်ကျော့ နှစ်ကျော့ တေးကိုသီ သီချင်းလေးအဖြစ် ထပ်ဆင့်အသက်ဝင်လာခဲ့သော ပန်းသည် ကဗျာလေးကတော့ စာရေးသူ ရင်မှာ အစဉ်အမြဲ ဂန္ထ၀င်မြောက်တေးကဗျာလေးအဖြစ် ရှိနေဦးမည်သာ..။


တေးကဗျာအဖြစ် အသက်ဝင်လာသော ပန်းသည်ကဗျာ နှင့် အစချီထားတဲ့
တစ်ကျော့ နှစ်ကျော့ တေးကိုသီ တေးရုပ်သံ ကြည့်ရှုခံစားရန်





ရွှမ်းသိင်္ဃ(တနင်္သာရီ)
၂-၃-၂၀၁၁

0 comments:

Post a Comment