RSS

Wednesday 9 March 2011

အသက်ဝင်လာသော မြန်မာကဗျာများ(၇)- (အမေ့ ပုခက်လွှဲ)



စာရေးသူတို့ ငယ်နုစဉ်ခလေးဘ၀မှာ အများအားဖြင့် အိပ်ယာဝင်ခါနီးတွင် အမေပြောပြသော ပုံပြင်လေးများ၊ အမေရွတ်ဆိုသော သားချော့တေးကဗျာ (ပုခက်လွှဲကဗျာ)များကို ကြားနာခွင့်ရခဲ့သည်..။ အမေ့ရင်ခွင် ရင်ငွေ့ခိုလှုံ... အို..အို..အေး အစချီ အိပ်ယာဝင်ကဗျာများစွာ နားဆင်ရင်းမှ တညတာ ကောင်းကောင်းအိပ်ခွင့်ရသည်..။ နေ့ညမဟူ သားသမီးတို့ စိတ်ပျော်ရွှင်မှု နွေးထွေးမှုတွေ သွန်းဖျန်းပေးသော အပြုံးပန်းတွေနှင့် ကဗျာလေးတွေ သင်ပေး၊ ကိုယ်တိုင် ရွတ်ပြ ၊ ဟန်မူရာ လုပ်ရ ဖြင့် ကြည်နူးနေသော အမေ့မျက်နှာလေးကို စာရေးသူ နှလုံးအိမ်မှာ အခုထိ စွဲထင် မြင်ယောင်နေဆဲပါ..။


ပုခက်လွှဲကဗျာလေးတွေအကြောင်း စဉ်းစားမိရင် အမေဆိုတာကို ချန်ထား၍ မရကောင်းပါ..။ အမေနှုတ်ဖျားမှ စတင် စီးဆင်း ကြားခွင့်ရခဲ့သော ပုခက်လွှဲ ကဗျာလေးတွေ အများကြီးရှိသည့်အနက်မှ ၁၉၄၀ ခုနှစ်ထုတ် မောင်ခွေးဖတ်ဖို့ စာအုပ်ထဲမှ ဆရာကြီးမင်းသုဝဏ်ရဲ့ ပုခက်လွှဲ (သားချော့တေး)ကဗျာလေးကို စာရေးသူ ပြန်လည်ခံစားပါမည်..။ ကဗျာလေးက ဆိုရတာ အသံသာပြီး စာလုံးဖွဲ့စည်းပုံမှာ ရိုးစင်းသလောက် လှပပြီး သဘာဝအလှကို ညွန်းဖွဲ့ ပေါ်လွင်စေသည့် သဘောရှိသည်..။ ကဗျာမူရင်းလေးက ဖတ်လိုက်တာနှင့် သီချင်းပုံစံလေးအသွင် အသံထွက်လို့ကောင်းသည်..။ ဆရာကြီးမင်းသုဝဏ် ကဗျာထဲမှ အကြိုက်ဆုံး ခလေးကဗျာလေးမို့ ယနေ့တိုင် ခံစားရစ်ကျူးဖို့ ကောင်းနေဆဲမို့ ကဗျာရဲ့မူရင်းလေးကိုဖော်ပြလိုက်ပါသည်..။

"မုန်တိုင်းကထန်၊ ချောင်းကလျှံ.....

ဝဲသံကကြွေး၊ လှိုင်းကဖွေး.....

ယီး..လေလေ့...ယီးလေလေး ။


မိုးပေါက်ကနာ၊ ဖြုတ်ကလာ.....

လမ်းတာကဝေး၊ လေကအေး.....

ယီး..လေလေ့...ယီးလေလေး ။


အိုချင်းတို့ရေ.... တို့တစ်တွေ.....

လှော်လေအပြေး၊ ယက်ဖွေးဖွေး

ယီး..လေလေ့...ယီးလေလေး ။


နေမင်းဖန်ဝါ၊ ယွန်းတော့ရှာ

အိပ်ပါလူလေး၊ မေ့ရင်သွေး......

ယီး..လေလေ့...ယီးလေလေး ။


ငှက်မ၊ ငှက်ဖို သိုက်မြုံခို

သံချိုမကြွေး၊ အိပ်ပြီလေး.....

ယီး..လေလေ့...ယီးလေလေး ။


ရနံ့မထုံ၊ ပန်းဝတ်မှုန်

ပန်းငုံမှာကွေး၊ အိပ်ပြီလေး....

ယီး..လေလေ့...ယီးလေလေး ။


လမင်းသော်တာ၊ ရောင်ခြည်ဖြာ

အိပ်ပါလူလေး၊ မေ့ရင်သွေး......

ယီး..လေလေ့...ယီးလေလေး ။
ယီးလေလေ့ ယီးလေလေး။"

ကဗျာလေးထဲတွင် လေအဝှေ့မှာ လှိုင်းရေ တဖွေးဖွေးထနေတဲ့ မြစ်ရိုးတလျှောက်မြင်ကွင်းလေးရယ်..မိုးတဖျောက်ဖျောက်နှင့်အတူ ရောက်ရှိလာသော ဖြုတ်ဆိုသည့် ပိုးကောင်လေးတွေရယ်.. အကောင်လေးတွေနေ၀င်ဆည်းဆာချိန်လေးရယ်..အိပ်တန်းပြန် ငှက်ကလေးတွေရယ်..ပန်းရနံ့လေးတွေရယ်..လမင်းသော်တာရယ် စသဖြင့် သဘာဝဆည်းဆာအလှလေးတွေကို မြင်သာအောင်ဖွဲ့ဆိုရင်း ခလေးလေးကိုချော့သိပ် မှေးမှိတ်အိပ်ချင်အောင် ယီးလေလေ့ ယီးလေလေး အဆုံးသတ်အသံလေးတွေ ထပ်ထပ်စီခြယ်ရင်း ကဗျာအလှကို မြင်သာအောင် ဖန်တီးထားသည်ကို တွေ့နိုင်သည်..။ ဤကဲ့သို့သော ကောင်းခြင်းဂုဏ်များကြောင့် ဆရာကြီး၏ ပုခက်လွှဲ ကဗျာလေးသည် ယနေ့တိုင် အသက်ဝင်ရှင်သန်နေသော ကဗျားကောင်း တပုဒ်ဖြစ်သည် ဟုဆိုနိုင်သည်..။

မကြာသေးမီက ကြည့်လိုက်ရတဲ့ ရွာ အမည်ရှိ သေခြင်းတရားနှင့် မိခင်မေတ္တာတရားကို ဖော်ညွှန်းတဲ့ မြန်မာဗွီဒီယို ဇာတ်ကားလေးထဲတွင် ဇာတ်ဝင်တေးသီချင်းအသွင်ဖြင့် ဤ ကဗျာလေးကို ပြန်လည် ခံစားနားဆင်ခွင့်ရခဲ့သည်..။ (ဇာတ်ကားမှာ ရဲတိုက်၊ အေးမြတ်သူ၊ မို့မို့မြင့်အောင် နှင့် ပြေဇင် တို့က အဓိက သရုပ်ဆောင်ထားပြီး သေခြင်းတရားနှင့်မိခင်မေတ္တာတရားလွန်ဆွဲကြတဲ့ သဏ္ဍာန်ကို ဖော်ပြရာမှာ ဤကဗျာလေးကို ဇာတ်ဝင်တေးအသွင်ဖြင့် ခံစားမှု ပေါ်လွင်အောင် ထည့်သွင်းအသုံးပြုထားသည်ကို တွေ့နိုင်သည်..။)

စာရေးသူလည်း အသက်ဝင်နေသော ဤကဗျာလေးကို ကဗျာချစ်သူတို့ ပြန်လည် ခံစားနားဆင်နိုင်ဖို့ သီချင်းမူရင်းကို လိုက်ရှာခဲ့ရာ mp3 ကို ရခဲ့သည်..။ ရုပ်သံလေးကို ဖော်ပြလိုက်ရင် ပိုပြီးမြင်ယောင်နားဆင်လို့ ကောင်းသည်မို့ မရနိုင်အဆုံးမှာ burmesevista.com မှ သီချင်းအပိုင်းအစ လုပ်ထားသော ဤကဗျာသီချင်းလေးကို youtube ကတဆင့် စာရေးသူရရှိခဲ့သည်..။ အခုခေတ် တေးသံရှင် ချမ်းချမ်းဆိုထားတာမို့ ကဗျာလေးက အသက်ဝင်သထက် အသက်ဝင်လာပြီး နားထောင်ရကောင်းသမို့ သီချင်းကဗျာလေးကို နားဆင်ရင်း အမေ့ရင်ခွင်နှင့် အိပ်ယာဝင် တေးကဗျာလေးကို ပြန်လည် အလွမ်းပြေ
နိုင်ပါစေလို့ ဆန္ဒပြုလျက် ကဗျာလေးနှင့်ဆက်စပ်လျက် တေးရုပ်သံကို ဖော်ပြပေးလိုက်ပါသည်..။
ချမ်းချမ်းဆိုထားသော ပုခက်လွှဲ ဇာတ်ဝင်တေးကဗျာ ရုပ်သံနားဆင်ကြည့်ရှုရန်..



ရွှမ်းသိင်္ဃ(တနင်္သာရီ)
၈-၃-၂၀၁၁
(ပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အမှတ်တရ)

0 comments:

Post a Comment